ဒေါ်အောင်ဆန်းစုကြည် အိုင်စီဂျေခရီး စတင်၊ ရသေ့တောင်မှာ တိုက်ပွဲတွေပြင်းထန်၊ အမေရိကန်နဲ့ အီရန် နှစ်နိုင်ငံ အကျဉ်းသား လဲလှယ်ရေး အောင်မြင် အပါအဝင် ဒီဇင်ဘာ ၈ ရက် မနက်ခင်းထိပ်တန်းသတင်းများ

ဓာတ်ပုံ ရင်းမြစ်, Myanmar State Counsellor office
(၁) ဒေါ်အောင်ဆန်းစုကြည် အိုင်စီဂျေခရီးစတင်
နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အပြည်ပြည်ဆိုင်ရာတရားရုံး အိုင်စီဂျေမှာ တရားရင်ဆိုင်ဖို့ ဒီကနေ့ ဒီဇင်ဘာ ၈ ရက် မနက်ပိုင်းမှာ မြန်မာနိုင်ငံကနေ စတင်ထွက်ခွာသွားပါတယ်။
အတိုင်ပင်ခံဟာ ဒီဇင်ဘာ ၈ ရက်မနက်မှာ နေပြည်တော်ကနေ ထိုင်းကို သွားရောက်ပြီး ထိုင်းကနေတစ်ဆင့် ကုလသမဂ္ဂရဲ့အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ) ရှိရာ နယ်သာလန်နိုင်ငံ၊ သဟေ့ဂ်မြို့ကို ခရီးဆက်မှာဖြစ်တယ်လို့ နေပြည်တော်သတင်းရင်းမြစ်တချို့က ဘီဘီစီကိုပြောပါတယ်။
အိုင်စီဂျေမှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အစ္စလာမစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အိုအိုင်စီကိုယ်စား တရားစွဲထားတာဖြစ်ပြီး ၂၀၁၇ ပဋိပက္ခဖြစ်စဉ်နောက်ပိုင်း ရခိုင်ပြည်နယ်တွင်းက ရိုဟင်ဂျာတွေကို လူမျိုးတုံး သတ်ဖြတ်မှုစွပ်စွဲချက်နဲ့ ဖြစ်ပါတယ်။ ဒီစွဲချက်ပေါ်မူတည်ပြီး သက်သေတွေကို မဖျောက်ပစ်ဖို့နဲ့ လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်တာတွေကို ရပ်တန့်ဖို့ ကြားဖြတ်စီမံဆောင်ရွက်ချက်တွေကို ချမှတ်ပေးဖို့ ဂမ်ဘီယာက တောင်းဆိုထားတာဖြစ်ပါတယ်။
တရားခွင်ကြားနာမှုတွေကို ဒီဇင်ဘာ ၁၀ ရက်မှာ စတင်မှာဖြစ်ပြီး ဂမ်ဘီယာနိုင်ငံက စတင်လျှောက်ထားချက်ပေးရမှာဖြစ်ပါတယ်။ အဲဒီနောက် ဒီဇင်ဘာ ၁၁ မှာ မြန်မာနိုင်ငံက လျှောက်လဲချက်ပြန်ပေးရမှာဖြစ်ပြီး ဒီဇင်ဘာ ၁၂ မှာတော့ နှစ်ဖက် တုံ့ပြန်လျှောက်လဲတာတွေ လုပ်ဖို့ရှိပါတယ်။
အိုင်စီဂျေမှာ တရားခွင်စတင်စစ်ဆေးမယ့်နေ့ ဒီဇင်ဘာ ၁၀ မှာ မြန်မာနိုင်ငံရဲ့မြို့ကြီးအတော်များများမှာ ဒေါ်အောင်ဆန်းစုကြည်ထောက်ခံပွဲတွေ လုပ်သွားဖို့ ပြည်တွင်းက ထောက်ခံသူတွေက စီစဉ်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, BBC burmese
