ချင်းပြည်နယ်၊ ပလက်ဝက ကရွာသား ၁၀၀ ကျော် ကို အေအေ ဖမ်းခေါ်သွား၊အပါအဝင် မနက်ခင်းသတင်းများ

ဓာတ်ပုံ ရင်းမြစ်, KYAW AUNG
ချင်းပြည်နယ်၊ ပလက်ဝက ကရွာသား ၁၀၀ ကျော် ကို အေအေ ဖမ်းခေါ်သွား၊ ဆီးဖလောင်းကျေးရွာက အေအေခေါ်သွားတဲ့ လူ ၃ဦးကို အလောင်းပဲပြန်တွေ့
ရက္ခိုင့်တပ်မတော် အေအေက ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း ကျီးလေကျေးရွာက ရွာသား ၁၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားသလို ကျန်ရွာသူရွာသားတွေကိုလည်း အပြင်ပေးမထွက်ပဲ ထိန်းသိမ်းထားတယ်လို့ ခူမီးချင်းမျိုးနွယ်စုများပေါင်းစပ်ညှိနှိုင်းရေးကောင်စီ ပြောခွင့်ရ ဦးစောမြကဘီဘီစီကိုပြောပါတယ်။
'' သူတို့ရွာကိုရောက်နေတာတော့ တစ်ပတ်လောက်ရှိပြီ။ ရွာထဲက အမျိုးသမီးငယ်တစ်ယောက်ကို မုဒိမ်းကျင့်ဖို့လုပ်လို့ ရွာလူကြီးတွေတားရာက လူကြီးတွေလည်းအရိုက်ခံရတယ်။ ပြီးတော့ ရွာသား ၁၃၀ လောက်ကိုလည်း စားနပ်ရိက္ခာထမ်းဖို့ခေါ်သွားတယ်လို့သိရတယ်။ ရွာထဲကလူတွေကိုအပြင်ပေးမထွက်တော့ အခြေအနေက ဘယ်လိုရှိတယ် သေချာမသိရဘူးဖြစ်နေတယ်။ ရွာကနေ ဖြတ်သွားတဲ့သူတွေပြောတဲ့အခြေအနေအရပဲသိရတယ်။''လို့ ဦးစောမြကပြောပါတယ်။
ဒ့ါအပြင်ဇန်နဝါရီ ၇ရက်နေ့ကေ အေအေကခေါ်ဆောင်သွားတဲ့ ပလက်ဝမြို့နယ်အတွင်း ဆီးဖလောင်းကျေးရွာက ကျောင်းဆရာ ဆရာဦးအာဗေလ (၅၅ နှစ်) နဲ့ ရွာသား၂ဦးတို့ကိုပြန်မလာလို့ လိုက်ရှာရာက အလောင်းတွေကို တောထဲကနေ ပြန်လည်တေ့ွရှိခဲ့ရတယ်လို့ လည်း သိရပါတယ်။
' 'အခု သူတို့အလောင်းကို ပလက်ဝကို ပြန်သယ်လာဖို့ လုပ်နေတယ်လို့ သိရတယ်''လို့ ဦးစောမြကပြောပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
ဦးကိုနီအမှု နှစ်ဘက်စလုံးရဲ့အယူခံကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်ပယ်ချ
တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီနဲ့အငှားယဉ်မောင်း ကိုနေဝင်းအသတ်ခံရတဲ့အမှုမှာ ရန်ကုန်တိုင်းဒေသ ကြီးမြောက်ပိုင်းခရိုင်တရားရုံးရဲ့ဆုံးဖြတ်ချက်ကို မကျေနပ်တဲ့အတွက် သက်ဆိုင်ရာမိသားစုတွေက ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို အယူခံတက်ခဲ့ပါတယ် ။
ဒီအမှုနဲ့ပတ်သက်ပြီး ကြည်လင်းနဲ့အောင်ဝင်းဇော်ကို သေဒဏ်ချမှတ်ခဲ့ပေမဲ့ ဇေယျာဖြိုးကိုထောင်ဒဏ် ၅ နှစ်နဲ့အမှုမှာပါဝင်ပတ်သက်တဲ့အောင်ဝင်းထွန်းကို ထောင်ဒဏ် ၃ နှစ်သာချမှတ်တာကို ဦးကိုနီမိသားစု ဝင်တွေက မကျေနပ်တဲ့အတွက် အယူခံတက်ခဲ့တာပါ။
