ရခိုင်တိုက်ပွဲအတွင်း သေဆုံးသူ၈၀ကျော်ရှိလာ၊ဟောင်ကောင်မှာ ဒီမိုကရေစီအရေးလိုလားတဲ့ကိုယ်စားလှယ်လောင်းတွေ အပြတ်အသတ်အနိုင်ရနေ အပါအဝင်မနက်ခင်းသတင်းများ

စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်လည်း တက်ရောက်ခဲ့

ဓာတ်ပုံ ရင်းမြစ်, MPA

ဓာတ်ပုံ ပုံစာ, စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်လည်း တက်ရောက်ခဲ့
ရေးသားခဲ့သည်။

၁) ICJ မှာတရားရင်ဆိုင်မယ့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကို ထောက်ခံပွဲကြိုဆိုပွဲတွေစတင်ပြုလုပ်

မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ)မှာ ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားတဲ့အပေါ် သွားရောက်ရင်ဆိုင်မည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့ပွဲကို မုံရွာမြို့မှာနိုဝင်ဘာ ၂၄ ရက်နေ့ ကပြုလုပ်ခဲ့ပါတယ်။

အဆိုပါ ထောက်ခံကြိုဆိုပွဲကို စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်လည်း တက်ရောက်ခဲ့ပြီးစုစုပေါင်း လူအင်အား နှစ်ထောင်ခန့်ပါဝင်ခဲ့ပါတယ်။ ကျန်အထင်ကရ မြို့ကြီးတွေ မှာလည်းဆက်လုပ်သွားဖို့ရှိတယ်လို့ သိရပါတယ်။

ICJ မှာ သွားရောက်ရင်ဆိုင်မယ့် အဖွဲ့ကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွဲ့ခေါင်းဆောင် အဖြစ်ဦးဆောင်ပြီး အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကျော်တင့်ဆွေက ဒုတိယ အဖွဲ့ခေါင်းဆောင် အဖြစ်ရွေးချယ်ထားကြောင်း နိုဝင်ဘာ ၂၃ ရက်နေ့က နိုင်ငံတော် သမ္မတ အိမ်တော်မှာ အစိုးရ နဲ့ တပ်မတော် ထိပ်တန်းခေါင်းဆောင်တွေ တွေ့ဆုံပွဲမှာ အစိုးရဘက်ကထုတ်ဖော်ပြောဆိုထားပါတယ်။ ဆွေးနွေး ခဲ့ပါတယ်။

ဒါ့အပြင် ဂျီနိုဆိုက်လို့ ခေါ်တဲ့ လူမျိုးတုံး သတ်ဖြတ်တဲ့အမှု နဲ့ပတ်သက်လို့ ကမ္ဘာပေါ်မှာ ရှေ့နေလိုက်တဲ့ ရှေ့နေ ၁၀ ဦးသာ ရှိပြီး အဲဒီ ထဲကမှ ၅ ဦးက ထူးချွန်သူတွေ ဖြစ်တယ်။ အဲဒီ ၅ ဦးထဲက ၂ ဦးကို မြန်မာဘက် က ငှားရမ်းထားတယ်လို့ တာဝန်ရှိသူတွေက ရှင်းပြခဲ့တယ်လို့ အစည်းအဝေးကို တက်ရောက်ခဲ့ တဲ့ ဝန်ကြီးက ပြောပါတယ်။

မြန်မာအသင်းဟာ အုပ်စုအဖွင့်ပွဲအဖြစ် ဒီကနေ့မှာ မလေးရှား အသင်းနဲ့ စတင်ကစားရမှာဖြစ်

ဓာတ်ပုံ ရင်းမြစ်, MFF

ဓာတ်ပုံ ပုံစာ, မြန်မာအသင်းဟာ အုပ်စုအဖွင့်ပွဲအဖြစ် ဒီကနေ့မှာ မလေးရှား အသင်းနဲ့ စတင်ကစားရမှာဖြစ်

၂) ဆီးဂိမ်းစ်ပြိုင်ပွဲအုပ်စုအဖွင့်ပွဲစဉ်အဖြစ် မြန်မာအသင်းနဲ့ မလေးရှားအသင်း ဒီကနေ့ကစားကြမယ်

