ကောလင်းဒေါ်မိမိကြီး အသက်အန္တရာယ် ခြိမ်းခြောက်ခံရ

မီးရှို့ ခံရ

ဓာတ်ပုံ ရင်းမြစ်, ဒေါ်မိမိကြီး

ဓာတ်ပုံ ပုံစာ, လူထုတွေ့တွေ့ဆုံပွဲ အပြီး နာရီပိုင်းမှာသူနေထိုင်တဲ့အိမ်နားမှာ မီးရှို့ ခံရ
ရေးသားခဲ့သည်။

စစ်ကိုင်းတိုင်း ကောလင်းမြို့မှာ မူးယစ်ဆေးဝါးအခြေအနေ ဆိုးရွားနေတဲ့အကြောင်း ဝန်ကြီးချုပ်ကိုဒေသခံ လူထုတွေ့တွေ့ဆုံပွဲမှာ တိုင်ကြားခဲ့တဲ့ ဒေါ်မိမိကြီးဟာ အသက်အန္တရာယ် ခြိမ်းခြောက်ခံခဲ့ရနေရတယ်လို့ ကာယကံရှင်က ဘီဘီစီ ကို ပြောပါတယ် ။

သူ့ကို ကောလင်းမြို့နေသူတစ်ဦးက တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ကနေတစ်ဆင့်ခြိမ်းခြောက်တာဖြစ်ပြီး လူထုတွေ့ဆုံပွဲမှာ တိုင်ကြားခဲ့တဲ့အတွက် ဖြစ်တယ် လို့လည်း သူကပြောပါတယ်။

ဒီဇင်ဘာလ ၁၅ ရက်နေ့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်၊ တိုင်းအစိုးရနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ကောလင်းဒေသခံ လူထုတွေ့တွေ့ဆုံပွဲလုပ်ခဲ့ကြပြီး ဒေါ်မိမိကြီးက မူးယစ်ဆေးသုံးရာမှာ အသုံးပြုတဲ့ ဆေးထိုးအပ်တွေကို ပုံးနဲ့အပြည့်ကောက်ယူလာပြီး ဝန်ကြီးချုပ်ကို ပြသတိုင်ကြားခဲ့တာဖြစ်ပါတယ်။

သူနထိုင်တဲ့အိမ်နားမှာလည်း လူထုတွေ့တွေ့ဆုံပွဲ အပြီး နာရီပိုင်းမှာ ကောတ်ရိုးပုံ နှစ်ပုံကို မီးရှို့တာနဲ့ ကြုံခဲ့ရပါတယ်။

မူးယစ်ဆေးဝါးကို ပွဲလမ်းသဘင်အလားသုံးစွဲနေကြတယ်လို့ ကောက်လာတဲ့အပ်တွေနဲ့ တင်ပြ

ဓာတ်ပုံ ရင်းမြစ်, Sagaing Region Government Office

ဓာတ်ပုံ ပုံစာ, မူးယစ်ဆေးဝါးကို ပွဲလမ်းသဘင်အလားသုံးစွဲနေကြတယ်လို့ ကောက်လာတဲ့အပ်တွေနဲ့ တင်ပြ

အခုလို မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲတဲ့နေရာဟာ ရဲစခန်းနဲ့ နီးနီးလေးပဲလို့လည်း သူက ပြောပါတယ်။

အန်အယ်လ်ဒီပါတီဝင် ဒေါ်မိမိကြီးက အခုလို တိုင်ကြားရတာဟာသားသမီးမရှိဘဲ တစ်ဦးတည်းနေထိုင်သူဖြစ်ပြီးတော့ အခုလို တိုင်ရင် အသက်အန္တရာယ် ခြိမ်းခြောက်ခံရ မယ်ဆိုတာ ကို သိထားတယ် လို့ သူကပြောပါတယ် ။

"နောင်လာနောက်သားတွေ လူမျိုးတုံးမယ့် အဖြစ်ကိုယ်ချင်းစာလို့ တင်ပြတာ ၆ တန်း ၇တန်းကျောင်းသားလေးတွေ ကအစဆေးချနေတာ တွေ့နေရတယ်"လည်းသူကပြောပါတယ်။

ကောလင်း မှာ အခုမူးယစ်ဆေးဝါး သုံးစွဲမှု မှာ ဆေးထိုးအပ်တွေ ဟာနေရာ အနှံ့ ကျယ်ကျယ်ပြန့်ပြန်ဖြစ်နေတာလို့ လည်း သူကပြောပါတယ် ။

မီးရှို့ ခံရ

ဓာတ်ပုံ ရင်းမြစ်, ဒေါ်မိမိကြီး

ဓာတ်ပုံ ပုံစာ, မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲတဲ့နေရာဟာ ရဲစခန်းနဲ့ နီးနီးလေးပဲလို့ ပြော

