NLD ပါတီရော၊ နိုင်ငံရေးအရပါဆုံးရှုံးလို့ ကားပါမစ်မပေးသင့်ဘူးလို့ဆို အပါအဝင်မနက်ခင်းသတင်းများ

အခုကားပါမစ်ပေးတဲ့ကိစ္စက ကျွန်တော်တို့ ပါတီရော၊ နိုင်ငံရေးအရရောဆုံးရှုံးမှုဖြစ်တယ်လို့ထင်တယ်၊ မပေးတာက ပိုကောင်းတယ်လို့ပဲ ထင်ပါတယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အခုကားပါမစ်ပေးတဲ့ကိစ္စက ကျွန်တော်တို့ ပါတီရော၊ နိုင်ငံရေးအရရောဆုံးရှုံးမှုဖြစ်တယ်လို့ထင်တယ်၊ မပေးတာက ပိုကောင်းတယ်လို့ပဲ ထင်ပါတယ်
ရေးသားခဲ့သည်။

ပါတီရော၊ နိုင်ငံရေးအရပါဆုံးရှုံးလို့ ကားပါမစ်မပေးသင့်ဘူးလို့ဆို

ရွေးကောက်ပွဲနီးချိန်မှာ နိုင်ငံရေးရာထူးရထား သူတွေကို ကားတင်သွင်းခွင့်ပေးတာက ပါတီနဲ့ နိုင်ငံရေးပုံရိပ် ကို ဆုံးရှုံးနစ်နာစေတယ် လို့ မွန်ပြည်နယ်၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်မြင့်ခိုင်က ဘီဘီစီကို ပြောပါတယ်။

ကားပါမစ်တန်ဖိုးသတ်မှတ်ချက်အရ ပြည်နယ်နဲ့တိုင်းဝန်ကြီးတွေက သိန်း ၇၀၀ တန်ဖိုးရှိ ကားတင် သွင်းခွင့် ရကြမှာဖြစ်ပါတယ်။ ပြည်နယ်နဲ့တိုင်းဝန်ကြီးချုပ်တွေအပါအဝင် ဝန်ကြီးတွေက အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကိုယ်စားပြုကာ ရွေးကောက်ပွဲအနိုင်ရထားသူတွေဖြစ်သလို၊ ဝန်ကြီးချူပ်တွေက ခန့်အပ်ထား တဲ့ အရပ်သား တွေလည်း ပါဝင်ပါတယ်။

ဦးအောင်မြင့်ခိုင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားပြုပြီး မွန်ပြည်နယ်က ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာကို ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရသူဖြစ်ပါတယ်။

"အခုကားပါမစ်ပေးတဲ့ကိစ္စက ကျွန်တော်တို့ ပါတီရော၊ နိုင်ငံရေးအရရောဆုံးရှုံးမှုဖြစ်တယ်လို့ထင်တယ်၊ မပေးတာက ပိုကောင်းတယ်လို့ပဲ ထင်ပါတယ်" လို့ ဦးအောင်မြင့်ခိုင်က ဘီဘီစီကိုပြောပါတယ်။

နိုင်ငံတော်သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ရထားတဲ့ အမေရိကန်ဒေါ်လာ တသိန်းတန် ကားတင် သွင်းခွင့်ကို ယူခွင့်ရှိပေမယ့် အမှန်တကယ်ရယူလားဆိုတာကတော့ ကွာခြားပါတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က ဘီဘီစီ ကိုပြောပါတယ်။

သမ္မတဦးဝင်းမြင့် အနေနဲ့ လွှတ်တော်ဥက္ကဋ္ဌတာဝန်ယူခဲ့စဉ်က ရရှိတဲ့ ကားကိုတောင် မသုံးဘဲ ပြန်အပ်ခဲ့ ဘူးတဲ့အတွေ့အကြုံလည်းရှိခဲ့တယ်လို့ သူကပြောပါတယ်။

လက်ရှိအထိတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကသူတွေက ပါမစ်ရယူထားတာ တယောက်မှ မရှိသေးဘူး လို့ဆိုပေမယ့် အတိုင်ပင်ခံနဲ့ သမ္မတတို့က ကားတင်သွင်းခွင့်ခံစားခွင့်ကို ယူမယ်၊ မယူဘူးဆိုတာကိုတော့ ဒေါက်တာမျိုးညွှန့်က တိတိပပ မဖြေကြားခဲ့ပါဘူး။

တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေ၊ ဝန်ကြီးတွေအနေနဲ့တော့ အစိုးရအဖွဲ့က ပေးတဲ့ ကားပါမစ်ကို ယူတာမယူတာကတော့ သူတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေအရသာ ဆုံးဖြတ်ကြရမှာဖြစ်ပြီး ပါတီအနေနဲ့တော့ ဝင်ရောက်ဆုံးဖြတ်ပေးမှာမဟုတ်ဘူးလို့ ဒေါက်တာမျိုးညွန့် ကဘီဘီစီကိုပြောပါတယ်။