အကြိမ် ၃၀မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲမှာ မြန်မာအသင်းဟာ အုပ်စုအဖွင့်ပွဲအဖြစ် ဒီကနေ့မှာ မလေးရှား အသင်းနဲ့ စတင်ကစားရမှာဖြစ်ပါတယ်။

ဒေသစံတော်ချိန် ညနေ ၄နာရီ၊ မြန်မာစံတော်ချိန် ညနေ ၂နာရီခွဲမှာ ကန်မှာဖြစ်ပါတယ်။

မြန်မာယူ-၂၂အသင်းဟာ အုပ်စု A မှာ အိမ်ရှင် ဖိလစ်ပိုင်၊ မလေးရှား၊ ကမ္ဘောဒီးယား၊ အရှေ့တီမောတို့နဲ့ အတူကျခဲ့ပါတယ်။ တစ်ဖက်မှာတော့ လက်ရှိ ချန်ပီယံ ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ စင်ကာပူ၊ လာအိုနဲ့ ဘရူနိုင်းတို့ ၆သင်းပါဝင်မှာ ဖြစ်ပါတယ်။ အုပ်စုတွင်းမှာ ထိပ်ဆုံး ၂သင်း ဆီမီးတက်ခွင့်ရမှာဖြစ်လို့ မြန်မာယူ-၂၂အသင်းအတွက် ၃ကြိမ်ဆက် ဆီမီးတက်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

မြန်မာအသင်းရဲ့ ပွဲစဉ်များ

မလေးရှား - မြန်မာ ( နိုဝင်ဘာ ၂၅ရက်၊ ၂နာရီခွဲ)

မြန်မာ - ဖိလစ်ပိုင် ( နိုဝင်ဘာ ၂၇ရက်၊ ၂နာရီခွဲ)

အရှေ့တီမော - မြန်မာ ( နိုဝင်ဘာ ၂၉ရက်၊ ၂နာရီခွဲ )

မြန်မာ - ကမ္ဘောဒီးယား ( ဒီဇင်ဘာ ၂ရက်၊ ညနေ ၆နာရီခွဲ)

ဖိလစ်ပိုင်နိုင်ငံမှာ လေ့ကျင့်နေတဲ့ မြန်မာအသင်း

ဓာတ်ပုံ ရင်းမြစ်, MFF

ဓာတ်ပုံ ပုံစာ, ဖိလစ်ပိုင်နိုင်ငံမှာ လေ့ကျင့်နေတဲ့ မြန်မာအသင်း

အကြိမ် ၃၀မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲဝင်မယ့် မြန်မာ ဘောလုံး အသင်း ကတော့ အုပ်စုပွဲတွေ ကစားဖို့ ဖိလစ်ပိုင်နိုင်ငံကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ အသက် ၂၃နှစ် အောက် ပြိုင်ပွဲတစ်ခုဖြစ်တဲ့ ဆီးဂိမ်းစ် အားကစား ပြိုင်ပွဲမှာ မြန်မာ ဘောလုံးအသင်းဟာ အရင်က ချန်ပီယံဖြစ်ခဲ့ဖူးပါတယ်။ ၁၉၅၉ခုနှစ်မှာ စတင်ခဲ့တဲ့ ကျွန်းဆွယ် အားကစား ပြိုင်ပွဲရဲ့ ဘောလုံးပြိုင်ပွဲတွေမှာ မြန်မာဟာ ၅ကြိမ်အထိ ချန်ပီယံ ဖြစ်ခဲ့ဖူးတာပါ။ ပြိုင်ပွဲစတင်ကျင်းပပြီး တတိယ အကြိမ်မှာ ပထမဆုံး ချန်ပီယံဖြစ်ခဲ့တာ ဖြစ်ပြီး အဲ့ဒီတုန်းက ထိုင်းအသင်းနဲ့ ပူးတွဲ ချန်ပီယံဖြစ်ခဲ့ပါတယ်။ ရန်ကုန်မှာ ကျင်းပခဲ့တဲ့ ၁၉၆၁ ဒုတိယအကြိမ်မှာ မလေးရှားကို ဖိုင်နယ်မှာ ရှုံးပြီး ဒုတိယပဲ ရခဲ့တဲ့ မြန်မာအတွက် ပြိုင်ပွဲ သမိုင်းတစ်လျောက် ၁၉၆၅ကနေ ၁၉၇၃ခုနှစ် အထိ ၅ကြိမ်ဆက် ချန်ပီယံ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