ဒါ့အပြင် အိုင်စီဂျေတရားရုံးရှေ့မှာလည်း ဒေါ်အောင်ဆန်းစုကြည်ကိုထောက်ခံပွဲလုပ်ဖို့ ပြည်ပရောက်မြန်မာအင်အားစုတွေက စီစဉ်ထားပြီး တရားခွင် ထဲအထိ ဝင်ရောက်နားထောင်ခွင့်ရဖို့ ခုံအရေအတွက် အကန့်အသတ်ရှိတဲ့အတွက် စောစောလာရောက်ဖို့လိုတယ်လို့ အဲဒီထောက်ခံပွဲကို စီစဉ်သူတွေက အသိပေးထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Michel Porro
နယ်သာလန်နဲ့ မြန်မာနိုင်ငံဟာ အချိန်ကွာခြားချက် ငါးနာရီခွဲတိတိရှိပြီး အိုင်စီဂျေတရားခွင် စတင် မယ့်အချိန်တွေဟာ မြန်မာနာရီနဲ့ဆို ညနေ သုံးနာရီခွဲဖြစ်ပါတယ်။
တရားခွင်ကြားနာမှုတွေကို အိုင်စီဂျေတရားရုံး ဝက်ဘ်ဆိုက် www.icj-cij.orglen/multimedia-index နဲ့ ကုလသမဂ္ဂအွန်လိုင်းရုပ်သံ UN Web TV တို့မှာ အင်္ဂလိပ်၊ ပြင်သစ်နှစ်ဘာသာနဲ့ တိုက်ရိုက်ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။
အိုင်စီဂျေမသွားခင် တစ်ရက်အလိုမှာပဲ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယီ နေပြည်တော် လာရောက်ပြီး အတိုင်ပင်ခံ၊ သမ္မတတို့နဲ့တွေ့ဆုံခဲ့ပါ တယ်။ အဲဒီခရီးစဉ်အတွင်း တရုတ်ကနေ ရခိုင်ပြည်နယ်အတွက် လှူဒါန်းတဲ့ အလွယ်တကူတပ်ဆင်နိုင်တဲ့ နေအိမ်အလုံး တစ်ထောင်ကို လှူဒါန်းတဲ့ စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ ဒီကနေ့ ဒီဇင်ဘာ ၈ ရက်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံဖို့ရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Myanmar State Counsellor office
မစ္စတာဝမ်ယီ နေပြည်တော်ရောက်နေချိန်မှာပဲ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲကို နေပြည်တော်နဲ့ အနီးတစ်ဝိုက်က ဒေသခံတွေစုပေါင်းပြုလုပ်ခဲ့ပြီး အင်အား သောင်းနဲ့ချီရှိခဲ့ပါတယ်။
အဲဒီလိုပဲ စစ်ကိုင်းက ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ရပ်တည်ကြောင်း ဆန္ဒဖော်ထုတ်မှုမှာလည်း သံဃာတွေနဲ့ သီလရင်တွေအပါအဝင် အင်အား ငါးထောင်ကျော် ပါဝင်ခဲ့သလို မိုးညင်း၊ဗန်းမော်နဲ့ ပေါင်းတည်တို့မှာလည်း ထောက်ခံပွဲတွေ တစ်ရက်တည်း အသီးသီးပြုလုပ်ခဲ့ပါတယ်။
(၂) ရသေ့တောင်မှာ တိုက်ပွဲတွေပြင်းထန်

ဓာတ်ပုံ ရင်းမြစ်, Myint Lwin
