ရသေ့တောင်မှာ တိုက်ပွဲရှောင်သူ သုံးပါးတစ်ပုံနီးပါး ကလေးငယ်တွေဖြစ်

ရေးသားခဲ့သည်။

ရခိုင်ပြည်နယ် မြောက်ပိုင်း ရသေ့တောင်မြို့နယ်က နေရပ်စွန့်ခွာ ထွက်ပြေးလာကြသူ ၅၀၀ ကျော်မှာ သုံးပုံတစ်ပုံနီးပါးက ကလေးတွေဖြစ်လို့ သူတို့ရဲ့ ပညာရေး ခက်ခဲနေပါတယ်။

ထွက်ပြေးလာတဲ့ ကလေး ၁၅၀ မှာ ကျောင်းသားတွေ အများအပြား ပါဝင်နေတယ်လို့ အဲ့ဒီဒုက္ခသည်တွေဆီကို ရောက်ရှိနေတဲ့ ရခိုင်ဦးဆောင်ပါတီ(AFP)ရဲ့ အတွင်းရေးမှူး ဦးအောင်သန်းဝေက ပြောပါတယ်။

သူတို့ဟာ ဥဂါကျေးရွာ ဘုန်းတော်ကြီးကျောင်းကို ရောက်ရှိ ခိုလှုံနေကြတာ ဖြစ်ပါတယ်။

အခုထွက်ပြေးလာသူတွေဟာ ရသေ့တောင်မြို့နယ် မုစဲကျွန်းမှာရှိတဲ့ ရွှေလောင်းတင်ကျေးရွာနဲ့ မြင်းကတ်ချောင်း ကျေးရွာသားတွေ ဖြစ်ကြပြီး နိုဝင်ဘာ ၁၁ ရက်နေ့ညက ဖြစ်ပွားခဲ့တဲ့ တပ်မတော်ရေ သင်္ဘောကို အေအေက တိုက်ခိုက်မှုနောက်ပိုင်း ရွာမှာမနေရဲဘဲ ထွက်ပြေးလာသူတွေ ဖြစ်ပါတယ်။

လက်ရှိမှာ တိုက်ပွဲဖြစ်ပွားတာတွေ မရှိတော့ပေမဲ့ ထွက်ပြေးလာသူတွေဟာ နေရပ်ကို မပြန်ရဲဘဲ သူတို့လက်ရှိနေထိုင်ရာမှာ ဆက်ပြီးနေထိုင်နေတာဖြစ်ပါတယ်။

"အခုအချိန်ထိ ကလေးတွေ ပညာရေးနဲ့ ပတ်သက်လို့တော့ စီစဉ်ပေးထားတာ မရှိသေးဘူး။ တချို့ကလေးတွေက ကျွန်တော်တို့ကို ပြောကြတယ်။ ၉ တန်း ၁၀ တန်းတွေလေ။ သူတို့ စာမေးပွဲလည်း နီးပြီ။ ကျောင်းမတက်ရဘူးဆိုတော့ ပညာရေး ဆုံးရှုံး မှာကို စိုးရိမ်တယ်။ သက်ဆိုင်ရာနဲ့ စီစဉ်ဆောင်ရွက်ပေးဖို့ ကျွန်တော်တို့ကို ပြောတာရှိတယ်"လို့ ဦးအောင်သန်းဝေက ပြောပါတယ်။

မကြာခင်မှာ ဆောင်ဦးရာသီကို ရောက်ရှိတော့မှာဖြစ်လို့ နေရပ်စွန့်ခွာ ထွက်ပြေးလာသူတွေအတွက် ချမ်းအေးတဲ့ ပြဿနာကို ကြုံတွေ့ကြရမှာ ဖြစ်သလို အခုလို ဆက်လက်နေထိုင်နေရင် ကျောင်းသားတွေရဲ့ ပညာရေးနဲ့ ကျန်းမာရေး အခြေအနေတွေ ထိခိုက်လာနိုင်တယ်လို့လည်း ဦးအောင်သန်းဝေက ပြောပါတယ်။

"ကျွန်တော်တို့ ရွာသားတွေ ဘယ်လိုနေရလဲ ဆိုတာကို လာကြည့်တာပါ။ လောလောဆယ်မှာတော့ ဒီရွာသားတွေကို စေတနာပါပါနဲ့ အကူအညီပေးထားတာကို တွေ့နေရပါတယ်။ ဆက်ပြီးတော့ ဘယ်လောက်ထိ နေရမလဲဆိုတာတော့ သူတို့အပေါ်မှာ မူတည်ပါတယ်။ ကျွန်တော်က တာဝန်ယူပြီး ခေါ်သွားလို့မဖြစ်ဘူးလေ"လို့ ရွှေလောင်းတင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းအေးကပြောပါတယ်။

မကြာခင်လပိုင်းမှာ မူလတန်းနဲ့ အလယ်တန်းအဆင့်တွေကို စာမေးပွဲ စစ်ဆေးတော့မှာ ဖြစ်ပြီး အထက်တန်းအဆင့်တွေ အတွက်လည်း အရေးကြီးတဲ့ သင်ကြားချိန်တွေမှာ အခုလို ထွက်ပြေးနေကြရတာကြောင့် စိုးရိမ်နေတာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့ မြို့နယ်တွေက ကျောင်းသားအများစုဟာ အခုနှစ်မှာ ပညာကို ကောင်းစွာ မသင်နိုင်ခဲ့သလို ဒုက္ခသည်စခန်းကို ရောက်နေတဲ့ ကျောင်းသားတွေထဲမှာလည်း ကျောင်းထွက်လိုက်ရတဲ့ ကျောင်းသားတွေ အများအပြား ရှိနေတယ်လို့ ရခိုင်က ဘီဘီစီ သတင်းထောက်က ပြောပါတယ်။