ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒဂုံတက္ကသိုလ်ကျောင်းသားအမှုက ဖောင်ဦးစီးနဲ့ ပွဲစားကို လူကုန်ကူးမှုနဲ့ အမှုဖွင့်ထား၊ လုပ်ငန်းရှင်ကိုလည်း စစ်ဆေးနေ
ငါးဖမ်းကျားဖောင်လုပ်ငန်းတွေမှာ လုပ်ကိုင်ဖို့ လူကုန်ကူးခံခဲ့ရတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသား ကိုမြတ်သူရထွန်းအမှုမှာ သူ့ကိုနှိပ်စက်တယ်ဆိုတဲ့ ကျားဖောင်ဦးစီးနဲ့အတူ ပွဲစားတစ်ဦးကို ဖျာပုံရဲစခန်းမှာ ဖမ်းဆီးပြီးစစ်ဆေးနေပြီလို့ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့၊ ဒုတိယတပ်ဖွဲ့မှူး၊ ရဲမှူးကြီးမျိုးသူစိုးက ဘီဘီစီကိုပြောပါတယ်။
သူတို့ ၂ဦးနဲ့အတူ ထွက်ပြေးနေတဲ့ ပွဲစား ၂ဦးကိုပါ အမှုစတင်ဖြစ်ပွားရာ ရန်ကုန်မြို့ ကျောက်တံတားရဲစခန်းမှာ နိုဝင်ဘာ ၂၂ရက်နေ့ညက လူကုန်ကူးမှုနဲ့ စတင်အမှုဖွင့်လိုက်ပြီဖြစ်တယ်လို့လည်း သိရပါတယ်။
' ' အခုကတော့ အမှုကိုစစစ်လို့ရအောင် လူကုန်ကူးမှုနဲ့အရင်အမှုဖွင့်လိုက်တာပါ။ လုပ်ငန်းရှင်ကိုလည်း ကျွန်တော်တို့ ခေါ်စစ်ပါတယ်။ သူတို့ဘက်က ထွက်ချက်နဲ့ ခံရသူဘက်က ထွက်ဆိုချက်ပေါ်မူတည်ပြီးမှ အမှုကိုဆက်ပြီးတော့စစ်မှာပေါ့။ အမှုပေါ်ပေါက်ချက်အရ ထပ်ပြီးတော့မှ ပါလာမယ့်သူတွေရှိဦးမှာပေါ့''လို့ ရဲမှူးကြီး မျိုးသူစိုးကပြောပါတယ်။
ဒဂုံတက္ကသိုလ် သမိုင်းဘာသာ နောက်ဆုံးနှစ်ကျောင်းသားကိုမြတ်သူရထွန်းဟာ အမျိုးသမီး ၂ဦးရဲ့ခေါ်ဆောင်မှုနဲ့ ပင်လယ်ပြင်က ကျားဖောင်လို့ခေါ်တဲ့ ရေလုပ်ငန်းခွင်ထဲမှာ လုပ်ကိုင်ဖို့ ရောင်းစားခံခဲ့ရတာဖြစ်ပါတယ်။
သူ့ကို မိသားစုဝင်တွေက လုပ်ငန်းရှင်ဆီကနေ ငွေပေးပြီး ပြန်ရွေးယူခဲ့ရပါတယ်။
ကျားဖောင်လုပ်ငန်းခွင်ထဲမှာ တစ်လခွဲကြာနေထိုင်ပြီး ပြန်လွတ်လာတဲ့ ကိုမြတ်သူရထွန်းဟာ ဒဏ်ရာအများ စုနဲ့ ပြန်ရောက်လာခဲ့တာလည်းဖြစ်ပါတယ်။