၁၉၇၇ခုနှစ်မှာ ကျွန်းဆွယ် အားကစားပြိုင်ပွဲကနေ ဆီးဂိမ်းစ်အဖြစ် ပြောင်းလဲ ပြီး နောက် မြန်မာဟာ ချန်ပီယံ လုံး၀ မဖြစ်တော့တာ လက်ရှိ အချိန်အထိပါ။ ၂၀၀၁ခုနှစ်က ကွာလာလမ်ပူမှာ လုပ်ခဲ့တဲ့ မလေးရှား ဆီးဂိမ်းစ်မှာ မြန်ဟာ ယူ-၂၃အသင်းဟာ ဆီမီးအထိ တက်ရောက်ခဲ့ပြီး တတိယ ရခဲ့ပါတယ်။ အဲ့ဒီနောက် ဆက်တိုက် ယှဉ်ပြိုင်လာတဲ့ ဆီးဂိမ်းစ်ပြိုင်ပွဲ ၈ကြိမ်မှာ ဆီမီးဖိုင်နယ်ကို ၅ကြိမ် တက်ခဲ့ပြီးနောက် ဗိုလ်လုပွဲအဆင့်ကို ၂ကြိမ် တက်ခဲ့ပါတယ်။ ၂၀၀၇ခုနှစ် ထိုင်း ဆီးဂိမ်းစ်နဲ့ ၂၀၁၅ စင်ကာပူ ဆီးဂိမ်းစ် ပြိုင်ပွဲတွေမှာပါ။ ဒါပေမယ့် အဲ့ဒီ နှစ်ကြိမ်စလုံး ထိုင်းယူ -၂၃အသင်းကိုချည်း ရှုံးပြီး ငွေတံဆိပ်နဲ့သာ ကျေနပ်ခဲ့ရတာပါ။

အောက်တိုဘာ၂ ရက်နေ့က လက်နက်ကြီးကျည်ဒဏ်သင့်ခဲ့တဲ့ ရခိုင်ပြည်နယ်သံဃနာယကအကျိုးတော်ဆောင် အတွင်းရေးမှူးဆရာတော်
ဓာတ်ပုံ ပုံစာ, အောက်တိုဘာ၂ ရက်နေ့က လက်နက်ကြီးကျည်ဒဏ်သင့်ခဲ့တဲ့ ရခိုင်ပြည်နယ်သံဃနာယကအကျိုးတော်ဆောင် အတွင်းရေးမှူးဆရာတော်

၃) ရခိုင်တိုက်ပွဲတွေအတွင်း သေဆုံးသူ ၈၀ကျော်ရှိလာပြီး ဖမ်းဆီးခံထားရသူအရေအတွက် ၁၀၀ကျော်ရှိလာ

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း သေဆုံးသူ ၈၀ကျော်ရှိလာပြီး ဖမ်းဆီးခံထားရသူ အရေအတွက်ကလည်း ၁၀၀ကျော်ရှိလာပြီလို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုအစည်းအရုံး REC အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောပါတယ်။

သေဆုံးသူ ၈၇ ဦးအနက် ၂၁ ဦးဟာ တပ်မတော်ရဲ့ စစ်ကြောရေးမှာ သေဆုံးသွားတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း ကျောက်တော်မြို့နယ်မီးဝရွာက လူ ၆ ဦးကို မြန်မာ့တပ်မတော်က ဖမ်းခေါ်သွားတာလည်း ၅ ရက်ရှိနေပြီ ဖြစ်ပေမယ့် အဆက်အသွယ်မရဘဲ ဖြစ်နေတဲ့ အတွက် မိသားစုတွေ အကြား စိုးရိမ်နေကြတယ်လို့ ဖမ်းဆီးခံထားရသူဦးရွှေနုရဲ့ ညီမဖြစ်သူကပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းတိုက်ပွဲတွေပိုမိုပြင်းထန်လာသလို ဖမ်းဆီးမှုတွေကတော့ ဒီတစ်ပတ် နှစ်ပတ် အတွင်းမှာ ပိုများလာပြီး တပ်မတော်ကနေ ဖမ်းဆီးပြီး ရဲတပ်ဖွဲ့ကို လွဲပြောင်းလိုက်သူ အရေအတွက်တိုးလာနေပါတယ်။

