မြောက်ဦး စပါးခင်းတွေမှာ မိုင်းတွေရှိလို့ စပါးမရိတ်ဖို့ တပ်ကတားမြစ်

ရေးသားခဲ့သည်။

တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဆက်တိုက်ဖြစ်နေတဲ့ ရခိုင်မြောက်ပိုင်း မြို့နယ်အများစုမှာ မိုးဦးရာသီက စိုက်ထားတဲ့ စပါးတွေ ရိတ်ချိန် ရောက်နေပေမဲ့ လယ်ကွင်းတချို့ထဲ မြေမြှုပ်မိုင်းတွေ ရှိနေတာကြောင့် စပါးမရိတ်ဖို့ တပ်မတော်က တားမြစ်တာတွေ ကြုံနေရတယ်လို့ ဒေသခံ လယ်သမားတချို့က ပြောပါတယ်။

ဒီမိုင်းတွေ ဘယ်သူမြှုပ်တယ်ဆိုတာ မသိရပေမဲ့ ဒေသခံ လယ်စိုက်သူ အမျိုးသမီးတစ်ဦးက တပ်မတော်က မြှုပ်တာဖြစ်နိုင်တယ်လို့ စွပ်စွဲပြီး တပ်မတော်ဘက်ကတော့ ငြင်းဆိုပါတယ်။

တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ကြပြီး တပ်မတော်စစ်ကြောင်းတွေက စခန်းချထားတဲ့ မြောက်ဦး မြောက်ပိုင်းက လင်းမြွေတောင် တောင်တန်းအနီးမှာရှိတဲ့ စပါးခင်းတွေကို လယ်ပိုင်ရှင်တချို့က စပါးရိတ်သိမ်းဖို့အတွက် သွားရောက်ခဲ့ကြတဲ့အခါမှာ အဲ့ဒီတောင်တန်းပေါ်မှာ တပ်စွဲထားတဲ့ တပ်စခန်းကနေ ဟန့်တားခဲ့တာဖြစ်တယ်လို့ တောင်ဦးကျေးရွာက တောင်သူအမျိုးသမီးတစ်ဦးက ပြောပါတယ်။

လယ်ပိုင်ရှင် ဒေါ်ခိုင်သန်းနွယ်ဟာ လုပ်သားတွေနဲ့ ဒီဇင်ဘာ ၂၁ ရက်နေ့က သွားရောက်ခဲ့ချိန်မှာ တပ်စခန်းရှိတဲ့ လင်းမြွေတောင်ပေါ်ကနေ တပ်မတော်သားတစ်ဦး ဆင်းလာပြီး သူတို့ကို စပါးမရိတ်သိမ်းဖို့၊ အဲ့ဒီစပါးခင်းတွေကို ဝင်ပြီး စပါးရိတ်သိမ်းလို့ရှိရင် အန္တရာယ်ရှိကြောင်းနဲ့ မိုင်းတွေပေါက်ကွဲနိုင်ကြောင်း ပြောဆိုခဲ့တယ်လို့ ဒေါ်ခိုင်သန်းနွယ်က ဘီဘီစီကို ပြောပါတယ်။

"အန္တရာယ်ရှိတယ်လို့ ပြောပါတယ်။ မိုင်းကွဲမှာ စိုးရိမ်တယ်။ လုပ်တဲ့လူ အန္တရာယ် ရှိပြီးတော့ သူတို့ရှိတဲ့နေရာမှာ မဖြစ်စေချင်ဘူးလို့ ပြောပါတယ်။ ပစ္စည်းနဲ့ အသက် ဘာကိုချစ်သလဲလို့ မေးပါတယ်။ အသက်ကိုပဲ ချစ်တယ်၊ ဒါပေမယ့် ဒီစပါးတွေက ကျွန်မတို့ရဲ့အသက်တွေ ဖြစ်တယ်။ ဒါကို မရိတ်သိမ်းရရင် ချေးငွေတွေ ဘယ်လိုဆပ်မလဲ ပြောတော့ ဒါကို မတတ်နိုင်ဘူး"လို့ လယ်ပိုင်ရှင် အမျိုးသမီးက ပြောပါတယ်။

အဲ့ဒီလယ်မြေတွေဟာ တပ်မတော် တပ်စခန်းချထားတဲ့ လင်းမြွေတောင်တောင်တန်းရဲ့ အရှေ့ဘက်အောက်ခြေက ဘုန်းတော်ကြီးကျောင်းအနီးမှာရှိတဲ့ မြေစာရင်းမြေပုံ ကွင်းမှတ် ၈၁၉ လယ်မြေတွေ ဖြစ်ပါတယ်။

ဒီလို တားမြစ်တယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး "တပ်မတော်က မတားဆီးဘူးဗျ။ အေအေကပဲ တားတာဖြစ်မယ်နော်။ အေအေက ဒီရက်ပိုင်းမှာ ဘာလုပ်မယ်။ ညာလုပ်မယ်။ ဘယ်မသွားရ၊ ညာမသွားရ။ ဟိုနားမှာမိုင်းထောင်ထားတယ်။ ဒီနားမှာမိုင်းထောင်ထားတယ်ဆိုတာ အေအေကပဲ အသံထွက်နေတယ်။ ကျွန်တော်တို့ တပ်မတော်က လုံခြုံရေးပဲ လုပ်နေတာ"လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောဆိုပါတယ်။

ဒါနဲ့ ပတ်သက်လို့ အေအေဘက်ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အဆက်အသွယ် မရရှိခဲ့ပါဘူး။