' ' အခုက လူကုန်ကူးမှုပဲဆိုပေမယ့် သူ့ကို နှိပ်စက်တဲ့ဒဏ်ရာတွေကလည်းအများအပြားဆိုတော့ ညှင်းပန်းနှိပ်စက်မှုတွေ အခြားပုဒ်မတွေလည်း ထပ်ပါလာနိုင်ခြေရှိပါတယ်။ ဒါ့အပြင် သူပြောတဲ့ မောင်မောင်စိုးနဲ့ မောင်မောင်သက်တို့ဆိုသူ ၂ ဦးထဲက မောင်မောင်စိုး ကိုတော့ အဲ့ငါးဒိုင်ကိုပဲပြန်ခေါ်ခိုင်းတော့ ပြန်ခေါ်ပေး တယ်။ဒီမနက် ဖျာပုံ ကိုရောက်လာပြီ။ မောင်သက်ကတော့ ၂၄ ရက်နေ့ရောက်မယ်လို့ ပြောတယ်''လို့ ရဲမှူးကြီး မျိုးသူစိုးက ကိုမြတ်သူရထွန်းနဲ့အတူ ကျားဖောင်တွေမှာလုပ်ဖို့ လူကုန်ကူးခံရ တယ်ဆိုတဲ့သူတွေ အကြောင်းကိုလည်းပြောပြပါတယ်။
ကျားဖောင်အများစုဟာ ငါး၊ပုစွန်တွေကို ကမ်းခြေကနေ စက်လှေနဲ့ ၁၀ နာရီကျော်ကြာမောင်းပြီးသွားမှရောက်တဲ့ ရေမိုင် ၅၀ ကျော်အကွာလောက်မှာ သွားရောက်ပြီးဖမ်းဆီးလုပ်ကိုင်ကြတာဖြစ်ပါတယ်။
ဒီကျားဖောင်လုပ်ငန်းခွင်တွေထဲ လုပ်ကိုင်နေတဲ့သူတွေထဲမှာ ကိုမြတ်သူရထွန်းအပြင် အခြားသော ပုံစံအမျိုးမျိုးနဲ့ လူကုန်ကူးခံပြီး လုပ်အားခေါင်းပုံဖြတ်ခံရသူတွေလည်းရှိနေပါတယ်။
' ' ဒီအမှုနဲ့ဆက်စပ်ပြီး အခြားဆက်စပ်နေတာတွေရှိလည်း ထပ်ပြီး အရေးယူနိုင်ဖို့ လုပ်သွားမှာပါ။ အခု မောင်မောင်စိုး မောင်မောင်သက်တို့ လုပ်တဲ့ကျားဖောင်တွေမှာလည်း သူတို့ကို နှိပ်စက်သလား၊ လုပ်အားခကို ဘယ်လိုလုပ်သလဲ ဒါတွေကို ဆက်ပြီး စစ်ဆေးသွားမှာပါ''လို့ လည်း လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့၊ ဒုတိယတပ်ဖွဲ့မှူး၊ ရဲမှူးကြီး မျိုးသူစိုးက ဘီဘီစီကိုပြောပါတယ်။
ဒါ့အပြင် ကိုမြတ်သူရထွန်းအမှုမှာ အဓိကကျတဲ့ ပွဲစားအမျိုးသမီး ၂ဦးကို ဖမ်းဆီးရမိနိုင်ရေးအတွက်လည်း ရဲတပ်ဖွဲ့အနေနဲ့ လိုက်လံစုံစမ်းနေတယ်လို့လည်း သူကပြောပါတယ်။
' 'ဒီအမှုကို အမြန်ဆုံးတရားစွဲတင်နိုင်ဖို့လုပ်သွားမှာပါ''လို့ လည်းသူကပြောပါတယ်။
ဧရာဝတီတိုင်းဖျာပုံမြို့နယ်ကနေ ဆက်သွားရတဲ့ပင်လယ်ပြင်အတွင်းက ကျားဖောင်လို့ခေါ်တဲ့ ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်းတွေကနေ တစ်နိုင်ငံလုံးစားသုံးနေတဲ့ မျှင်ငါးပိ၊ ငါးခြောက်၊ ပုစွန်ခြောက်တွေကို အဓိကထုတ်လုပ်ပေးနေတာဖြစ်ပါတယ်။