ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
သတင်းထောက် ၂ ဦးကို ဖမ်းဆီး ရိုက်နှက်ခဲ့တဲ့ BGF တပ်ဖွဲ့ဝင် ၅ ဦးကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ်တွေ ချမှတ်
ရန်ကုန်အခြေစိုက် Frontier Myanmar သတင်းဌာနက သတင်းထောက် နော်ဘက်တီဟန်နဲ့ Myanmar Times သတင်းဌာနက ဓာတ်ပုံသတင်းထောက် မားနော်တို့ကို ဖမ်းဆီး ရိုက်နှက်ခဲ့တဲ့ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ BGF က တပ်သား စောဓားဗိုလ်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် ၄ ဦးကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ်တွေ အသီးသီး ချမှတ်လိုက်တယ်လို့ BGF တပ်ဖွဲ့ ဗဟိုအကြံပေးနဲ့ ကွပ်ကဲရေးအဖွဲ့ မြဝတီမြို့ စည်းကမ်းထိန်းသိမ်းရေး ရုံးတာဝန်ခံ ဗိုလ်မှူး နိုင်မောင်ဇော်က ပြောပါတယ်။
"တပ်သား စောဓားဗိုလ်က BGF တပ်နယ်ထဲက လုံခြုံရေးအရ အုပ်ချုပ်ဖို့ ထားတဲ့ ခေါင်းဆောင်ဖြစ်တယ်၊ သူ့ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၆ လ ချလိုက်တယ်၊ တပ်ဖွဲ့ဝင် ၄ ဦးကိုတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ လ စီ ချလိုက်ပါတယ်" လို့ ဗိုလ်မှူး နိုင်မောင်ဇော်က ပြောပါတယ်။
သတင်းထောက် ၂ ဦးဟာ မတ်လ ၄ ရက်နေ့ ညနေပိုင်းက ကရင်ပြည်နယ်၊ မြဝတီမြို့ သောင်ရင်းမြစ်ဘေးက BGF ထိန်းချုပ်နယ်မြေထဲက သဲပုံဆိပ်မှာ ဆောက်လုပ်နေတဲ့ ကာစီနိုလုပ်ငန်း အဆောက်အအုံတွေကို ဓာတ်ပုံ ရိုက်နေစဉ် BGF တပ်ဖွဲ့ဝင်တွေက ဖမ်းဆီး ခေါ်ဆောင် ရိုက်နှက်ခံခဲ့ရတာ ဖြစ်ပါတယ်။
သူတို့တွေကို မျက်နှာတွေအုပ် ခေါ်ဆောင်ခဲ့ပြီး ရိုက်နှက်ခဲ့တာလို့ သတင်းထောက် ၂ ဦးလုံးက ပြောပါတယ်။ သတင်းထောက် မားနော်ကိုတော့ ပိုနှိပ်စက်ခဲ့တယ်လို့ နော်ဘက်တီဟန်က ဘီဘီစီကို ပြောထားပါတယ်။
သတင်းထောက် နော်ဘက်တီဟန်ဟာ BGF ထိန်းချုပ်ရာနယ်မြေက စီးပွားရေးလုပ်ငန်းတွေအကြောင်း သတင်းကို Frontier Myanmar မှာ ရေးသားခဲ့ဖူးသူလည်း ဖြစ်ပါတယ်။
ဒီကိစ္စကို သိသိချင်း အဆင့်ဆင့်တင်ပြ စုံစမ်းစစ်ဆေးခဲ့ပြီး သတင်းထောက် ၂ ဦးလုံးကို ပြန်လွှတ်ပေးခဲ့တယ်လို့ BGF ဘက်က ပြောပါတယ်။
"ခွင့်ပြုချက် မတောင်းဘဲ ရိုက်တာကတော့ မှားတာပေါ့၊ ကျွန်တော်တို့ဘက်ကလည်း အမှားရှိပါတယ်၊ အထက်ကို တင်ပြတာမရှိ၊ ကိုယ့်သဘောနဲ့ ကိုယ် ထိန်းသိမ်းလိုက်တာ ကိုယ်ထိလက်ရောက် ကျူးလွန်လိုက်တာတွေက ဥပဒေအရ ကြည့်မယ်ဆိုရင်တော့ မှားတာပေါ့" လို့ ဗိုလ်မှူး နိုင်မောင်ဇော်က ပြောပါတယ်။
"ဒါပေမဲ့ သက်ဆိုင်ရာ တပ်မှူး တပ်နယ်မှူးတွေက ညွှန်ကြားချက်တွေ မပါပါဘူး၊ ဗဟိုကလည်း ညွှန်ကြားတာ မဟုတ်တဲ့အတွက် နယ်ခြားစောင့်တပ် တခုလုံးအနေနဲ့တော့ ခြုံပြီးတော့ မမြင်စေချင်ဘူး" လို့ ဗိုလ်မှူး နိုင်မောင်ဇော်က ထပ်လောင်း ပြောပါတယ်။
တပ်မတော်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိတဲ့ နယ်ခြားစောင့်တပ်ဖွဲ့ BGF ကို ဗိုလ်မှူးကြီး စောချစ်သူက ဦးဆောင်နေတာဖြစ်ပြီး ကရင်ပြည်နယ်ထဲမှာ တရုတ်မြို့သစ် ရွှေကုက္ကို အိမ်ယာစီမံကိန်းနဲ့ ကာစီနို လောင်းကစား လုပ်ငန်းတွေမှာ ရင်းနှီးမြုပ်နှံမှုတွေ ရှိနေပါတယ်။
သတင်းထောက် ၂ ဦးကို ဖမ်းဆီးရိုက်နှက်ခဲ့တဲ့ အဖြစ်အပျက်မျိုး ထပ်မဖြစ်ဖို့ကိုတော့ ဗဟိုဌာနချုပ်ကနေ တပ်နယ် ၄ ခု၊ တပ်ရင်း ၁၃ ရင်းစီကိုလည်း အထူးတလည် အရေးကြီး ညွှန်ကြားချက် ထုတ်ထားပါတယ်လို့ BGF တပ်ဖွဲ့ဘက်က ပြောပါတယ်။
"ဒီလိုမျိုး ကိစ္စ ထပ်ဖြစ်လာမယ်ဆိုရင် လုံး၀ လုံးဝကို ခွင့်မလွှတ်ဘူးဆိုတဲ့ ညွှန်ကြားချက်တွေ ထုတ်ထားပြီးပါပြီ။ ဥပဒေနဲ့အညီ အထက်ကို တင်ပြပြီး ဆောင်ရွက်ဖို့ကိုလည်း လမ်းညွှန်ထားပါတယ်" လို့ BGF အဖွဲ့ရဲ့ မြဝတီမြို့ စည်းကမ်းထိန်းသိမ်းရေး ရုံးတာဝန်ခံ ဗိုလ်မှူး နိုင်မောင်ဇော်က ပြောပါတယ်။