လွန်ခဲ့တဲ့ ရက်အနည်းငယ်ကလည်း အမ်းမြို့မ ရဲစခန်းကို ၁၀ ဦး၊ ကျောက်တော်မြို့မ ရဲစခန်းကို ၄ ဦးနဲ့တပ်မတော်ဘက်က ဖမ်းဆီးပြီး ၅ ရက်ခန့်အကြာလောက်မှာ လွဲပြောင်း ပေးခဲ့ပါတယ်။

အခု တစ်လော ရခိုင်ပြည်နယ်အတွင်း ဖမ်းဆီးခံရသူတွေဟာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ မြို့နယ်တွေက ဖြစ်တယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုအစည်းအရုံး REC အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောပါ တယ်။

ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့အကြားဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကြောင့်ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်အရေအတွက်ဟာ ၉၂၀၀၀ ကျော်ရှိသွားပြီလို့လည်း ရခိုင်တိုင်းရင်းသားမျိုးနွယ်စုအစည်းအရုံး ကကောက်ယူထားတဲ့ စာရင်း အချက်အလက်တွေအရ သိရပါတယ်။

ဒီမိုကရေစီအရေးလိုလားတဲ့ကိုယ်စားလှယ်လောင်းတွေ အပြတ် အသတ်အနိုင်ရနေ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဒီမိုကရေစီအရေးလိုလားတဲ့ကိုယ်စားလှယ်လောင်းတွေ အပြတ်အသတ်အနိုင်ရနေ

၄)ဟောင်ကောင်ရွေးကောက်ပွဲတွေမှာ ဒီမိုကရေစီအရေးလိုလားတဲ့ကိုယ်စားလှယ်လောင်းတွေ အပြတ် အသတ်အနိုင်ရနေ

ဟောင်ကောင်ဒေသဆိုင်ရာ ရွေးကောက်ပွဲတွေမှာ ဒီမိုကရေစီအရေးလိုလားတဲ့ ကိုယ်စားလှယ်လောင်းတွေ ဟာ အစောပိုင်းမဲရလဒ်တွေအရ မကြုံစဖူး အပြတ်အသတ်အနိုင်ရနေပြီဖြစ်ပါတယ်။

အစောပိုင်းရလဒ်တွေအရ ဒီမိုကရေစီအရေးလိုလားတဲ့ကိုယ်စားလှယ်လောင်းတွေ ဟာ နေရာပေါင်း ၂၇၈ နေရာကိုအနိုင်ရထားပြီး ဘေဂျင်းလိုလားတဲ့ကိုယ်စားလှယ်လောင်းတွေကတော့ ၄၂နေရာပဲအနိုင်ရထား ပါသေး တယ်။

ဒီရွေးကောက်ပွဲဟာ လနဲ့ချီ ဆူပူအုံကြွ၊ဆန္ဒပြမှုတွေ ပဋိပက္ခတွေအပြီးမှာ ဒီမိုကရေစီ အရေးလိုလား သူတွေရဲ့ ထောက်ခံမှုအားကို အစိုးရကို ပြသလိုက်တဲ့အဖြေလည်းဖြစ်ပါတယ်။

ဟောင်ကောင်ဒေသအစိုးရနဲ့ ဘေဂျင်းအစိုးရဘက်က ဒီရွေးကောက်ပွဲဟာ ဆန္ဒပြသူတွေကို ဆန့်ကျင်တဲ့ တိတ်ဆိတ်နေတဲ့ဟောင်ကောင်သူဟောင်ကောင်သားတွေရဲ့ ထောက်ခံမှုကို ပြသမဲ့ပွဲလို့ မျှော်လင့်ခဲ့ပေမယ့် ဘေဂျင်းအစိုးရလိုလားသူကိုယ်စားလှယ်လောင်းတွေထဲက ထင်ရှားတဲ့ကိုယ်စားလှယ်လောင်းတွေပါ ရှုံးနိမ့်သွားခဲ့ပြီဖြစ်ပါတယ်။