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် အေအေတို့အကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး ဒီဇင်ဘာ ၇ ရက်မှာ တပ်မတော်ဘက်က ရဟတ်ယာဉ်နှစ်စီးနဲ့ အကြိမ်ကြိမ် လာရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရဟတ်ယာဉ်ပေါ်ကနေ တိုက်ခိုက်သလို အနီးအနားရှိ မြန်မာ့တပ်မတော် ရေဆိုးချောင်းဗျူဟာစခန်းကနေ တိုက်ခိုက်မှုတွေကြောင့် ရေဘုတ်၊ အမျက်တောင်၊ ငစံဘော်၊ ကျောက်တန်း ကျေးရွာတွေက ဒေသခံထောင်နဲ့ချီ ထွက်ပြေးခဲ့ရတယ်လို့ သိရပါတယ်။
ဘီဘီစီက အဲဒီဒေသခံတွေကို ဆက်သွယ်မေးမြန်းနေစဉ်မှာကိုပဲ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲတဲ့အသံကိုလည်း ကြားခဲ့ရပါတယ်။
"အကုန်လုံးပြေးနေကြရတယ်။ ရွာနားတွေမှာ အလုံးတွေ၊ အမြှောက်တွေ ကျနေတာ။ လေယာဉ်က နှစ်ခေါက်လာပြီးပြီလေ" လို့ ဒေသခံအမျိုးသမီးတစ်ဦးက ဘီဘီစီကို ဒီဇင်ဘာ ၇ ရက်မှာပြောပါတယ်။
ရသေ့တောင်မြို့နယ်နဲ့ ဘူးသီးတောင်မြို့နယ်ကြား ရွာပေါင်း ၁၀ ရွာကျော်ဟာ ရွာသားတွေစွန့်ခွာသွားကြတဲ့အတွက် ရွာပျက်တဲ့အဆင့်ကိုရောက်နေပြီလို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။
(၃) အမေရိကန်နဲ့ အီရန် နှစ်နိုင်ငံ အကျဉ်းသား လဲလှယ်ရေး အောင်မြင်

ဓာတ်ပုံ ရင်းမြစ်, US EMBASSY BERN
အမေရိကန်နဲ့ အီရန် နှစ်နိုင်ငံအကျဉ်းသား လဲလှယ်ရေးအတွက် ညှိနှိုင်းပြောဆိုခဲ့ကြရာမှာ အလွန်မျှတစွာ ညှိနှိုင်းဆောင်ရွက်နိုင်ခဲ့တဲ့အတွက် အီရန်ကို ကျေးဇူးတင်ကြောင်း အမေရိကန်သမ္မတ ထရမ့်က ပြောပါတယ်။
ဒီအကျဉ်းသားလဲလှယ်မှုက အမေရိကန်နဲ့ အီရန်ကြားမှာ သဘောတူညီချက်တွေရရှိနိုင်တယ်ဆိုတာကို သက်သေပြလိုက်တာလည်းဖြစ်တယ်လို့ သူက ပြောပါတယ်။
အီရန်ဘက်က သူလျှိုမှုနဲ့ ဖမ်းဆီးထောင်ချထားတဲ့ အမေရိကန်ပါရဂူဘွဲ့ကျောင်းသားကို လွှတ်ပေးခဲ့ပါတယ်။ အဲဒီကျောင်းသားကတော့ သူဟာ သူလျှိုမဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။
အမေရိကန်ဘက်ကတော့ အီရန်သိပ္ပံပညာရှင်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, JAVAD ZARIF TWITTER
အီရန်နဲ့သဘောတူချုပ်ဆိုထားတဲ့ နျူကလီးယားစာချုပ်ကို သမ္မတ ထရမ့်က ဖျက်သိမ်းခဲ့ပြီး ပိတ်ဆို့အရေးယူမှုတွေတိုးမြှင့်ခဲ့တဲ့နောက်ပိုင်းမှာ နှစ်နိုင်ငံ ဆက်ဆံရေး ဆိုးရွားလာခဲ့တာဖြစ်ပါတယ်။
