ရန်ကုန်သံဈေး မီးလောင်မှု ၃နာရီကျော်ငြှိမ်းသတ်ရ၊ပိတ်မိနေသူ ၈၅ဦးကို ကယ်ထုတ်နိုင်ခဲ့

ပိတ်မိနေသူ ၈၅ဦးကို ကယ်ထုတ်နိုင်ခဲ့

ဓာတ်ပုံ ရင်းမြစ်, ShweInntharKhinMgWin

ဓာတ်ပုံ ပုံစာ, ပိတ်မိနေသူ ၈၅ဦးကို ကယ်ထုတ်နိုင်ခဲ့
ရေးသားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ (၂)ရပ်ကွက်၊ လမ်းမတော်လမ်း၊ သံဈေးမှာ ဒီကနေ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့ မနက်အစောပိုင်းမှာ မီးလောင်ကျွမ်းမှုဖြစ်ပွားရာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က Level 5 အထိ သတ်မှတ်ပြီး အချိန် ၃နာရီကျော် ငြှိမ်းသတ်ခဲ့ရပါတယ်။

မျက်မြင်တွေ့ရှိသူ ဈေးသည်တချို့ရဲ့ ပြောကြားချက်အရ မနက် ၅နာရီ ၄၅မိနစ်ခန့်ကတည်းက မီးခိုးတွေ ထွက်ကာ မီးစတင်လောင်ကျွမ်းတာကို တွေ့ခဲ့ရပြီး ၃လွှာနဲ့ ၄လွှာမှာရှိတဲ့ ပစ္စည်းထားရှိရာ ဂိုဒေါင်တွေ မီးလောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

'' လှမ်းကြည့်တော့ မှန်တွေပိတ်ထားတော့ မတွေ့ရဘူး။ မီးသတ်ကားတွေ ရောက်လာပြီး မှန်တွေ ခွဲထုတ် လိုက်မှ မီးခိုးတွေ ထွက်လာတာ။ ပိတ်မိနေတဲ့သူတွေကို နည်းနည်းတော့ ကြာတာပေါ့။ ဓာတ်လှေကား တွေပါ အကုန်ပိတ်ထားပြီး လှေကားတွေကလည်း ဆင်းလို့မရတော့တော့ ပိတ်မိနေကြတာပေါ့'' လို့ သံဈေး အနီးက ဈေးသည်တစ်ဦးဖြစ်တဲ့ မမြင့်မြင့်ဌေးက ဘီဘီစီကို ပြောပြပါတယ်။

၇နာရီ ၄၅ မိနစ်မှာတော့ အမြင့်ဆုံးအဆင့်ဖြစ်တဲ့ Level 5 အဆင့်ထိတိုးမြှင့်သတ်မှတ်ပြီး ငြှိမ်းသတ်ခဲ့ရ

ဓာတ်ပုံ ရင်းမြစ်, ShweInntharKhinMgWin

ဓာတ်ပုံ ပုံစာ, ၇နာရီ ၄၅ မိနစ်မှာတော့ အမြင့်ဆုံးအဆင့်ဖြစ်တဲ့ Level 5 အဆင့်ထိတိုးမြှင့်သတ်မှတ်ပြီး ငြှိမ်းသတ်ခဲ့ရ

မနက် ၆နာရီ ၅မိနစ်ခန့်ကနေ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က Level 1 အဆင့်သတ်မှတ်ပြီး မီးသတ်ယာဉ် အုပ်စုများ ထွက်ခွာငြှိမ်းသတ်ခဲ့ရာက လောင်ကျွမ်းနေတဲ့အထပ်တွေမှာ မွေ့ရာ၊ စောင်၊ခြင်ထောင်နဲ့ တခြား လောင်ကျွမ်းလွယ်တဲ့ သိုလှောင်ကုန်တွေ ရှိနေတာ ဖြစ်တဲ့ အတွက် မီးငြှိမ်းသတ်ရေး အဆင့်ကို အဆင့်ဆင့် တိုးမြှင့်ကာ ၇နာရီ ၄၅ မိနစ်မှာတော့ အမြင့်ဆုံးအဆင့်ဖြစ်တဲ့ Level 5 အဆင့်အထိ တိုးမြှင့်သတ်မှတ်ပြီး ငြှိမ်းသတ်ခဲ့ရပါတယ်။