'' ဦးကိုနီမိသာစုဘက်ကတော့ အဓိက ဇေယျာဖြိုးနဲ့ ပတ်သက်လို့ သူ့ရဲ့ပြစ်ဒဏ်ကို အယူခံတက်တာ။ ဒါကိုလည်းပယ်ချခံရတယ်။ တစ်ဘက် သေဒဏ်ကို မကျေနပ်လို့ အယူခံတက်တာ။ သူတို့ကိုလည်း ပယ်ချ လိုက်တော့ သေဒဏ်ကတော့ အတည်ဖြစ်သွားတယ်လို့ ပြောလို့ရတယ်''လို့ တရားလိုရှေ့နေ ဦးနေလကပြောပါတယ်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အယူခံတွေကို ပယ်ချလိုက်တဲ့အတွက်အောက်ရုံးက သတ်မှတ်ထား တဲ့ ပြစ်ဒဏ်တွေအတိုင်းသာအတည်ဖြစ်သွားတာပါ။
ကာယကံရှင်မိသားစုတွေအနေနဲ့ ဒီဆုံးဖြတ်ချက်ကို မကျေနပ်ပါက အထူးအယူခံရုံးကို တင်သွင်းလို့ ရသေးပြီး ဒီလိုဆက်တက်မတက်ကိုတော့ ဦးကိုနီမိသားစုတွေရဲ့ဆန္ဒကိုမေးမြန်းရဦးမှာဖြစ်တယ်လို့ရှေ့နေ ဦးနေလကပြောပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အီရန်က အမေရိကန်သံရုံး လေးခုလောက်ကို ပစ်မှတ်ထားတိုက်ခိုက်လာနိုင်တယ်လို့ ထရမ့်ပြော
အီရန်ဗိုလ်ချုပ်ကြီး ကာဆမ်ဆူလေမာနီ လုပ်ကြံသတ်ဖြတ်ခံရတဲ့အတွက် အီရန်အနေနဲ့ အမေရိကန် သံရုံးတွေကို ပြန်လည်တိုက်ခိုက်ဖို့ စီစဉ်နေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။
'' ကျွန်တော်အနေနဲ့ ပြောနိုင်တာက အနည်းဆုံး အမေရိကန်သံရုံး လေးခုလောက်ကို တိုက်ခိုက် ခံရ လာနိုင်တယ်ဆိုတာပါပဲ။''လို့ ပြီးခဲ့တဲ့သောကြာနေ့က အမေရိကန်ရဲ့ ဒရုန်းတိုက်ခိုက်မှုအပြီးမှာ သမ္မတထရမ့်က Fox News ကို ပြောခဲ့ပါတယ်။
အီရန်ဗိုလ်ချုပ်ကြီး ကာဆမ်ဆူလေမာနီသတ်ဖြတ်ခံရအပြီး ဘဂ္ဂဒက်မှာရှိတဲ့ အမေရိကန်သံရုံးရှေ့မှာ ကန့်ကွက်တာတွေ ရှိလာပါတယ်။
ဒါပေမယ့် ဒီမိုကရက်တစ်ပါတီဝင်တွေကတော့ ဒရုမ်းတိုက်ခိုက်မှုအတွက် စစ်ရေးဆိုင်ရာ အစည်း အဝေး ခေါ်ယူဆွေးနွေးစဉ်ကသံရုံးတွေကို ပစ်မှတ်ထားနိုင်တယ်ဆိုတဲ့ သက်သေ အထောက် အထားမျိုးမတွေ့ခဲ့ရဘူးလို့ ယူဆထားခဲ့ကြောင်းပြောဆိုကြပါတယ်။
သမ္မတထရမ့်ကတော့ ' ' ကျွန်တော်တို့ရထားတဲ့ တိကျတဲ့သတင်းအချက်အလက်တွေအရ ဖြစ်လာနိုင်တဲ့ ခြိမ်းခြောက်မှု တစ်ခုရှိပါတယ်။ ဒီထဲမှာ သံရုံးတွေကို တိုက်ခိုက်မှုလည်း ပါဝင်လာ နိုင်ပါတယ်။ အချိန်ပိုင်းတစ်ခုပြီးရင်တော့ ဒီစိုးရိမ်စရာတွေရပ်တန့်သွားမှာပါ။''လို့ ပြောဆိုထား ပါတယ်။








