ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို အကြမ်းဖက်မှုထပ်မံတရားစွဲဆို၊ ကျောက်မဲမှာ နွားကားတစ်စီးအပစ်ခံရ လူတစ်ဦးသေဆုံးအပါအဝင်မနက်ခင်းသတင်းများ

ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့လူအချို့ကို မြောက်ဦးခရိုင်တရားရုံးမှာ အကြမ်းဖက်ဥပဒေနဲ့ ထပ်မံတရားစွဲဆို

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့လူအချို့ကို မြောက်ဦးခရိုင်တရားရုံးမှာ အကြမ်းဖက်ဥပဒေနဲ့ ထပ်မံတရားစွဲဆို
ရေးသားခဲ့သည်။

အေအေစစ်ဦးစီးချုပ်အပါအဝင်လူအချို့ကို မြောက်ဦးခရိုင်တရားရုံးမှာ အကြမ်းဖက်ဥပဒေနဲ့ ထပ်မံတရားစွဲဆို

ရခိုင်ပြည်နယ်မြောက်ဦးခရိုင် တရားရုံးမှာ အေအေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ ခေါင်းဆောင် ၄ ဦး အပါအဝင် လူပေါင်း ၁၀၀ ကျော်ကို ယခင်က အမှုနှစ်ခုနဲ့တရားစွဲဆိုပြီး တရားခံပြေးသတ်မှတ်ထားရာကနေ အကြမ်းဖက်မှုနဲ့ မြောက်ဦးခရိုင်တရားရုံးမှာ ထပ်မံ တရားစွဲဆိုခဲ့တယ်လို့သိရပါတယ်။

၂၀၁၉ ခုနှစ် ဧပြီလ ၉ ရက်နေ့က ရခိုင်ပြည်နယ် မြောက်ဦးမြို့ ရဲတပ်ရင်းထဲမှာရှိတဲ့ အမြောက်စခန်းကို အေအေ ရက္ခိုင့်တပ်တော် ဝင်ရောက်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး လက္ကာရွာက လူပေါင်း ၂၈ ဦးကို တပ်မတော်က ဝင်ရောက်ဖမ်းဆီးပြီး သူတို့ကို အကြမ်းဖက်မှု၊ လက်နက်မှုတွေနဲ့ တရားစွဲဆိုခဲ့ပါတယ်။

ရက္ခိုင့်တပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၊ ဒုစစ်ဦးစီးချူပ် ဒေါက်တာ ညိုထွန်းအောင် အပါအဝင် ထိပ်ပိုင်းခေါင်းဆောင် ၄ ဦးနဲ့ ကျေးရွာသား ၁၀၀ ကျော်ကိုလည်း တရားစွဲဆိုပြီး တရားခံပြေးအဖြစ် သတ်မှတ်ခဲ့ပါတယ်။

သူတို့ကို အရင်က အမှုနှစ်ခုနဲ့ စွဲဆိုထားရာကနေ အခုအခါ နောက်ထပ် အကြမ်းဖက်မှု ပုဒ်မနဲ့ မြောက်ဦး ခရိုင်တရားရုံးမှာ ထပ်တိုးတရားစွဲပြီး ဒီလ ၇ ရက်နေ့ကအမှုကို စစ်တွေခရိုင်တရားရုံးသို့ လွဲပေးလိုက်ပါ တယ်။

ပထမကတော့အကြမ်းဖက်တိုက်ဖျက်မှု အက်ဥပဒေ ရယ်၊ ၁၉၄၉ လက်နက်အရေးပေါ်စီမံမှု အက်ဥပဒေ ရယ် ပါတယ်။အခုထပ်တွေ့တာလည်း အကြမ်းဖက်ဥပဒေပဲ ဒါပေမယ့် ဘယ်ပုဒ်မလဲတော့မသိရသေးဘူး''လို့ နောက်ထပ်အမှုတစ်ခု ထပ်တိုးတရားစွဲဆိုတာနဲ့ ပတ်သက်ပြီး သဇင်ဥပဒေ အထောက်အကူပြုအဖွဲ့ က တရားလွှတ်တော်ရှေ့နေဦးအောင်စိတ်မင်းကပြောပြပါတယ်။

ဒီအမှုမှာ လက္ကာရွာသား အချို့လည်း စစ်ဆေးနေစဉ် သေဆုံးခဲ့သလို ကျန်လူ ၂၀ နီးပါးကိုတော့ အခု အချိန်ထိ အမှုရင်ဆိုင်နေရပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ မြန်မာနိုင်ငံကို ဇန်နဝါရီ ၁၇ နဲ့ ၁၈ မှာ လာရောက်ဖို့ရှိ