အီရန်နဲ့သဘောတူစာချုပ် ချုပ်ဆိုထားတဲ့ နျူကလီးယားစာချုပ်ကို သမ္မတထရမ့်က ဖျက်သိမ်းခဲ့ပြီး ပိတ်ဆို့ အရေးယူမှုတွေတိုးမြှင့်ခဲ့တဲ့နောက်ပိုင်းမှာ နှစ်နိုင်ငံဆက်ဆံရေး ဆိုးရွားလာခဲ့တာဖြစ်ပါတယ်။
အရေးကြီးတာက ပြဿနာရဲ့ရေသောက်မြစ်ဖြစ်ပြီး အမေရိကန်က နျူကလီးယားစာချုပ်ကို ရုတ်သိမ်းခဲ့ရာကနေ နှစ်နိုင်ငံဆက်ဆံရေး တင်းမာ လာတာဖြစ်တယ် လို့ သူက ဆိုပါတယ်။ အခုဆိုရင် အီရန်က နျူကလီးယားအရေး ရှေ့တိုးလာနေတယ်လို့ အခုအကျဉ်း သားလဲလှယ်မှုနဲ့ပတ်သက်ပြီး နိုင်ငံတကာ ပဋိပက္ခဖြေရှင်း ရေးအဖွဲ့ ICG က အီရန် ပရောဂျက်ဒါရိုက်တာ အာလီဘေ့စ် က ပြောပါတယ်။
ဒါပေမဲ့ ဘယ်လောက်ပဲ သေးငယ်ပါစေ နှစ်ဘက်ဆွေးနွေးပြီး သဘောတူညီချက်တစ်ခုခု ရလိုက်တာဟာလည်း မဆိုးဘူးလို့ သူက ပြောခဲ့ပါတယ်။
(၄) ဖလော်ရီဒါစစ်အခြေစိုက်စခန်းပစ်ခတ်မှုအပေါ် အမေရိကန်ကာကွယ်ရေးဝန်ကြီးမှတ်ချက်ပြု

ဓာတ်ပုံ ရင်းမြစ်, Reuters
အမေရိကန်စစ်အခြေစိုက်စခန်း တိုက်ခိုက်ခံရမှုဟာ အကြမ်းဖက်တိုက်ခိုက်မှုလို့ သတ်မှတ်ဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးက ပြောလိုက်ပါတယ်။
ဖလော်ရီဒါမှာ ရှိတဲ့ စစ်သင်တန်းကျောင်းထဲက စာသင်ခန်းထဲမှာ ဆော်ဒီလေတပ်သင်တန်းသားက သေနတ်နဲ့ပစ်ခတ်ခဲ့လို့ သုံးဦးသေဆုံးခဲ့ပြီး ရှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။ သေနတ်သမားကို ပစ်သတ်ခဲ့ကြတယ်လို့လည်း သတင်းတွေက ဖော်ပြပါတယ်။
ဆော်ဒီသင်တန်းသားဟာ အမေရိကန်အနေနဲ့ နိုင်ငံတကာမှာ စစ်ပွဲတွေဆင်နွှဲနေတာကို အပြစ်တင်ခဲ့ပြီး အိုစမာဘင်လာဒင်ကို ချီးကျူး ပြောဆိုတဲ့ မှတ်ချက်တစ်ခု အွန်လိုင်းမှာတင်ခဲ့တဲ့အကြောင်းကို အင်တာနက် စောင့်ကြည့်လေ့လာရေးအဖွဲ့တစ်ဖွဲ့က ထုတ်ဖော်ခဲ့ပါတယ်။
အဲဒီလို ထုတ်ဖော်ပြီးမကြာခင်မှာပဲ အမေရိကန်ကာကွယ်ရေးဝန်ကြီးကလည်း ဒီပစ်ခတ်မှုကို အကြမ်းဖက်မှု လို့ သတ်မှတ်ဖို့ အသင့်မဖြစ်သေးကြောင်း ပြောကြားတာဖြစ်ပါတယ်။
ဒီဇင်ဘာ ၆ ရက်က အဲဒီပစ်ခတ်မှုဖြစ်ပြီးပြီးချင်းမှာပဲ ဆော်ဒီဘုရင်က အမေရိကန်သမ္မတကို ဖုန်းဆက်ပြီး ဝမ်းနည်းကြောင်း ပြောကြားခဲ့ပါတယ်။









