အိုင်စီဂျေ ကြားနာပွဲအပေါ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောမယ့်အကြောင်း အပါအဝင် မနက်ခင်းသတင်းများ

အိုင်စီဂျေအမှုကို စာရင်းကနေ လုံးဝပယ်ဖျက်ဖို့ မြန်မာဘက်က တောင်းဆိုထား

ဓာတ်ပုံ ရင်းမြစ်, KOEN VAN WEEL/ANP/AFP via Getty Images

ဓာတ်ပုံ ပုံစာ, အိုင်စီဂျေအမှုကို စာရင်းကနေ လုံးဝပယ်ဖျက်ဖို့ မြန်မာဘက်က တောင်းဆိုထား
ရေးသားခဲ့သည်။

(၁) အိုင်စီဂျေ ကြားနာပွဲအပေါ် ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့ မိန့်ခွန်းပြောမယ်

မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး အိုင်စီဂျေမှာ ဂမ်ဘီယာနိုင်ငံက တရားစွဲထားတဲ့အမှုမှာ မြန်မာနိုင်ငံဘက်ကနေ ဦးဆောင် လျှောက်ထားချက်ပေးခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကြားနာမှုဆိုင်ရာ အတွေ့အကြုံနဲ့ ပတ်သက်လို့ ဒီကနေ့ ဒီဇင်ဘာလ ၁၈ ရက်နေ့ ဗုဒ္ဓဟူးနေ့ည ၈ နာရီမှာ မြန်မာ့ရုပ်မြင်သံကြားနဲ့ မြန်မာ့အသံ ရေဒီယိုတို့မှာ လူထုကို အစီရင်ခံ တင်ပြတဲ့ မိန့်ခွန်းပြောဖို့ ရှိတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက ထုတ်ပြန်ပါတယ်။

ရိုဟင်ဂျာ မွတ်ဆလင်တွေကို မြန်မာဘက်က လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ ဂျီနိုဆိုက် ကွန်ဗန်ရှင်းကို ချိုးဖောက်တယ်လို့ ဂမ်ဘီယာနိုင်ငံက စွပ်စွဲထားပြီး ကြားဖြတ်အစီအမံတွေ ချမှတ်ပေးဖို့ တောင်းဆိုထားတာကို အိုင်စီဂျေမှာ ဒီဇင်ဘာ ၁၀ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ကြားနာခဲ့တာ ဖြစ်ပါတယ်။

၃ ရက်တာ ကြားနာပွဲကို သွားရောက်သတင်းယူခဲ့တဲ့ ဘီဘီစီသတင်းထောက်ရဲ့ တရားသူကြီးတွေကို မေးမြန်းချက်အရ ဒီအမှုဟာ လာမယ့်နှစ် ဇန်နဝါရီလဆန်းလောက်မှာ အဆုံးအဖြတ် ထွက်လာနိုင်ဖွယ်ရှိတယ်လို့လည်း သိရပါတယ်။

(၂) ခြေဥပြင်ရေး ကော်မတီက ကြံ့ခိုင်ရေးအမတ် ၂ ဦး ထပ်မံနုတ်ထွက်

၂၀၀၈ ခြေဥပြင်ရေး ပူးပေါင်းကော်မတီဖွဲ့ဖို့ လွှတ်တော်အတည်ပြု

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ၂၀၀၈ ခြေဥပြင်ရေး ပူးပေါင်းကော်မတီဖွဲ့ဖို့ လွှတ်တော်အတည်ပြု

ပြည်ထောင်စုလွှတ်တော်က အတည်ပြုဖွဲ့ထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင် လွှတ်တော်ကိုယ်စားလှယ် ၂ ဦးက ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ ထပ်မံ နုတ်ထွက် လိုက်ပါတယ်။