ဓာတ်ပုံ ရင်းမြစ်, ROLEX DELA PENA

ဓာတ်ပုံ ပုံစာ, တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ မြန်မာနိုင်ငံကို ဇန်နဝါရီ ၁၇ နဲ့ ၁၈ မှာ လာရောက်ဖို့ရှိ

တရုတ်သမ္မတ မြန်မာပြည်ခရီးစဉ်မတိုင်ခင် တရုတ်အထူးသံတမန် မြောက်ပိုင်း ၃ ဖွဲ့နဲ့တွေ့ဆုံ

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်ရဲ့မြန်မာပြည်ခရီးစဉ်မတိုင်ခင် တရုတ်အထူးသံတမန် ဆွန်းကော်ရှန်းဟာ ကချင်လွတ်လပ်ရေးတပ်မတော် ကေအိုင်အေ ဌာနချုပ်ရှိရာ လိုင်ဇာမှာ မြောက်ပိုင်း ၃ ဖွဲ့နဲ့ တွေ့ဆုံပြီး တိုက်ပွဲတွေမဖြစ်ဖို့ ငြိမ်းချမ်းရေးရအောင် လုပ်ဖို့ အဓိကထားပြောဆိုခဲ့ပါတယ်။

တရုတ်အထူးသံတမန် ဆွန်းကော့ရှန်းဟာ ကေအိုင်အိုဥက္ကဋ္ဌ အင်ဘန်လ၊ အေအေ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်နဲ့ မိုင်းလားအဖွဲ့ ဒုဥက္ကဋ္ဌတို့ကို ဇန်နဝါရီလ ၁၀ ရက်နေ့က ကေအိုင်အိုဌာနချုပ်ရှိရာ လိုင်ဇာမှာ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

တွေ့ဆုံစဉ်မှာ မစ္စတာဆွန်းကော်ရှန်းက နယ်စပ်ဒေသတဝိုက် တလျှောက်လုံးမှာ တိုက်ပွဲတွေမဖြစ်အောင် လုပ်ဆောင်ပေးဖို့နဲ့ အစိုးရ၊ တပ်မတော်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ခပ်စိပ်စိပ်လုပ်ဖို့ပြောခဲ့တယ်လို့ ကေအိုင်အို ပြောခွင့်ရသူ ဗိုလ်မှူးကြီးနော်ဘူက ဘီဘီစီက ပြောပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ မြန်မာနိုင်ငံကို ဇန်နဝါရီ ၁၇ နဲ့ ၁၈ မှာ လာရောက်ဖို့ရှိနေတာဖြစ်ပြီး ခရီးစဉ် မတိုင်ခင် မြောက်ပိုင်း ၃ ဖွဲ့ ခေါင်းဆောင်တွေနဲ့တွေ့ဖို့ တရုတ်ကအဆိုပြုခဲ့တာလို့ မြောက်ပိုင်းအဖွဲ့တွေ က ပြောပါတယ်။

တွေ့ဆုံစဉ်မှာလည်း ၃ ဖွဲ့လုံးနဲ့ ဆွေးနွေးတာတွေ ရှိခဲ့သလို ၁ ဖွဲ့ချင်းစီနဲ့လည်း နှုတ်ဆက်ပြောဆိုတာတွေ ရှိခဲ့တယ်လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးမှာ တရုတ်ရဲ့အခန်းကဏ္ဍက ဘယ်လောက်အရေးပါလဲဆိုတဲ့ ဘီဘီစီရဲ့ အမေးကိုတော့ ဗိုလ်မှူးကြီး နော်ဘူက တစုံတရာ မှတ်ချက်မပေးနိုင်ဘူးလို့ ပြောပါတယ်။

တရုတ်အရေးလေ့လာသူ ဒေါ်ခင်ခင်ကျော်ကြီးကတော့ မြန်မာ့ငြိမ်းချမ်းရေးမှာ တရုတ်ရဲ့အခန်းကဏ္ဍက ရှိနေတယ်ဆိုပေမဲ့လည်း အလုံးစုံပါဝင်နေတဲ့ အနေအထားမျိုးတော့မဟုတ်ဘူးလို့ သုံးသပ်ပါတယ်။

ဒါပေမဲ့လည်း မြောက်ပိုင်းအဖွဲ့တွေနဲ့ တပ်မတော်ကြား တိုက်ပွဲတွေဟာ ဆက်ရှိနေပြီး ရခိုင်ပြည်မြောက်ပိုင်း မြို့တွေမှာ အေအေနဲ့ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေတဲ့အပြင် ရှမ်းမြောက်မှာလည်း ကေအိုင်အေနဲ့ တပ်မတော်အကြား အခုသီတင်းပတ်ထဲမှာ တိုက်ပွဲအနည်းငယ် ဖြစ်ခဲ့ပါသေးတယ်။

