ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တပ်ပိုင် မိုင်တဲလ်နဲ့ ဗီယက်တဲလ်ကုမ္ပဏီတွေနဲ့ဆက်စပ်နေတဲ့ အကောင့်နဲ့ စာမျက်နှာတွေကို ဖေ့စ်ဘွတ်ကနေဖယ်ရှား၊ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်ရက်တည်း လူ ၂၄၂ဦး သေဆုံးအပါအဝင် မနက်ခင်းသတင်းများ
မိုင်တဲလ်နဲ့ ဗီယက်နမ်အစိုးရပိုင် ဗီယက်တဲလ် ကုမ္ပဏီတွေနဲ့ ဆက်နွယ်နေတဲ့အကောင့်တွေနဲ့ ပေ့ချ်တွေကို ဖေ့စ်ဘွတ်ကနေ ဖယ်ရှား
တပ်မတော်က အစုရှယ်ယာပါတဲ့ မိုင်တဲလ်နဲ့ ဗီယက်နမ် အစိုးရပိုင် ဗီယက်တဲလ်ဆက်သွယ်ရေး ကုမ္ပဏီ တွေနဲ့ ပတ်သက်ဆက်သွယ်နေတဲ့ ဖေ့ဘွတ်အကောင့် ၁၃ခုနဲ့ ပေ့ချ် ၁၀ ခုကိုဖယ်ရှားလိုက်တယ်ဆိုပြီး ဖေ့စ်ဘွတ်က သတင်းထုတ်ပြန်လိုက်ပါတယ်။
အဲဒီအကောင့်တွေနဲ့ ပေ့ချ်တွေကို ဖွင့်ထားတဲ့ပိုင်ရှင်တွေဟာ ဘယ်သူတွေလဲ ဘာတွေလုပ်နေလဲဆိုတဲ့ မူလဇစ်မြစ်တွေကိုဖုံးကွယ်ထားကြပြီး အချင်းချင်း ချိတ်ဆက်လှုပ်ရှားကာ မရိုးမသား သတင်းမှားတွေ ဖြန့်ချိ ခဲ့တာဆိုပြီး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဖေ့စ်ဘွတ်ကနေ အရင်ကလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ စာမျက်နှာတွေကိုပါ ဖယ်ရှားခဲ့ဖူးပါတယ်။
အပစ်ရပ်ထားတဲ့ တပ်မတော်နဲ့ ကေအန်ယူအကြား ပစ်ခတ်မှုတွေ ပြန်ဖြစ်နေ
အခုရက်ပိုင်းမှာ ကရင်ပြည်နယ်မြောက်ပိုင်းက ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူ တပ်မဟာ ၅ နယ်မြေမှာတချို့မှာ တပ်မတော်က လက်နက်ကြီးတွေနဲ့ ခပ်စိပ်စိပ်ပစ်ခတ်တာတွေရှိနေပြီး မြေပြင်မှာ လည်း တပ်ဖွဲ့ဝင်တွေက အပြန်အလှန်တိုက်ခိုက်မှုတွေရှိနေတယ်လို့ သိရပါတယ်။
မြန်မာ့တပ်မတော်ဘက်ကတော့ ကေအန်ယူတပ်ဖွဲ့ဝင်တွေ အရင်ပစ်ခတ်ခဲ့လို့ အခုလို ပစ်ခတ်မှုတွေ လုပ်တာ ဖြစ်တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ကပြောပါတယ်။
'' လမ်းလုံခြုံရေးဆောင်ရွက်နေတဲ့ တပ်မတော်စစ်ကြောင်းတခုကို ကေအင်န်ယူဘက်က ၂၀လောက်က ၄၀ မီလီမီတာဗုံးပစ်လောင်ချာတွေနဲ့ ချောင်းမြောင်းပစ်ခတ်တာတွေရှိတယ်။ အဲ့ဘက်က စပစ်ရင်တော့ ကျွန်တော်တို့ဘက်က လုံခြုံရေးအရ ပြန်ပစ်တာတော့ရှိပါလိမ့်မယ်။ ရိက္ခာပို့တဲ့လုပ်ငန်းက စစ်ဆင်ရေးနဲ့ ဆိုင်တဲ့လုပ်ငန်းမဟုတ်ဘူး။ အုပ်ချုပ်မှုနဲ့ဆိုင်တဲ့လုပ်ငန်းပဲ။ ဒါတွေကိုဆောင်ရွက်တာကို တစ်ဖက်နဲ့တစ်ဖက် က နားလည်မှုရှိဖို့လိုပါတယ်။''လို့ ဖေဖော်ဝါရီ ၁၁ ရက်နေ့က ထပ်ဖြစ်ခဲ့တဲ့ ပစ်ခတ်မှုတွေအပေါ် ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ကပြောပါတယ်။
အပစ်ရပ်ထားတဲ့ ကေအန်ယူရဲ့ တပ်မဟာ ၅ နယ်မြေမှာ မကြာခင်ကလည်း တပ်မတော်က ဒရုန်းကို လွှတ်ပြီး တပ်မဟာ ၅ နယ်မြေကို ဓာတ်ပုံရိုက်ကူးတာတွေလည်းရှိခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာ လှေနစ်မြုပ်လို့သေသွားတဲ့ ရိုဟင်ဂျာ ၁၆ဦးထဲမှာ မြန်မာကထွက်ပြေးသွားသူ တွေလည်း ပါတယ်လို့ ဒုက္ခသည်တွေပြော
ရိုဟင်ဂျာဒုက္ခသည်တွေအပါအဝင် လူ ၁၃၀ ကျော် တင်ဆောင်လာတဲ့ လှေတစင်း ဘင်္ဂလားဒေ့ရှ် တောင်ပိုင်းကမ်းခြေနားမှာ နစ်မြုပ်သွားတဲ့အတွက် အနည်းဆုံး လူ ၁၆ ယောက် ရေနစ်သေဆုံးသွားတယ် လို့ ဘင်္ဂလားဒေ့ရှ်အစိုးရ အရာရှိတွေက ပြောပါတယ်။
