ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဗိုလ်ချုပ်မှူးကြီး မတက်နိုင်တဲ့ တပ်မတော်နေ့
ဖက်ဆစ်တော်လှန်ရေး စတင်ခဲ့တဲ့နေ့ကို အမှတ်တရ အဖြစ် ရန်ကုန်က ဗိုလ်ချုပ်အောင်ဆန်းတို့ စစ်ထွက်ခဲ့တဲ့ကွင်းကို တော်လှန်ရေး ပန်းခြံအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။
အရင်က ဒီပန်းခြံမှာ တော်လှန်ရေးနေ့ ကျင်းပတဲ့အခါ တော်လှန်ရေးကာလက စစ်သည်တွေ မြို့ရွာတွေ ဝင်လာတဲ့အချိန်ကို ပြန်သတိရစေလိုတဲ့အတွက် မီးတုတ်တွေ ကိုင်ပြီး ချီတက်လာတတ်ပါတယ်။=
၁၉၅၅ မှာ တပ်မတော်နေ့အဖြစ် ဒီနေ့ကို စတင်ကျင်းပခဲ့ပြီး ၁၉၈၈ နောက်ပိုင်းမှာ ပိုပြီး ခမ်းနားစွာ ကျင်းပခဲ့ပါတယ်။
နေပြည်တော်ကို မြို့တော် ရွှေ့ပြီးနောက်မှာတော့ နေရာသစ်မှာ ပြောင်းပြီး ကျင်းပခဲ့ပါတယ်။
ဒီနှစ် ရခိုင်တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာ ကျင်းပတဲ့ စစ်ရေးပြပွဲကို ကာကွယ်ရေး ဦးစီးချုပ် ကျန်းမာရေးကြောင့် မတက်နိုင်ခဲ့ပါဘူး။
ဒါပေမဲ့ နေပြည်တော်က စစ်ရေးပြကွင်းမှာတော့ ခါတိုင်းနှစ်တွေလိုပဲ စည်ကားကြီးကျယ်စွာ ကျင်းပပါတယ်။
အရင်က တော်လှန်ရေးနေ့အမှတ်တရ ကျင်းပခဲ့တဲ့ စစ်ရေးပြပွဲတွေဟာ နေပြည်တော်ကို ရွှေ့ပြောင်းနောက်ပိုင်းမှာ လက်နက်ကြီးတွေ လေယာဉ်တွေနဲ့ စစ်အင်အား ခင်းကျင်းပြတဲ့ပုံစံ သဘော ပိုဆောင်လာပါတယ်။
တခြားနိုင်ငံတွေက အလားတူ တပ်မတော်နေ့ အင်အားပြပွဲ၊ နိုင်ငံအင်အားပြပွဲတွေနဲ့ တူလာတာပါ။
မြန်မာနိုင်ငံမှာ အနှစ် ၇ဝ ကျော် ပြည်တွင်းစစ်က မပြီးသေးလို့ ဒီအင်အားတွေကို ဘယ်သူတွေ အတွက် ရည်ရွယ်တာလဲ ဆိုတာက ပြောစရာ ဖြစ်ပါတယ်။
နေပြည်တော်မှာ ရှိတဲ့ စစ်ဘုရင်သုံးပါးရဲ့ အရုပ်တွေကလည်း မြန်မာနိုင်ငံမှာ တန်ခိုးကြီးခဲ့တဲ့ မြန်မာမင်းဆက်တွေကို ပြန်ပြောင်းသတိရတဲ့ သဘောဆောင်ပါတယ်။
ဒီအတွက် ဒီစစ်ဘုရင်တွေ သိမ်းပိုက် အုပ်ချုပ်ခဲ့တဲ့ လူမျိုးစု တွေဘက်က ဒီရုပ်တုတွေကို နှစ်လိုပါမလား မေးစရာ ဖြစ်ပါတယ်။
ပြည်နယ်တွေမှာ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တွေ ဆောက်တာကို ကန့်ကွက်နေကြချိန်မှာ မြန်မာပြည်မက မြို့တွေမှာရော လူနည်းစု ခေါင်းဆောင်တွေရဲ့ ရုပ်တုတွေ မထားသင့်ဘူးလား မေးခွန်းထုတ်စရာ ဖြစ်စေပါတယ်။