ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒေါ်ဥမ္မာလှိုင်ရဲ့ သားနှစ်ဦး သက်သေအဖြစ်ကနေပယ်ဖျက်ဖို့တင်ပြမှုအငြင်းခံရ
နေပြည်တော်က Wisdom Hill ကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က တရားလိုလုပ်ပြီးရှေ့နေဒေါ်စုဒါလီအောင်ကို စွဲဆိုထားတဲ့ အမှုမှာ သားနှစ်ဦးကို သက်သေအဖြစ် တင်သွင်းထားတာကို ပယ်ဖျက်ပေးဖို့ တင်ပြခဲ့ပေမယ့် ဥပဒေအရာရှိက ခွင့်မပြုခဲ့ဘူးလို့ဒေါ်စုဒါလီအောင်က ပြောပါတယ်။
သံသယတရားခံရဲ့ရှေ့နေဒေါ်စုဒါလီအောင်ကို ဒေါ်ဥမ္မာလှိုင်က စွဲဆိုထားတဲ့ အမှုရုံးချိန်းလေးကြိမ်မြောက်မှာ တင်ပြခဲ့တာလို့သိရပါတယ်။
ဒေါ်စုဒါလီအောင်ရဲ့ မီဒီယာကို ပြောဆိုချက် တချို့က ကလေးသူငယ် အပေါ် ထိခိုက် နစ်နာစေဆိုပြီး ဒေါ်ဥမ္မာလှိုင်ဘက်က စတင် အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။
Wisdom Hill မူကြိုကျောင်း ကြီးကြပ်ရေးမှူးဒေါ်ဥမ္မာလှိုင်က ကလေးသူငယ်ကာကွယ်ရေးဥပဒေနဲ့တရားစွဲဆိုထား ပြီးသက်သေအဖြစ်တင်သွင်းထားခဲ့တဲ့ဒေါ်ဥမ္မာလှိုင်ရဲ့သားနှစ်ဦး ဒီနေ့သက်သေထွက်ဖို့ ရှိနေတာလည်းဖြစ်ပါတယ်။
သက်သေအဖြစ်ကပယ်ဖျက်ပေးဖို့တင်ပြချက်ကိုဥပဒေအရာရှိကကန့်ကွက်ခဲ့ပြီး တရားရုံးက ငြင်းလိုက်တာဖြစ်တယ်လို့လည်း ဒေါ်စုဒါလီအောင်ကပြောပါတယ်။
ရှေ့နေဒေါ်စုဒါလီအောင်က ဗစ်တိုးရီယားအမှုရုံးချိန်းမှာ အပြီး မီဒီယာကို ပြောဆိုချက် တချို နဲ့ပတ်သက်ပြီး ကလေးသူငယ်ဆိုင်ရာအခွင့်အရေးကာကွယ်ရေးဆိုင်ရာဥပဒေပုဒ်မ ၁၀၁ နဲ့ စွဲဆိုခံထားရတာပါ။
ဒီဇင်ဘာလ ၂ ရက်နေ့ရုံးချိန်းကို တော့ ကလေးတွေ စာမေးပွဲရှိလို့ ဆိုပြီးရောက်မလာခဲ့ဘူးလို့ လည်း ဒေါ်စုဒါလီအောင်ကပြောပါတယ်။
လာမယ့် ရုံးချိန်းကို ဒီဇင်ဘာလ ၁၆ ရက်ကို ချိန်းဆိုထားပြီး အမှုစစ်ရဲအရာရှိနဲ့ ဒေါ်ဥမ္မာလှိုင်ရဲ့ သားနှစ်ဦးကို စစ်ဆေးဖို့လည်းရှိနေပါတယ်။
အဲဒီနေ့ စစ်ဆေး ရင် သက်သေနှစ်ဦးဟာ ကလေးသူငယ်တွေဖြစ်တဲ့အတွက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေအရ အများပြည်သူ မမြင်နိုင် မကြားနိုင်အောင် တရားသူကြီးရုံးခန်းမှာသီးခြားစစ်ဆေးမှာဖြစ်တယ်လို့ဒေါ်စုဒါလီအောင် ရှေ့နေဦးခင်မောင်ဇော်ကပြောပါတယ်။
အဲဒီလိုစစ်ဆေးရာမှာ ကာယကံရှင်တွေ၊ အမှုသည်တွေ၊ နှစ်ဖက်ရှေ့နေတွေနဲ့ သက်သေတွေပါဝင်မယ်လို့ သူကပြောပါတယ်။
အမူ့ကိုစတင်စွဲဆိုကတည်းက ဒေါ်ဥမ္မာလှိုင်ရဲ့ သူ့သားနှစ်ဦးကို တရားလိုသက်သေအဖြစ်ထည့်သွင်းထားတာ ဖြစ်တယ်လို့လဲရှေ့နေတွေကပြောပါတယ်။
လက်ရှိတရားရုံးမှာရင်ဆိုင်နေရတဲ့ဒေါ်ဥမ္မာလှိုင်ကဒေါ်စုဒါလီအောင်ကိုစွဲဆိုထားတဲ့အမူ့ကိုလဲချေဖျက်ပေးဖို့ကိုလဲသက်ဆိုင်ရာကိုတင်ပြလိုက်ပြီးဒီရက်ပိုင်းမှာပဲရလဒ်တခုရလာလိမ့်မယ်လို့မျှော်လင့်တဲ့အကြောင်းကိုလည်း ဦးခင်မောင်ဇော်ကမီဒီယာတွေကိုပြောဆိုသွားခဲ့ပါတယ်