'' မီးကတော်တော်လေးများတော့ Level 5အထိ သတ်မှတ်ပြီး ငြှိမ်းသတ်ခဲ့ရတယ်။ ဆက်စပ်နယ်မြေတွေ ကနေလည်း အထောက်အကူပြု ရေသယ်ယာဉ်တွေခေါ်ပြီး ငြှိမ်းသတ်ရတယ်။ ပိတ်မိနေသူတွေအတွက်ကို အောက်က ၃လွှာ၊၄လွှာ၊ ၅လွှာနဲ့ ၆လွှာကို ငြှိမ်းသတ်ပြီး ကယ်ထုတ်ဖို့ ကြိုးစားနေတာ။ Level 5အထိက တော်ရုံ သတ်မှတ်တာ မဟုတ်ဘူး။ အရမ်းစိုးရိမ်ရတဲ့အချိန်မှ သတ်မှတ်ရတာ။''ဟုLevel 1 အဆင့်ကတည်းက လာရောက် ငြှိမ်းသတ်ခဲ့ရတဲ့ သာကေတမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးခိုင်ထွန်းက မီးငြှိမ်းသတ်ရတဲ့ အခြေအနေကို ပြောပြပါတယ်။

မနက် ၉နာရီ ၁၀ မိနစ်မှာတော့ မီးငြှိမ်းသတ်နိုင်ခဲ့ပြီး အထူးကယ်ဆယ်ရေးအဖွဲ့ရဲ့ကယ်ထုတ်မှုနဲ့ ဓာတ်လှေ ကားအတွင်းပိတ်မိနေသူတွေနဲ့ အထပ်မြင့်အလွှာတွေမှာ ပိတ်မိသူတွေ အပါအဝင် စုစုပေါင်း ၈၅ ဦးနဲ့ အိမ်မွေးခွေးတစ်ကောင်ကိုပါ ကယ်ထုတ်နိုင်ခဲ့ပါတယ်။

မျက်မြင်တွေ့ရှိသူဈေးသည်အချို့ရဲ့ ပြောကြားချက်အရ မနက် ၅နာရီ ၄၅မိနစ်ခန့်ကတည်းက မီးခိုးတွေ ထွက်ကာ မီးစတင်လောင်ကျွမ်းတာကိုတွေ့ခဲ့ရ

ဓာတ်ပုံ ရင်းမြစ်, ShweInntharKhinMgWin

ဓာတ်ပုံ ပုံစာ, မျက်မြင်တွေ့ရှိသူဈေးသည် တချို့ရဲ့ ပြောကြားချက်အရ မနက် ၅နာရီ ၄၅မိနစ်ခန့်ကတည်းက မီးခိုးတွေ ထွက်ကာ မီးစတင်လောင်ကျွမ်းတာကိုတွေ့ခဲ့ရ

'' ခရီးသွားမယ်ဆိုပြီး ဘယ်မှမသွားဘဲ နေရာက အခန်းမှာပဲပိတ်မိသွားတာ။ မီးခိုးတွေက တော်တော်လေး ထွက်နေတာ။ စောစောလေးကမှ ဆင်းလာလို့ရတာ။ကျွန်မတို့အခန်းမှာ လူ ၇ ယောက်ရှိတာ အခုတော့ အကုန်လုံးအောက်ကိုရောက်လာပါပြီ'' လို့ ၈လွှာမှာ ပိတ်မိနေသူတစ်ဦးက မနက် ၉နာရီဝန်းကျင်က ဘီဘီစီကို ပြောပါတယ်။