လှေပေါ်မှာ အမျိုးသမီး၊ ကလေးတွေအပါအဝင် လူတစ်ရာကျော် ပါလာပြီး အဲဒီအထဲမှာ မြန်မာနိုင်ငံက ထွက်ပြေးသွားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကူတူပါလောင်ဒုက္ခသည်စခန်းမှာနေထိုင်တဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေလည်းပါ သွားတယ်လို့ ဒုက္ခသည်အချို့ကပြောပါတယ်။
အဲဒီလှေထဲမှာ ညီမသုံးယောက်ပါသွားတဲ့ ကူတူပါလောင်ဒုက္ခသည်စခန်းက ရိုဟင်ဂျာတစ်ယောက် ပြောပြတာကို စစ်တွေမြို့က ရိုဟင်ဂျာဒုက္ခသည်တစ်ယောက်က ဘီဘီစီကို ပြောပြပါတယ်။
'' မလေးရှားရောက်ရင် လက်ထပ်ပေးမယ်၊ အလုပ်အကိုင်တွေရမယ်ဆိုပြီး ပွဲစားတွေကမက်လုံးပေးခဲ့ တယ်လို့ လှေပေါ်ပါသွားတဲ့ ညီမဖြစ်သူတွေဆီကပြန်သိရတယ်'' လို့ သူကတဆင့်ပြန်လည်ပြောပြပါတယ်။
ဒီအစီအစဉ်ကို အကိုဖြစ်သူကိုမပြောပြပဲ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ပွဲစားအချိတ်အဆက်နဲ့ မလေးရှားနိုင်ငံ ကိုသွားဖို့ အိမ်ကနေတိတ်တဆိတ်ထွက်သွား ကြတယ်လို့ အကိုဖြစ်သူကပြောပါတယ်။
လှေစီးဒုက္ခသည်တွေဟာ ဘင်္ဂလားဒေ့ရှ်သာမက မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ် စစ်တွေမြို့က ရိုဟင်ဂျာဒုက္ခ သည်တွေလည်း အလုပ်အကိုင်တွေရဖို့ မလေးရှားနိုင်ငံကို လှေစီးထွက်သွားကြတာ တွေရှိပါတယ်။
ဟူဘေးပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်ရက်တည်း လူ ၂၄၂ဦး သေဆုံး
ဖေဖော်ဝါရီ ၁၂ ရက်နေ့က တရုတ်နိုင်ငံ ဟူဘေးပြည်နယ်မှာ လူ ၂၄၂ဦးအထိသေဆုံးခဲ့ပြီး ဒါဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးအသစ်ကြောင့် သေဆုံးမှုအများဆုံးနေ့တနေ့ဖြစ်ခဲ့ပါတယ်။
ဒါ့အပြင် ဒီရောဂါပိုးသစ်ကြောင့် သေဆုံးသူဦးရေဟာ ၁၃၅၀ ဦးထိရှိလာပြီး ကူးစက်ခံထားရသူ အရေအတွက်ဟာ ခြောက်သောင်းနီးပါးအထိရှိလာပြီဖြစ်ပါတယ်။
လက်ရှိမှာတော့ ဒီရောဂါပိုးသစ်ကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO က ဆွစ်ဇာလန် နိုင်ငံ ဂျနီဗာမှာ နှစ်ရက်တာ ပြုလုပ်ခဲ့တဲ့ နိုင်ငံတကာ ဆွေးနွေးပွဲကနေ ကိုရိုနာ ဗိုင်းရပ်စ်သစ်ကို ကိုဗစ်- ၁၉ (Covid - 19) လို့ နာမည်ပေးခဲ့ပါတယ်။
Corona က Co၊ Virus က Vi၊ Disease က D နဲ့ ရောဂါစတင် တွေ့ရှိခဲ့တဲ့ 2019 က 19 တို့ကို ရည်ညွှန်းပြီး Covid - 19 လို့ နာမည်ပေးခဲ့တာဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာ လိင်အလုပ်သမတစ်ဦးရဲ့ ဈာပနကို ပထမဆုံးအကြိမ် ပြုလုပ်
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လိင်အလုပ်သမတစ်ဦးရဲ့ ဈာပနကို ပထမဆုံးအကြိမ်ပြုလုပ်ခဲ့ကြပါတယ်။
အသက် ၆၅ နှစ်အရွယ် ဟာမီဒါဘေဂမ်ဟာ Daulatdia ပြည့်တန်ဆာအိမ်မှာ အလုပ်လုပ်ခဲ့သူဖြစ်ပါတယ်။
ပြည့်တန်ဆာလုပ်ငန်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တရားဝင်ခွင့်ပြုထားတာဖြစ်ပေမယ့် အစောပိုင်းတွေတုံးက အစ္စလာမ္မစ်ခေါင်းဆောင်တွေဟာ ပြည့်တန်ဆာတွေရဲ့ ဈာပနအခမ်းအနားတွေလုပ်ဖို့ လက်မခံခဲ့ပါဘူး။
ပြည့်တန်ဆာတွေသေဆုံးရင် အုတ်ဂူလုပ်ပေးတာ၊ ဂါရဝပြုတာတွေလုပ်လေ့မရှိဘဲ ဒီအတိုင်း စွန့်ပစ် လေ့ရှိတာဖြစ်ပါတယ်။