ရခိုင်စစ်ရှောင်စခန်းကို ရွှေ့ခိုင်းတယ်လို့ စွပ်စွဲခံရ

ဓာတ်ပုံ ရင်းမြစ်, EPA
ရခိုင်ပြည်နယ် မြေပုံမြို့နယ်က စညင်းရွာ စစ်ဘေးရှောင်စခန်းကို တပ်မတော် စစ်ကြောင်း တခု ညအချိန်မှာ သေနတ်တွေ ပစ်ဖောက်ဝင်လာပြီး လူတွေကို အဲဒီမှာ မနေဖို့ နှင်ထုတ်ခဲ့တဲ့ အတွက် စစ်ဘေးရှောင်တွေ အထူးကြောက်လန့်စိုးရိမ်ပြီး နေစရာမရှိ အခြေအနေ ရောက်နေကြတယ်လို့ ဆိုပါတယ်။
လူဦးရေ ၅ဝဝ လောက်ရှိထဲ စညင်း စစ်ဘေးရှောင်စခန်းထဲကို ဇန်နဝါရီလ ၂၅ ရက်ည ၁၁ နာရီကျော် အချိန်မှာ အင်အား ၂ဝဝ ခန့်ပါတဲ့ စစ်ကြောင်း တခုက သေနတ်တွေ ပစ်ဖောက်ဝင်လာခဲ့ပြီး အနည်းဆုံး တဲသုံးတဲက ခေါင်မိုးတာပေါ်လင်စတွေကို ခွာချ မီးရှို့ခဲ့သလို စစ်ဘေးရှောင်တွေကိုလည်း မနေဖို့ တားမြစ်ခဲ့တယ်လို့ ဒေသခံ စစ်ရှောင်တွေက ဆိုပါတယ်။
သေနတ်တွေ တဒိုင်းဒိုင်းပစ်ပြီး စခန်းထဲ ဝင်လာကာ အမျိုးသားရော အမျိုးသမီးတွေကိုပါ လက်မောင်းဆွဲထုတ် ထိုင်ခိုင်းပြီး မော်လို့ကြည့်ခွင်မပြုသလို စခန်းမှာ ဒီလူတွေကို နောက်နေ့ တယောက်မှ မမြင်ချင်ဘူး ဆိုပြီး ပြောဆိုကာ ထွက်သွားကြတယ်လို့ အခင်းဖြစ်ပွားချိန်က စခန်းထဲမှာရှိနေတဲ့ အမျိုးသမီးတဦးက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, NYUNT WIN
ဒီစခန်းမှာ ရောက်နေကြသူတွေဟာ မြေပုံမြို့နယ် ဟင်းခရော်၊ အင်ကြင်း၊ လီသွန်စတဲ့ ကျေးရွာတွေက ဖြစ်ကြပြီး လွန်ခဲ့တဲ့ တလခန့်က ကျေးရွာအနီး တိုက်ပွဲ ဖြစ်ပွားရာကနေ နေရပ်စွန့်ခွာ ထွက်ပြေး လာကြ သူတွေ ဖြစ်ပါတယ်။
အဲသလို ပြဿနာ ဖြစ်ပွားပြီးတဲ့နောက် စညင်း သို့မဟုတ် ကမ်းထောင်းကြီး ရွာဘက်ကို ပြန်ပြောင်းဖို့ ရွာသားတွေနဲ့ တိုင်ပင်နေတယ်လို့လည်း အဲဒီစခန်းကို ရောက်ရှိနေတဲ့ စစ်ဘေးရှောင် ကယ်ဆယ်ရေး ဆရာတော် ဦးသဘာဝနဒီက မိန့်ပါတယ်။
ရွာသားတွေကို အားလုံးပစ်သတ်လိုက်မယ်၊ သေသွားချင်သလားလို့ ဝင်လာသူ စစ်သားတွေက ခြိမ်းခြောက်ကြောင်းလည်း ဆရာတော်က မိန့်ပါတယ်။
ဒီလို ဒေသခံတွေက ပြောဆိုလာတဲ့ အပေါ် တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို မေးကြည့်တော့ လုံခြုံရေးအရ သွားစစ်ဆေးတာပဲ ရှိပြီး လူတွေကို မရွှေ့ခိုင်းခဲ့ကြောင်း ပြောဆိုပါတယ်။
ဒီလို ပြသနာ တွေ ဖြစ်ပွားခဲ့တဲ့ အတွက် စစ်ဘေးရှောင်တွေ အကြား ကြောက်လန့် စိုးရိမ်မှုတွေ ဖြစ်ပေါ်နေပြီး အဲဒီ စခန်းထဲမှာ မနေရဲဘဲ ထပ်မံ ထွက်ပြေးမှုတွေ ရှိနေကြတယ်လို့လည်း စညင်းရွာ အုပ်ချုပ်ရေးမှူးက ပြောဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, NYUNT WIN








