ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တပ်မတော်နေ့စစ်ရေးပြ အခမ်းအနား ခေတ္တဆိုင်းငံ့ထားမယ်လို့ တပ်မတော်ကထုတ်ပြန်
ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ရောဂါ ဖြစ်ပွားမှုနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံမှာ အတည်ပြု လူနာ မတွေ့ရသေးပေမယ့် လက်ရှိ ကိုးရီးယား ၊ အီရန် နဲ့ အီတလီ တို့မှာ ရောဂါ ဖြစ်ပွားမှုနှုန်း တိုးလာနေသလိုမျိုး အခြေအနေကို ကာကွယ်တဲ့ အနေနဲ့ မတ်လ ၂၇ ရက်နေ့မှာ ကျင်းပမယ့် စိန်ရတု တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားကို ခေတ္တ ဆိုင်းငံ့ထားမယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။
တောင်ကိုရီးယားမှာ မတ်လ ၁ ရက် ထုတ်ပြန်ချက် အရ COVID-19 ရောဂါ နဲ့ သေဆုံးသူ ၂၁ ရှိသွားပြီ ဖြစ်ပြီး ကိုရိုနာ ဗိုင်းရပ်စ်ပိုး တွေ့ရသူ အယောက် ၃၇၃၀ ရှိသွားပြီ ဖြစ်ပါတယ်။
အလားတူ အီရန် နဲ့ အီတလီ တို့မှာလည်း ရောဂါပိုး ပြန့်ပွားမှု တမဟုတ်ချင်း မြင့်တက်လျက် ရှိပါတယ်။
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလမှာ စတင်ဖြစ်ပွားခဲ့တဲ့ COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဇန်နဝါရီလ ၃၀ ရက်နေ့မှာ အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေ (Public Health Emergency of International Concern) အဖြစ်ကြေငြာခဲ့ပါတယ်။
အခုလို အချိန်၊ နေရာမရွေး၊ လူအများဆီ ကူးစက် မြန်မာနိုင်ငံမှာ ဖြစ်ပွားမှု ရှောင်ရှား နိုင်ဖို့ လူစုလူဝေးရာ နေရာတွေကို အတတ်နိုင်ဆုံး ရှောင်ကြဉ် ကြဖို့ ၊ မဖြစ်မနေကျင်းပရမည့် လူစုလူဝေးနှင့် ပွဲလမ်းသဘင် များကိုသာ ပြုလုပ်ဖို့နဲ့ အကယ်၍ ပွဲလမ်းသဘင်များ မလွှဲမရှောင်သာ ကျင်းပရမယ် ဆိုရင် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ရောဂါ ကာကွယ်ရေး၊ ကျန်းမာရေး အသိပညာပေးနှိုးဆော်ချက်တွေကို တိတိကျကျ လိုက်နာဖို့ အသိပေး နှိုးဆော်ထားပါတယ်။
ဒါ့အပြင် COVID-19 ရောဂါကို ကူးစက်မြန်ရောဂါ (သို့မဟုတ်)တိုင်ကြားရမည့် ကူးစက်ရောဂါအဖြစ် ကျန်းမာရေးနဲ့ အားကစား ၀န်ကြီးဌာနက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့က သတ်မှတ် ထုတ်ပြန်ခဲ့ပါတယ်။
ဒါကြောင့် မတ်လ ၂၇ ရက်နေ့မှာ ကျင်းပမယ့် စိန်ရတုတပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားကို ခေတ္တဆိုင်းငံ့ထားမှာ ဖြစ်ပြီး WHO နဲ့ နိုင်ငံတကာ က COVID-19 ကူးစက်မြန်ရောဂါ ထိန်းချုပ်နိုင်မှုနဲ့ ပတ်သက်လို့ တစ်စုံတစ်ရာထုတ်ပြန်တဲ့ အခါမှသာ စိန်ရတုတပ်မတော်နေ့ စစ်ရေးပြ အခမ်းအနား ကျင်းပနိုင်ဖို့ ဆက်လက် စီမံဆောင်ရွက် သွားမယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့က ကြေညာချက် ထုတ်ထားပါတယ်။