ဒီလို တိုင်ကြားတာကြောင့် ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်က မြို့နယ်ထွေအုပ်နဲ့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေကို ကြိမ်းမောင်းခဲ့ပါတယ်။ တိုင်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးကလည်း ဒီအကြောင်းကို သူတို့ မသိသေးကြောင်း၊ တကယ်လို့ မြို့နယ်အဆင့်တွေက အရေးတယူမလုပ်ရင် တိုင်းအဆင့်ကို တင်ပြဖို့အကြောင်း၊ အခုလိုပြောတဲ့အတွက် တင်ပြလာသူမှာ အသက်အန္တရာယ် ရှိကြောင်း ပြောဆိုခဲ့ပါတယ်။

မနေ့ညကတော့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတချို့က သူ့အိမ်နားမှာ လုံခြုံရေးယူပေးခဲ့တယ်လို့လည်း သူက ပြောပါတယ်။

သူ့ ကို သတ်ပစ်မယ်ဆိုပြီး အမျိုးသားတစ်ဦးက လွှတ်တော်ကိုယ်စားလှယ် ကနေတစ်ဆင့် အသက်အန္တရာယ် ခြိမ်းခြောက်ခဲ့တာနဲ့ ပတ်သက်လို့ ရဲစခန်းကို သွားပြီးအကြောင်းကြားထားတယ်လို့လည်း ဒေါ်မိမိကြီး ကပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က ပဲခူးတိုင်း ဥသျှစ်ပင်မြို့နယ်က အမျိုးသားတယောက်ဟာ မူးယစ်ဆေးဝါး သယ်ယူတဲ့ လမ်းကြောင်းတွေကို သက်ဆိုင်ရာကို သတင်းပေးတာကြောင့် မူယစ်ဆေးဝါးနဲ့ ပတ်သက်သူတွေကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ သူဟာ ခြိမ်းခြောက်ခံခဲ့ရတာကြောင့် သူ့ရဲ့ ဆိုင်ကယ် ပြင်လုပ်ငန်းကိုထိခိုက်လာတဲ့အပြင် တခြားမြို့ရွာကိုပါ တိမ်းရှောင်ခဲ့ရ တယ်လို့ ပဲခူးဒေသခံသတင်းထောက်တစ်ဦးကပြောပါတယ်။

အထွေထွေအုပ်ချုပ်ရေးမှူးနဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦးတို့ကို ဝန်ကြီးချုပ်က ဆူပူ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, အထွေထွေအုပ်ချုပ်ရေးမှူးနဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦးတို့ကို ဝန်ကြီးချုပ်က ဆူပူ

ကောလင်းမြို့နယ် ကျွန်းလှခုံကျေးရွာမှာ လမ်းမီးတိုင်တွေလည်းမရှိတဲ့အတွက် မှောင်းမည်းနေပြီး အဲဒီမှာ မူးယစ်ဆေး ရှော့ခ်ဖြစ်ပြီး သေတဲ့သူတွေလည်း အများကြီးရှိနေတာကို အပေါ်က တာဝန်ရှိလူကြီးတွေလည်း သိမယ်လို့ ထင်ကြောင်း ဒေါ်မိမိကြီးက ပြောပါတယ်။

တစ်ဆက်တည်းမှာပဲ တွေ့ဆုံပွဲမှာဝန်ကြီးချုပ်က သူနဲ့အတူရှိနေတဲ့ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးသန်းထွန်းအောင်ကိုလည်း ဒီကိစ္စနဲ့ပတ်သက်လို့ ပြောကြားစေခဲ့ပါတယ်။

" အခုဒီမှာ ရှိတဲ့တာဝန်ရှိသူတွေအလုပ်မလုပ်ဘူးဆိုရင် ကျွန်တော်တို့ကိုတင်ပြပေးပါ။ ဒီအနေအထားက ကျွန်တော်တို့လည်း ဒီရောက်မှသိတာပါ။ ဒီလိုသတင်းတွေပေးနေမှ ဗဟိုကနေ ဆင်းစစ် ခိုင်းပြီး အရေးယူဆောင်ရွက်ရမှာဖြစ်တယ်။ ဒီလိုတွေဖြစ်နေတာကို သတင်းပေးတင်ပြဖို့လိုပါတယ်" လို့ နယ်လုံဝန်ကြီးက ပြောခဲ့ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဟာ ဒီဇင်ဘာ ၁၆ ရက်မှာ စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ မဏ္ဍိုင်သုံးရပ်နဲ့ ပြည်သူလူထု တွေ့ဆုံပွဲ တက်ရောက် နေပါတယ်။