ဒါပေမယ့် နိုင်ငံရေးအရ ရာထူးရလာသူတွေက ကားပါမစ်တွေရယူကြတဲ့အပေါ် ပြည်သူတွေနဲ့ အဖွဲ့စည်း ပေါင်းစုံက ဝေဖန်နေကြပါတယ်။

မြေနေရာတွေကိုယူထားပေမယ့်လည်း အမှန်တကယ်လုပ်ကိုင်တာမရှိတဲ့အတွက် ကျွန်းနဲပ ကမ်းခြေတွေကို ပြန်လည်သိမ်းယူဖို့အတွက်ကိုလည်း ပြည်ထောင်စုအစိုးရအဖွဲ့ကို တင်ပြထားတယ်

ဓာတ်ပုံ ရင်းမြစ်, Ye Aung Thu/AFP/GETTY

ဓာတ်ပုံ ပုံစာ, မြေနေရာတွေကိုယူထားပေမယ့်လည်း အမှန်တကယ်လုပ်ကိုင်တာမရှိတဲ့အတွက် ကျွန်းနဲ့ ကမ်းခြေတွေကို ပြန်လည်သိမ်းယူဖို့အတွက်ကိုလည်း ပြည်ထောင်စုအစိုးရအဖွဲ့ကို တင်ပြထားတယ်

တနင်္သာရီတိုင်းက ကျွန်းတကျွန်းကို ဟိုတယ်တလုံးဘဲ ဆောက်ဖို့ ဟိုတယ်ခရီးဆွေးနွေး

တနင်္သာရီတိုင်းအတွင်းမှာရှိတဲ့ ကျွန်းတွေမှာ ကျွန်းတကျွန်းကို ဟိုတယ်တလုံးသာဆောက်လုပ်ဖို့အတွက် ဟိုတယ်ခရီးဝန်ကြီးဌာန၊ ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနတို့က ပြင်ဆင်နေ ပါတယ်။

တနင်္သာရီတိုင်းထဲမှာ ကျွန်းပေါင်း ၈၀၀ ကျော်အထိရှိပြီး ကျွန်းအသီးသီးမှာလည်း လှပတဲ့ သဘာဝ ကမ်းခြေတွေ အများပြားရှိနေသလို၊ ထိတွေ့မှုမရှိသေးတဲ့ ကျွန်းတွေလည်း အများအပြားရှိနေပါတယ်။

အချို့ကျွန်းတွေပေါ်မှာတော့ မြေဧက ထောင်ကျော်အထိ စီးပွားရေးလုပ်ငန်းရှင်တွေကို အရင်အစိုးရ လက်ထက်အတွင်းမှာ ချထားပေးခဲ့တာတွေရှိသလို၊ ဧကရာချီရှိတဲ့ မြေတွေကိုလည်း ကျွန်းအများစုမှာ လုပ်ပိုင်ခွင့်ပေးထားတာတွေရှိတယ်လို့ ၂၀၁၉နှစ်လယ်ပိုင်းက တနင်္သာရီတိုင်းအစိုးရရဲ့ သတင်းစာရှင်းလင်း ပွဲအတွင်း ဝန်ကြီးချုပ်ဦးမြင့်မောင်က ပြောဆိုထားပါတယ်။

မြေနေရာတွေကိုယူထားပေမယ့်လည်း အမှန်တကယ်လုပ်ကိုင်တာမရှိတဲ့အတွက် ကျွန်းနဲ့ ကမ်းခြေတွေကို ပြန်သိမ်းယူဖို့အတွက်ကိုလည်း ပြည်ထောင်စုအစိုးရအဖွဲ့ကို တင်ပြထားတယ်လို့ ဦးမြင့်မောင်က ပြောခဲ့ပါတယ်။

အခုတော့ ကျွန်းတကျွန်းမှာ ဟိုတယ်တလုံးသာဆောက်လုပ်ဖို့ကို ဟိုတယ်ခရီး၊ နိုင်ငံခြားစီးပွား ဆက်သွယ် ရေးဝန်ကြီးဌာနတို့နဲ့ တိုင်းအစိုးရတို့က ပြင်ဆင်နေတာဖြစ်ပါတယ်။

ကော့သောင်းမြို့နယ်မဲဆန္ဒနယ်ကိုယ်စားပြု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဇော်ကတော့ ကျွန်းတကျွန်းမှာ ဟိုတယ်တလုံးသာ ဆောက်လုပ်ဖို့ ကိစ္စကို လွှတ်တော်အတွင်း မေးခွန်းမေးမြန်း ဖို့အတွက် တင်ပြထားတယ်လို့ ဘီဘီစီကိုပြောပါတယ်။

