လပွတ္တာက ကလေးအလုပ်သမားကို မီးရှို့တယ်ဆိုတဲ့ ဆိုင်ရှင်အမျိုးသမီးကို ဖမ်းဆီးအမှုဖွင့်

ဓာတ်ပုံ ရင်းမြစ်, AFP/ Getty Images
ဧရာဝတီတိုင်း လပွတ္တာမြို့နယ်က ထမင်း၊ဟင်းနဲ့ ရခိုင်မုန့်တီဆိုင်က အသက် ၁၂နှစ် ဆိုင်အလုပ်သမား မီးရှို့ခံရတယ်ဆိုပြီး တိုင်တန်းမှုကြောင့် သံသယတရားခံ ဆိုင်ရှင် အမျိုးသမီးကို ဖေဖော်ဝါရီ ၂၄ ရက်မှာ အမှုဖွင့် အရေးယူထားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
မောင်ဖိုးစနေ ခေါ် မောင်ထက်စည်သူအောင်ဟာ မီးရှို့နှိပ်စက်ခံရတဲ့ ဒဏ်ရာတွေကြောင့် လပွတ္တာမြို့နယ်ဆေးရုံကနေ ရန်ကုန် ပြည်သူ့ဆေးရုံကြီးကို ပြောင်းရွှေ့ ကုသနေရပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကလေးမိဘတွေက အမှုဖွင့်တိုင်တန်းတာမျိုး မရှိပေမယ့် တရားလိုပြုလုပ် တိုင်ကြားသူ ရှိခဲ့တာကြောင့် အခုလို အရေးယူခဲ့တာလို့ ရဲတပ်ဖွဲ့ထံက သိရပါတယ်။
လပွတ္တာမြို့နယ်က ရခိုင်မုန့်တီဆိုင်တစ်ခုက ဆိုင်အလုပ်သမား ကလေးဟာ ဖေဖော်ဝါရီ ၁၉ ရက် ညပိုင်းက မျက်နှာနဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတချို့မှာ အပြင်းအထန် လောင်ကျွမ်းထားတဲ့ ဒဏ်ရာတွေနဲ့ လပွတ္တာဆေးရုံကို တက်ရောက်ခဲ့ရတာ ဖြစ်ပါတယ်။
ဒဏ်ရာတွေနဲ့ပတ်သက်ပြီး မိသားစုဝင်တွေဘက်က အခုချိန်ထိ ရဲကို တစ်စုံတစ်ရာ တိုင်တန်းအမှုဖွင့်တာမျိုး မရှိခဲ့ဘူးလို့ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ဒုရဲမှူးကြီး ထွန်းရွှေက ပြောပါ တယ်။
မိသားစုဝင်တွေဘက်က အမှုမဖွင့်ခဲ့ပေမယ့် ဧရာဝတီတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင် ဦးမြင့်ဌေးက တရားလိုပြုလုပ်ပြီး အမှုဖွင့်ခဲ့တဲ့အတွက် ဆိုင်ရှင်ဖြစ်သူ ဒေါ်ချိုချိုစန်းကို ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ သွားရောက်ဖမ်းဆီးပြီး ရမန်ရယူ ချုပ်နှောင်စစ်ဆေးနေတယ်လို့ ဒုရဲမှူးကြီး ထွန်းရွှေက ပြောပါတယ်။
ဆိုင်ရှင်ကို အပြင်းအထန်နာကျင်စေမှု ရာဇသတ်ကြီး ပုဒ်မ ၃၂၆ နဲ့ အမှုဖွင့်ထားပါတယ်။
ဒီအမှုဟာ မိသားစုဝင်တွေဘက်က တရားစွဲလိုတဲ့ ဆန္ဒမျိုးမရှိပေမယ့် မိသားစုတွေဘက်က ကျေအေးပေးလို့ ရတဲ့ အမှုမျိုးမဟုတ်ဘူးလို့ ဒုရဲမှူးကြီး ထွန်းရွှေက ပြောပါတယ်။
ကလေးရဲ့ ဒဏ်ရာတွေဟာ မသက်သာတဲ့အတွက် ဖေဖော်ဝါရီ ၂၄ရက်ညပိုင်းမှာတော့ လပွတ္တာဆေးရုံ ကနေ ရန်ကုန်ဆေးရုံကြီးကို ပြောင်းရွှေ့ပြီး ကုသနေရပါတယ်။
ရန်ကုန်ဆေးရုံကြီးမှာ ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့သူ လူမှုကူညီရေးဆောင်ရွက်နေတဲ့ မရွှေကြာက ဒဏ်ရာရရှိထားတဲ့ ကလေးရဲ့ အခြေအနေ နဲ့ ပတ်သက်ပြီး "ပို့လာတုန်းကတော့ စကားက ယဲ့ယဲ့ပဲပြောတာ။ နာတယ်၊ နာတယ်၊ မထိနဲ့၊ မထိနဲ့ ဒီစကားပဲ ပြောတယ်"
"နားနဲ့ မျက်နှာ နှစ်ခြမ်းလုံးကတော့ စိုစိပြီး အရည် တရွှဲရွဲပေါ့။ လက်တွေက ပတ်တီးစည်းထားတာ"
"ကျွန်မတို့ မြင်ရတာကတော့ မျက်နှာပဲ။ မျက်နှာ နှစ်ခြမ်းကတော့ တော်တော်ဆိုးဆိုးဝါးဝါးပေါ့"
"အခုကတော့ သူ့ကို ခွဲစိတ်ဆောင်မှာထားတယ်။ ဒါပေမဲ့ မီးလောင်ထားတဲ့ လူနာဖြစ်တဲ့အတွက် သူ့ကို Burn unit ကို အခန်းလွတ်တာနဲ့ ပို့မှာ" လို့ ပြောပါတယ်။
ကလေးအခု ရရှိထားတဲ့လောင်ကျွမ်းဒဏ်ရာတွေနဲ့ပတ်သက်ပြီး မိသားစုဝင်တွေဘက်က ရဲတိုင်အမှု ဖွင့်တာမျိုးမရှိခဲ့သလို ဆေးရုံစတက်စဉ်ကလည်း မီးလောင်ခံရတာလို့ ပြောကြားခြင်းမရှိဘဲ ဟင်းရည်အိုး မှောက်ကျလို့ အပူလောင်တာဆိုပြီး ပြောဆို တက်ရောက်ခဲ့တာဖြစ်တယ်လို့ လပွတ္တာမြို့ခံတချို့ က ပြောပါ တယ်။
မီးလောင်ခံရတဲ့ ကလေးငယ်ဟာ ဆိုင်အလုပ်သမားအဖြစ် လုပ်ကိုင်ရာက ဒဏ်ရာရခဲ့တာလို့ သိရလို့ ငွေကြေး ကူညီဖို့ ကြိုးစားခဲ့ပေမယ့်လည်း အတူပါလာသူတချို့ကငြင်းဆန်ခဲ့တယ်လို့လည်း မရွှေကြာက ပြောပြ ပါတယ်။
ဒါပေမဲ့ ကလေးရဲ့ အခြေအနေကို မျက်ခြည်မပြတ် စုံစမ်းမေးမြန်းကြည့်နေတယ်လို့ သူက ပြောပါတယ်။
ဆိုင်ရှင်ကို ဖွင့်ထားတဲ့ ပုဒ်မ ၃၂၆ ဟာ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၁၀ နှစ်ကနေ သေဒဏ်အထိ အမြင့်ဆုံးကျခံရမယ့် ပုဒ်မ ဖြစ်ပါတယ်။








