ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အေအေခေါင်းဆောင်တွေ အကြမ်းဖက်မှုနဲ့ တရားထပ်စွဲခံရ
အေအေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ ခေါင်းဆောင် ၄ ဦး အပါအဝင် လူပေါင်း ၁၀၀ ကျော်ကို ရခိုင်ပြည်နယ် မြောက်ဦးခရိုင် တရားရုံးမှာ အမှုနှစ်ခုနဲ့ တရားစွဲပြီး တရားခံပြေး သတ်မှတ်ထားရာကနေ အခု တစ်ခါ အကြမ်းဖက်မှုနဲ့ ထပ်တရားစွဲလိုက်ပါတယ်။
အဲဒီလိုထပ်မံတရားစွဲဆိုမှုကို မြောက်ဦးခရိုင် တရားရုံးမှာ တရားစွဲဆိုတာဖြစ်ပြီး ဇန်နဝါရီ ၇ ရက်မှာ အဲဒီအမှုကို စစ်တွေခရိုင်တရားရုံးကို လွှဲပြောင်းလိုက်တာ ဖြစ်ပါတယ်။
၂၀၁၉ ခုနှစ် ဧပြီလ ၉ ရက်က မြောက်ဦးမြို့ ရဲတပ်ရင်းထဲမှာရှိတဲ့ အမြောက်စခန်းကို အေအေ ရက္ခိုင့်တပ်တော်က ဝင်ရောက်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး လက္ကာရွာက လူပေါင်း ၂၈ ဦးကို တပ်မတော်က ဝင်ရောက်ဖမ်းဆီးပြီး သူတို့ကို အကြမ်းဖက်မှု၊ လက်နက်မှုတွေနဲ့ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။
ရက္ခိုင့်တပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၊ ဒုစစ်ဦးစီးချူပ် ဒေါက်တာ ညိုထွန်းအောင် အပါအဝင် ထိပ်ပိုင်း ခေါင်းဆောင် ၄ ဦးနဲ့ ကျေးရွာသား ၁၀၀ ကျော်ကို တရားစွဲဆိုပြီး တရားခံ ပြေးအဖြစ် သတ်မှတ်ထားခဲ့ပါတယ်။
ဒီလို နောက်ထပ် အမှု တစ်ခု ထပ်တိုးတရားစွဲဆိုတာနဲ့ ပတ်သက်ပြီး လက္ကာရွာသားတွေဘက်က ဥပဒေအကျိုးဆောင်အဖြစ်ဆောင်ရွက်နေတဲ့ သဇင် ဥပဒေ အထောက်အကူပြု အဖွဲ့က တရားလွှတ်တော် ရှေ့နေ ဦးအောင်စစ်မင်းက "ပထမနှစ်မှုစွဲတာကတော့ အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေရယ် နောက်ပြီးတော့ ၁၉၄၉ လက်နက် အရေးပေါ် စီမံမှု အက်ဥပဒေရယ် အဲဒါနဲ့ နှစ်မှုစွဲတယ်"
"အခုထပ်စွဲတာက အကြမ်းဖက် ဥပဒေနဲ့ပဲ ထပ်စွဲတာ။ အရင်ကတော့ ၅၀ (က)၊ ၅၀ (ဈ)၊ ၅၄၊ ၅၂ တို့ပါတယ်ပေါ့။ အခုကတော့ ဘယ်ပုဒ်မနဲ့ ဆိုတာလဲ ကျွန်တော်တို့က မသိရသေးဘူး" လို့ ပြောပါတယ်။
ဒီအမှုမှာ လက္က္ကာရွာသား တချို့လည်း စစ်ဆေးနေစဉ် သေဆုံးခဲ့ပါတယ်။
ကျန်လူ ၂၀ နီးပါးကတော့ အခုအချိန်ထိ အမှု ရင်ဆိုင်နေရပြီး ဇန်နဝါရီလ ၉ ရက် ကြာသပတေးနေ့မှာ သူတို့ကို စစ်တွေခရိုင် တရားရုံးမှာ ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။
အခုလို အကြမ်းဖက်မှုနဲ့ ထပ်တရားစွဲတဲ့အတွက် အဲဒီလူတွေဟာ အမှု ၃ ခုနဲ့ ရင်ဆိုင်ကြရတော့မှာ ဖြစ်ပါတယ်။
ဇန်နဝါရီ ၇ ရက်က အေအေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ ဘီဘီစီ သီးသန့် အင်တာဗျူးမှာ ဒီလို ဖမ်းဆီးတရားစွဲမှုတွေနဲ့ ပတ်သက်ပြီး သူက "လွှတ်တော်ကလည်း ကျွန်တော်တို့ကို အကြမ်းဖက်လို့ ပြောထားတာ မဟုတ်ဘူး။ ဒါပေမဲ့ တရားရုံးမှာကျတော့ အကြမ်းဖက်ပုဒ်မ တွေနဲ့ တရားစွဲတယ်။ ဒါဟာ ဘယ်လိုဟာလဲ။ မေးခွန်းထုတ်စရာတွေ ဖြစ်တယ်" လို့ ပြောခဲ့ပါတယ်။
ရက္ခိုင့်တပ်တော် အေအေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အတွက် တံခါးဖွင့်ထားတယ်လို့ အစိုးရ အကြီးအကဲတွေက ပြောဆိုပြီး တစ်ဖက်မှာလည်း အကြမ်းဖက်မှုတွေနဲ့ ဆက်ပြီး တရားစွဲဆိုနေတဲ့ အတွက် ရခိုင် ငြိမ်းချမ်းရေး ရရှိဖို့အရေးက တဖြည်းဖြည်းနဲ့ ခက်ခဲလာတဲ့ အနေအထားမျိုးပဲလို့ သုံးသပ် ပြောဆိုမှုတွေလည်း ရှိနေပါတယ်။