ကော့သောင်းမြို့နယ်အတွင်းမှာကို ဖီလာကျွန်းအပါအဝင်ကျွန်း ၁၁ကျွန်းအထိရှိပါတယ်။

အဲဒီကျွန်းတွေမှာတော့ စီးပွားရေးလုပ်ကိုင်နေသူတွေရှိသလို၊ ကျွန်းအခြေအနေတွေကိုတော့ အသေးစိတ် သွားရောက်မလေ့လာဖြစ်ဘူးလို့ ဦးခင်ဇော်က ပြောပါတယ်။

ကျွန်းတကျွန်းမှာ ဟိုတယ်တခုသာတည်ဆောက်ရေးအစီအစဉ်က ဟိုတယ်နဲ့ ခရီးသွားလာရေးအပြင်၊ ရင်းနှီးမြှပ်နံှမှု တိုးတက်ဖို့အတွက် ရည်ရွယ်လုပ်ဆောင်တာဖြစ်တယ်လို့ ဇန်နဝါရီ ၇ရက်နေ့ နေပြည်တော်၊ ဟိုတယ်ခရီးဝန်ကြီးဌာန အစည်းအဝေးခန်းမ မှာလုပ်တဲ့ အစီအစဉ် အကောင်အထည်ဖော်ရေး အစည်း အဝေးမှာ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

အနည်းဆုံးတော့ အဲဘယ် နဲ့ အာအဆက် လေတပ်စခန်း ၂ခုလုံးမှာ တိုက်ခိုက်ခံခဲ့ရတယ်လို့ ပင်တဂွန်က ထုတ်ပြန်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, အနည်းဆုံးတော့ အဲဘယ် နဲ့ အာအဆက် လေတပ်စခန်း ၂ခုလုံးမှာ တိုက်ခိုက်ခံခဲ့ရတယ်လို့ ပင်တဂွန်က ထုတ်ပြန်ပါတယ်။

အီရတ်က အမေရိကန် စစ်စခန်းတွေကို ပဲ့ထိန်းဒုံးကျည် တဒါဇင်လောက်နဲ့ အီရန် ပစ်ခတ်ခဲ့

အီရတ်မှာ စခန်းချထားတဲ့ အမေရိကန်လေတပ်စခန်းကို ဖျက်အားပြင်း ပဲ့ထိန်း ဒုံးကျည် ဒါဇင်လိုက်နဲ့ အီရန်ကနေ ပစ်ခတ်ခဲ့တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

တိုက်ခိုက်မှုအပြီးမှာတော့ ဒါက အီရန်နိုင်ငံရဲ့ စစ်တပ်အကြီးအကဲ ကာဆမ်ဆူလေမာနီကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အမိန့်ပေးသတ်ဖြတ်မှုအပြီး အီရန်က တုန့်ပြန်ခဲ့တာဖြစ်တယ်လို့ အီရန်ရဲ့ နိုင်ငံပိုင် ရုပ်မြင်သံကြားက ထုတ်လွှင့်ပါတယ်။

အနည်းဆုံးတော့ အဲဘယ် နဲ့ အာအဆက် လေတပ်စခန်း ၂ခုလုံးမှာ တိုက်ခိုက်ခံခဲ့ရတယ်လို့ ပင်တဂွန်က ထုတ်ပြန်ပါတယ်။

ဗီဒီယို ပုံစာ, အမေရိကန်လက်ချက်နဲ့ သေဆုံးသွားတဲ့ အီရန်ဗိုလ်ချုပ်ကြီးက ဘယ်သူလဲ

အဲဒီလိုတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်၊ အသက်ဆုံးရှုံးမှုရှိမရှိကတော့ မသေချာသေပါဘူး။

အီရတ်မှာရှိတဲ့ အမေရိကန်ရဲ့ စစ်အခြေစိုက်စခန်းတွေ အပေါ်တိုက်ခိုက်လာနိုင်တယ်ဆိုတာကို သမ္မတကို အသိပေးခဲ့ပြီး သမ္မတကလည်း အမျိုးသားလုံခြုံရေးအဖွဲ့ရဲ့ အကြံပေးမှုတွေနဲ့ အခုအခြေအနေကို စောင့်ကြည့်နေတယ်လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ စတက်ဖနီ ဂရေးရှန်က ထုတ်ပြန်ပြော ဆိုပါတယ်။

ဗီဒီယို ပုံစာ, အီရန်ဗိုလ်ချုပ်ကြီး စျာပန လူထောင်သောင်းချီ လိုက်ပါပို့ဆောင်