ကြံ့ခိုင်ရေးပါတီက လွှတ်တော်ကိုယ်စားလှယ် စိုင်းကျော်မိုးနဲ့ ဦးဆီဟူးဒွေ့တို့ ၂ ဦးဖြစ်ပြီး သူတို့တွေက ကော်မတီမှာ ဆက်ပြီးပါဝင်ဖို့ ဆန္ဒမရှိလို့ ပူးပေါင်းကော်မတီအဖွဲ့ဝင် အဖြစ်ကနေ နုတ်ထွက်ခွင့်ပြုဖို့ ကော်မတီဥက္ကဌကို ဒီဇင်ဘာလ ၁၆ ရက်နေ့က တင်ပြခဲ့တာ ဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံပြင်ရေး ပူးပေါင်းကော်မတီဖွဲ့ဖို့ကို ဖေဖော်ဝါရီလ ၆ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီး အတည်ပြုခဲ့ပါတယ်။ ဒီနောက်တော့ ဒုတိယ လွှတ်တော်နာယက ဦးထွန်းထွန်းက ပူးပေါင်းကော်မတီရဲ့ ဥက္ကဌ အဖြစ် တာဝန်ယူပြီး နိုင်ငံရေးပါတီတွေနဲ့ တပ်မတော်ကိုယ်စားလှယ် အစုအဖွဲ့က ကိုယ်စားလှယ် အရေအတွက် အချိုးကျပါဝင်တဲ့ ၄၅ ဦးပါ ပူးပေါင်းကော်မတီကို ဖွဲ့စည်းခဲ့ပါတယ်။

ဒါပေမဲ့လည်း နောက်ပိုင်းမှာတော့ ရခိုင်အမျိုးသားပါတီက ကိုယ်စားလှယ် ၂ ဦး၊ အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီက ကိုယ်စားလှယ် ၁ ဦးနဲ့ အခု ၂ ဦးအပါအဝင် နုတ်ထွက်သူ ၅ ဦး ရှိနေပြီး ဒူးလေးပါတီက ကိုယ်စားလှယ် ဖြစ်တဲ့ ကော်မတီဝင် ဦးလာမာလေးဟာလည်း ပါတီ အစည်းအဝေး တက်ရောက်တာ မရှိတော့တဲ့အတွက် ပူးပေါင်း ကော်မတီမှာ အဖွဲ့ဝင် ၃၉ ဦးပဲ ကျန်ရှိပါတော့တယ်။

(၃)စွပ်စွဲပြစ်တင်ဖို့ စီစဉ်နေတာက အာဏာသိမ်းဖို့ ကြံနေတာလို့ သမ္မတထရမ့်ပြော

စွပ်စွဲ ပြစ်တင်မှု တစ်ခုလုံးက အလိမ်အညာတွေချည်းလို့ သမ္မတထရမ့်ပြော

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, စွပ်စွဲ ပြစ်တင်မှု တစ်ခုလုံးက အလိမ်အညာတွေချည်းလို့ သမ္မတထရမ့်ပြော

အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က သူ့ကို စွပ်စွဲပြစ်တင်ဖို့ စီစဉ်နေတာတွေဟာ ဒီမိုကရက်တွေက အာဏာသိမ်းဖို့ ကြံနေတာ ဖြစ်တယ်ဆိုပြီး ပြောကြားလိုက်ပါတယ်။

အမေရိကန်ကွန်ဂရက်လွှတ်တော် ဥက္ကဌ ဒီမိုကရက်ပါတီက နန်စီပလိုစီကို ၆ မျက်နှာရှည်တဲ့စာ ရေးပြီးတော့ ထရမ့်က ဒေါသတကြီး တုံ့ပြန်လိုက်ပြီး ဒါဟာ အမေရိကန် ဒီမိုကရေစီကို စစ်ကြေညာတာပဲလို့လည်း စွပ်စွဲလိုက်ပါတယ်။

"ဒီစွပ်စွဲ ပြစ်တင်မှု တစ်ခုလုံးက အလိမ်အညာတွေချည်းပါပဲ၊ ဒီအမှုကို ဆီးနိတ်တက်မှာကို ဆက်ပြီးတော့ ကြည့်မယ်" လို့ သမ္မတထရမ့်က ပြောပါတယ်။