ပြည်ထောင်စုလမ်းမကြီးပေါ်မှာ နွားတင်ကားတစ်စီး ပစ်ခတ်ခံခဲ့ရပြီး အမျိုးသားတစ်ဦးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, ဘော်ကြိုပရဟိတ

ဓာတ်ပုံ ပုံစာ, ပြည်ထောင်စုလမ်းမကြီးပေါ်မှာ နွားတင်ကားတစ်စီး ပစ်ခတ်ခံခဲ့ရပြီး အမျိုးသားတစ်ဦးသေဆုံး

ကျောက်မဲမှာ နွားကားတစ်စီး ထပ်မံပစ်ခတ်ခံရ၊ လူတစ်ဦး သေဆုံး

ဒီကနေ့ ဇန်နဝါရီ ၁၂ ရက်နေ့ မနက်အစောပိုင်းက ကျောက်မဲမြို့နယ် နောင်အန်းကျေးရွာအထွက် ပြည်ထောင်စုလမ်းမကြီးပေါ်မှာ နွားတင်ကားတစ်စီး ပစ်ခတ်ခံခဲ့ရပြီး အမျိုးသားတစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူဟာ အဆိုပါကားမှာစပယ်ယာအဖြစ်လိုက်ပါလာသူလို့ သိရပြီး ဘော်ကြိုပရဟိတအဖွဲ့မှ သေဆုံးသူ အမျိုးသားကို ကျောက်မဲဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။

နယ်စပ်လမ်းကြောင်းကတဆင့် တရုတ်ပြည်ကို ပို့ဆောင်ဖို့ သွားရောက်တဲ့နွားတင်ကားတွေဟာ အစိုးရကို အခွန်အခတွေပေးဆောင်ရသလို အဆိုပါဒေသအတွင်း လှုပ်ရှားနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေကကောက်ခံတဲ့ငွေကို လည်းပေးဆောင်ရပြီး မပေးတဲ့ကားတွေဟာ အခုလို ပစ်ခတ်ခံရတာ တွေရှိတယ်လို့ ဒေသခံအချို့ကပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်းကလည်း ပြည်ထောင်စုလမ်းမကြီးပေါ်က ကျောက်မဲ၊ သီပေါ စတဲ့နေရာအနီး တဝိုက်အတွင်း နွားတင်ကားတွေမကြာခဏဆိုသလို ပစ်ခတ်ခံရတဲ့အတွက် ယာဉ်မောင်းနဲ့ စပယ်ယာအချို့ သေဆုံးတာတွေလည်းရှိခဲ့ပါတယ်။

ရာနဲ့ချီတဲ့ဆန္ဒပြသူတွေဟာ အီရန်နိုင်ငံရဲ့ မြို့တော် Tehran ရဲ့လမ်းတွေပေါ်မှာ ပြည့်နှက်
ဓာတ်ပုံ ပုံစာ, ရာနဲ့ချီတဲ့ဆန္ဒပြသူတွေဟာ အီရန်နိုင်ငံရဲ့ မြို့တော် Tehran ရဲ့လမ်းတွေပေါ်မှာ ပြည့်နှက်

ယူကရိန်းလေယာဉ်ပျက်ကျမှု အပေါ် အီရန်နိုင်ငံအတွင်း ရာနဲ့ချီတဲ့လူတွေ ဆန္ဒပြ

အီရန်က ယူကရိန်းလေယာဉ်ကိုပစ်ချတာကိုငြင်းဆိုရာကနေ ပြန်လည်ဝန်ခံလိုက်ပြီးနောက် ရာနဲ့ချီတဲ့ဆန္ဒပြသူတွေက လမ်းပေါ်ထွက်ဆန္ဒပြပြီး အီရန်အစိုးရတာဝန်ရှိသူတွေကို လူလိမ်လို့ခေါ်ဝေါ်ခဲ့ကြပါတယ်။

တက္ကသိုလ် ၂ခုရဲ့အပြင်ဘက်မှာ ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်နှိမ်နင်းပြီးဖြိုခွဲတာတွေလည်း ရှိနေပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ဆန္ဒပြမှုတွေကိုထောက်ခံအားပေးကြောင်း တွစ်တာမှာ ရေးသားထားပါတယ်။

အီရန်ဟာ လူ ၁၇၆ ဦးသေဆုံးစေခဲ့တဲ့ ယူကရိန်းလေယာဉ်ပျက်ကျအပြီး သုံးရက်အကြာ မနေ့က စနေနေ့ မှာမှ မရည်ရွယ်ဘဲ မှားယွင်းပစ်ချမိခဲ့တာလို့ ဝန်ခံခဲ့တာပါ။