ရိုဟင်ဂျာတွေကို သယ်လာတဲ့ လှေမြုပ်လို့ အနည်းဆုံး ၁၄ ယောက်သေဆုံး

ဓာတ်ပုံ ရင်းမြစ်, Bangladesh Navy
ရိုဟင်ဂျာဒုက္ခသည်တွေပါ တင်ဆောင်လာတဲ့ လှေတစင်း ဘင်္ဂလားဒေ့ရှ် တောင်ပိုင်း ကမ်းခြေနားမှာ နစ်မြုပ်သွားတဲ့အတွက် အနည်းဆုံး လူ ၁၄ ယောက် ရေနစ်သေဆုံးသွားကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရ အရာရှိတွေက ပြောပါတယ်။
အဲဒီလှေဟာ မလေးရှားကို ထွက်ဖို့ရည်ရွယ်တာဖြစ်ပြီး ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေလည်း လှေပေါ်မှာ ပါတယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ဘီဘီစီကို ပြောပါတယ်။
ပြန်ဆယ်လို့ရတဲ့ အလောင်းတွေအကုန်လုံးဟာ အမျိုးသမီးနဲ့ကလေးတွေရဲ့ အလောင်းတွေလို့လည်း သိရပါတယ်။
လူ ၇၀ ယောက်ကို ပြန်ဆယ်နိုင်ပြီး နောက်ထပ် လူအများအပြား ပျောက်ဆုံးနေဆဲပဲလို့ အရာရှိတယောက်က AFP သတင်းဌာနကိုပြောပါတယ်။
စက်လှေက ဘင်္ဂလားပင်လယ်အော်က စိန့်မာတင် ကျွန်းနားမှာ တိမ်းမှောက်မြုပ်သွားတာပါ။
၂၀၁၇ သြဂုတ်လပိုင်းမှာ အာဆာ လက်နက်ကိုင်အဖွဲ့ တိုက်ခိုက်မှုကို ပြန်ချေမှုန်းတဲ့ စစ်ဆင်ရေးတွေအတွင်း မြန်မာအစိုးရ စစ်တပ်က ကြမ်းကြမ်းတမ်းတမ်းနှိမ်နင်းခဲ့တဲ့အတွက် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ နယ်စပ်ကိုဖြတ်ကာ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေထိုင်နေရပါတယ်။
အဲဒီထဲက ဒုက္ခသည်တချို့ဟာ လှေစီးပြီး မလေးရှားနိုင်ငံကို ဆက်လက်ထွက်ပြေးတာမျိုးတွေလည်း ရှိနေတာပါ။