လတ်တလောမှာ သမ္မတထရမ့်ကို အာဏာအလွဲသုံးစားလုပ်မှု၊ ကွန်ဂရက်လွှတ်တော်ကို နှောင့်ယှက်မှုတွေနဲ့ စွဲဆိုထားတာ ဖြစ်ပါတယ်။

မစ္စတာ ထရမ့်ကတော့ ပထမ စွဲချက်ဟာ အခြေအမြစ်မရှိဘဲ နောက်စွဲချက်ကတော့ ယုတ္တိမတန်ဘူး ဆိုပြီးတော့ တုံ့ပြန်ခဲ့ပါတယ်။

ဒါ့အပြင် သမ္မတထရမ့်ဟာ ၂၀၂၀ ပြည့်နှစ်မှာ သူနဲ့ ဒီမိုကရက်ပါတီက အဓိက ပြိုင်ဖက်လောင်း ဖြစ်လာနိုင်တဲ့သူကို စုံစမ်းဖို့ ယူကရိန်းအစိုးရကို အာဏာသုံးပြီး ဖိအားပေးခဲ့တယ်လို့ လည်း စွပ်စွဲနေကြပါတယ်။

(၄) တရုတ်ရဲ့ ပထမဆုံးတည်ဆောက်တဲ့ လေယာဉ်တင်သင်္ဘောကို လူမြင်ကွင်းရှေ့ထုတ်ပြ

တရုတ် သမ္မတရှီကျင်ဖျန်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, တရုတ် သမ္မတရှီကျင်ဖျန်

တရုတ်နိုင်ငံမှာ ပထမဆုံးတည်ဆောက်ခဲ့တဲ့ လေယာဉ်တင်သင်္ဘောရေချတဲ့ အခမ်းအနားကို သမ္မတရှီကျင်ဖျန် ကိုယ်တိုင် တက်ရောက်ခဲ့ပြီး မီဒီယာတွေရှေ့လည်း ထုတ်ပြခဲ့ပါတယ်။

ရှန်ဒုံး သင်္ဘောကြီးကို တရုတ်နိုင်ငံ တောင်ဖက်စွန်းက ဟိုင်နန်ကျွန်းကနေပြီး တောင်တရုတ်ပင်လယ်ထဲမှာ ခုတ်မောင်းဖို့လည်း ရှိနေပါတယ်။

အဲ့ဒီပင်လယ်ထဲမှာ တရုတ်နဲ့ တချို့ အာဆီယံနိုင်ငံတွေအကြား ရေပိုက်နက်အငြင်းပွားမှုတွေ ရှိနေတာလည်း ဖြစ်ပါတယ်။

တန်ချိန် ၅ သောင်းရှိတဲ့ ဒီသင်္ဘောကြီးကို ၂၀၁၇ ခုနှစ်တုန်းက စဆောက်ခဲ့ပြီး စမ်းသပ်မှုတွေလည်း အကြိမ်ကြိမ်မောင်းနှင်မှု လုပ်ခဲ့တယ်လို့ တရုတ်မီဒီယာတွေက ဖော်ပြပါတယ်။

တရုတ်ပိုင်တဲ့ ပထမဆုံး လေယာဉ်တင်သင်္ဘောကတော့ ယူကရိန်းက ဝယ်ခဲ့တဲ့ တပတ်ရစ် သင်္ဘောဖြစ်ပြီး အခုထက်ပိုကြီးတဲ့ တတိယမြောက် လေယာဉ်တင် သင်္ဘောကိုလည်း တရုတ်အစိုးရက လက်ရှိမှာ ဆောက်နေပါတယ်။

ဒါဟာ သမ္မတ ရှီကျင့်ဖျန်ရဲ့ စစ်ရေးအင်အား ချဲ့ထွင်ရေး အစီအစဉ်တွေထဲက တစ်ခုဖြစ်တယ်လို့လည်း သုံးသပ်မှုတွေ ရှိနေပါတယ်။