ဒီလယ်တွေဟာ မိုးတွင်းကာလ စပါးစိုက်ပျိုးရာသီမှာ တောင်သူတွေအနေနဲ့ တိုက်ပွဲတွေ ကြားထဲ ခက်ခက်ခဲခဲ စိုက်ပျိုးခဲ့ကြတာဖြစ်ပြီး စိုက်ပျိုးစရိတ်ချေးငွေတွေကို ချေးယူပြီး စိုက်ပျိုးထားတာ ဖြစ်တဲ့အတွက် အခုရိတ်သိမ်းခွင့်မရလို့ရှိရင် ဝမ်းစာရေးအတွက် အခက်အခဲရှိသလို ဘဏ်ချေးငွေတွေကိုလည်း ပြန်ပေးဆပ်နိုင်မှာ မဟုတ်ဘူးလို့ လယ်ပိုင်ရှင်က ဒေါ်ခိုင်သန်းနွယ် ပြောပါတယ်။

တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ မြောက်ဦးမြို့နယ်မြောက်ပိုင်းဒေက ဝေသာလီ၊ လက္ကာ၊ အောက်သကန် စတဲ့ကျေးရွာတွေ အနီးဝန်းကျင်မှာ စိုက်ပျိုးထားတဲ့ စပါးခင်းတွေဟာ ဝင်ရောက်ရိတ်သိမ်းဖို့ စိုးရိမ်ရတဲ့အတွက် ရိတ်သိမ်းချိန်လွန် စပါးခင်းတွေအဖြစ် ကျန်ရှိနေတယ်လို့ မြောက်ဦးမြို့နယ် တောင်သူလယ်သမား သမဂ္ဂဥက္ကဌ ဦးစိုးနိုင်က ပြောပါတယ်။

စပါးရိတ်သိမ်းခွင့်မရဘဲ တားမြစ်ခံလာခဲ့ရတဲ့အတွက် လယ်ပိုင်ရှင်က အကြောင်းကြားလာခဲ့တဲ့အတွက် သူတို့ရဲ့စပါးတွေကို ရိတ်သိမ်းခွင့်မရ ဖြစ်နေတဲ့အကြောင်းကို မြို့နယ် အထွေအထေ ွအုပ်ချုပ်ရေး ဦးစီးဌာနဆီကို အကြောင်းထားဖို့ အကြံပြုထားကြောင်း မြောက်ဦးမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောပါတယ်။

"ဒါကတော့ မဖြစ်သင့်ဘူးလို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အများပြည်သူ ဝင်ထွက်သွားလာနေတဲ့ လယ်ယာလုပ်ကွက်ထဲမှာ စပါးလည်း မရိတ်သိမ်းရသေးဘူး။ မှည့်တုံးပဲ ရှိသေးတယ်။ အဲ့ဒီလိုအချိန်မှာတော့ အဲ့ဒီလယ်ကွင်းတွေပေါ်မှာ အခုလိုမျိုး မိုင်းထောင်ထားတဲ့ ကိစ္စမျိုးကို မလုပ်သင့်ဘူးလို့ ထင်တယ်"လို့ ဦးထွန်းသာစိန်က ပြောပါတယ်။

အခုလိုမျိုး တပ်မတော်အနေနဲ့ လယ်ပိုင်ရှင်တွေကို စပါးတွေ မရိတ်သိမ်းဖို့ ဟန့်တားတာဟာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ နေရာတွေကြောင့်ဖြစ်သလို စစ်ရေးအရ မရိတ်သိမ်းစေချင်တဲ့အတွက် ပြောဆိုတာလည်း ဖြစ်နိုင်တယ်လို့ တောင်သူလယ်သမားသမဂ္ဂက ပြောပါတယ်။

ဒ့ါအပြင် မြောက်ဦးမြို့နယ်အတွင်းက တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ဒေသတွေမှာ အခက်အခဲတချို့ရှိနေတဲ့အတွက် ရိတ်သိမ်းချိန်လွန်နေတဲ့ လယ်ဧကပေါင်း သောင်းနဲ့ချီပြီးရှိနေသေးတယ်လို့ မြောက်ဦးမြို့နယ် တောင်သူလယ်သမားသမဂ္ဂ ဥက္ကဌ ဦးစိုးနိုင်က ပြောပါတယ်။

အရင်က ရခိုင်ပြည်နယ်အတွင်းမှာ စပါးတွေကို လူအင်အားနဲ့ရိတ်သိမ်းခဲ့ကြပေမယ့် လက်ရှိမှာ လူတွေထွက်ပြေးနေ ကြရသလို လုပ်သားမရှိတဲ့အတွက် စပါးရိတ်သိမ်းတဲ့စက်တွေကိုပဲ အားကိုးနေကြရတာဖြစ်တယ်လို့ ဦးစိုးနိုင်က ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ နှစ်စဉ်ပုံမှန်စပါးစိုက်ပျိုးနေတဲ့ လယ်မြေဧကပေါင်း ၁၀ သိန်းကျော်ရှိနေပြီး မြောက်ဦးမြို့နယ်အတွင်းမှာ ၁ သိန်းကျော်ရှိကြောင်းနဲ့ ပြီးခဲ့တဲ့ မိုးစပါးစိုက်ပျိုးရာသီမှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် စပါးမစိုက်ပျိုးနိုင်ခဲ့တဲ့ လယ်မြေဧက ၄ ထောင်ဝန်းကျင်ရှိခဲ့တယ်လို့ တောင်သူလယ်သမား သမဂ္ဂကနေ သိရပါတယ်။