ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အကြမ်းဖက် ဥပဒေနဲ့ တရားစွဲခံရသူ ကျောင်းတောင် လူမှုကူညီရေးအသင်းသားတွေ ပြန်လွတ်
မင်းပြားမြို့နယ်က ငှက်ဖျားလူနာတစ်ဦးကို ဆေးရုံသွားပို့စဉ် ၂၀၁၉ မတ်လမှာ တပ်မတော် စစ်ကြောင်းက ဖမ်းဆီးပြီးနောက် တရားစွဲဆိုခံခဲ့ရတဲ့ ကျောင်းတောင်ရွာ လူမှုကူညီရေးအသင်းက ၁၂ ယောက် ပြန်လွတ်လာပါတယ်။
သူတို့ဟာ ၂၀၁၉ မတ်လ ၁၂ ရက်နေ့မှာ မင်းပြားမြို့နယ် သပေါ့စာတဲစုက ငှက်ဖျားရောဂါ အပြင်းအထန်ခံစားနေရတဲ့ လူနာတစ်ဦးကို မြောက်ဦးဆေးရုံကြီးကို ပို့ဆောင်တဲ့အချိန်မှာ အဖမ်းခံခဲ့ရသူတွေ ဖြစ်ပါတယ်။
ဖမ်းဆီးခံရပြီးနောက် သူတို့ကို စစ်တွေခရိုင်တရားရုံးမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (က)၊ ၅၂ တို့နဲ့ တရားစွဲဆိုခဲ့ပြီး စစ်တွေထောင်ကနေ ၁၀ လကြာ အမှုရင်ဆိုင်နေခဲ့ကြရာကနေ မှားယွင်းဖမ်းဆီးခံရတယ်ဆိုပြီး ဇန်နဝါရီ ၈ ရက်နေ့ မှာ ပြန်လွတ်လာပါတယ်။
ဖမ်းဆီးခံခဲ့ရသူတွေဟာ ကျောင်းတောင်လူမှုကူညီရေး အသင်းဝင်တွေ၊ ကားသမားတွေ၊ လိုက်ပါကူညီပေးသူတွေနဲ့ ချောင်းသစ်ကျေးရွာအနီးက ကျွဲကျောင်းနေသူတွေပါဝင်ပြီး စုစုပေါင်း ၁၃ ယောက်ကို ဖမ်းဆီးခံခဲ့ရတာပါ။
ဖမ်းဆီးခံလိုက်ရပြီး ဆေးရုံတက်မယ့်လူနာကတော့ အချိန်မီ ဆေးမကုနိုင်ခဲ့တဲ့အတွက် နောက်တစ်နေ့မှာ သေဆုံးသွားခဲ့ပါတယ်။
တပ်မတော်ရဲ့ စစ်ကြောရေးကာလအတွင်းမှာ နှိပ်စက် ခံခဲ့ရလို့ သွေးအန်တဲ့ဝေဒနာကို ၅ လလောက်ခံစားခဲ့ရပြီး ဆေးရုံ ၅ ကြိမ်တက်ပြီးတော့ ကုသခဲ့ရတယ်လို့ ပြန်လည်လွတ်မြောက်လာသူတစ်ဦးဖြစ်တဲ့ ကိုစည်သူအောင်က ပြောပါတယ်။
အခုလိုမျိုး ဖမ်းဆီးတရားစွဲဆိုခံခဲ့ရတဲ့အတွက် ကျွဲနွားတွေ၊ လယ်တွေကို ရောင်းချပြီးတော့ အမှုရင်ဆိုင်ကြရတာကြောင့် စီးပွားပျက်တဲ့အထိ ဖြစ်ခဲ့ရတယ်လို့ ပြန်လွတ်လာသူတွေရဲ့ မိဘတွေက ပြောပါတယ်။
သူတို့ရဲ့ သားတွေဟာ မတရား ဖမ်းဆီးခံခဲ့ကြရတာ ဖြစ်ပြီး အခုလိုမျိုး အပြစ်မရှိတဲ့သူတွေကို ပြန်လည်လွှတ်ပေးတာဟာ ဥပဒေကြောင်းအရ မှန်မှန်ကန်ကန် ဆုံးဖြတ်တာဖြစ်တဲ့အတွက် ဝမ်းသာရတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။