ကယ်ထုတ်နိုင်ခဲ့သူ ၈၅ ဦးအနက် အသက်အရွယ်ကြီးရင့်သူတချို့၊ရင်ကြပ်ရောဂါအခံရှိသူတချို့နဲ့ မီးခိုးမွှန် အသက်ရှုကြပ်ပြီး ကုသမှုခံယူဖို့လိုအပ်သူ၁၆ ဦးကိုတော့ ဆေးရုံပို့ဆောင်ပေးထားတယ်လို့ လင်းလက်လူမှု ကူညီရေးအသင်းက မလင်းလက်က ဘီဘီစီကို ပြောပါတယ်။

' ' ကျွန်မတို့ ခေါင်မိုးပေါ်က ကယ်တဲ့ ၁၅ ယောက်ရော၊ ဆေးရုံရောက်တဲ့ ၁၆ ယောက်ရော အားလုံးက သက်သာပါတယ်။ သေဆုံးသူမရှိပါဘူး။ အပြင်မှာအောက်ဆီဂျင်ရှုဖို့လိုတဲ့သူ ၈ဦးကိုလည်း အောက်ဆီဂျင် ပေးထားပါတယ်''လို့ မီးလောင်မှုအတွင်းက ကယ်ထုတ်လာခဲ့သူတွေရဲ့ အခြေအနေကို မလင်းလက်က ပြော ပါတယ်။

အမြင့်ဆုံးအဆင့်ဖြစ်တဲ့ Level 5 အဆင့်ထိတိုးမြှင့်သတ်မှတ်ပြီး ငြှိမ်းသတ်ခဲ့ရ

ဓာတ်ပုံ ရင်းမြစ်, ShweInntharKhinMgWin

ဓာတ်ပုံ ပုံစာ, အမြင့်ဆုံးအဆင့်ဖြစ်တဲ့ Level 5 အဆင့်ထိတိုးမြှင့်သတ်မှတ်ပြီး ငြှိမ်းသတ်ခဲ့ရ

မီးအတွင်း ပိတ်မိရာက ပြန်လွတ်လာသူတွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး '' ကျွန်တော်တို့ ကယ်ထုတ်ပေးနိုင်ခဲ့တာကတော့ လမ်းမတော်ဘက် မျက်နှာစာဘက်ကနေ ၆၃ ယောက်ကို ကယ်ထုတ်နိုင်တယ်။ ၁၈လမ်းဘက်ခြမ်းကနေ ၁၉ ယောက် ထုတ်ပေးနိုင်ခဲ့တယ်။ ဆေးရုံကိုလည်း ၁၄ ယောက် ပို့လိုက်ရတယ်။ ကျွန်တော်တို့ ဒီကနေ ကယ်ထုတ်တာတော့ အကုန်လုံး အသက်ရှင်လျက်ပဲ သေဆုံးသူ မရှိဘူး''လို့ ပိတ်မိသူတွေကို ကယ်ထုတ်ရာ မှာ ကိုယ်တိုင်ပါဝင်ကူညီခဲ့သူတစ်ဦးဖြစ်တဲ့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့( ရန်ကုန်) ရဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်း ဦးက ဘီဘီစီကို ပြောပါတယ်။

ရန်ကုန်သံဈေး မီးလောင်ကျွမ်းမှုနဲ့ ပတ်သက်ပြီး မီးစတင်လောင်ကျွမ်းရတဲ့အကြောင်းအရင်းနဲ့ ဆုံးရှုံးမှုတန်ဖိုးကို စိစစ်နေဆဲဖြစ်ပြီး တရားဝင်ထုတ်ပြန်ခြင်းတော့ မရှိသေးပါဘူး။

ရန်ကုန်မြို့မှာ မနေ့က ဖေဖော်ဝါရီ ၁၉ ရက်နေ့ကလည်း မင်္ဂလာတောင်ညွှန့်မြို့နယ် ၉၇လမ်းက နေအိမ်တိုက်ခန်းတစ်လုံးမှာ မီးလောင်မှုတစ်ခု ဖြစ်ခဲ့ပြီး အဲဒီမီးလောင်မှုကြောင့် ကလေးငယ်တစ်ဦးနဲ့ အမျိုးသမီး ၂ဦးသေဆုံးခဲ့ရပါတယ်။