ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရသေ့တောင်မှာ တပ်မတော်ရဲ့ ဖမ်းဆီးမှုကနေ ထွက်ပြေးခဲ့တယ် ဆိုတဲ့ ရွာသားတွေ ပုန်းရှောင်နေရ
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာကနေ တပ်မတော်စစ်ကြောင်းတစ်ခုက ဖမ်းဆီးသွားခဲ့တယ်လို့ ဆိုတဲ့ ကျေးရွာသား ၂ ဦးဟာ ထွက်ပြေးလွတ်မြောက်လာပြီးနောက်ပိုင်းမှာ လုံခြုံရေး စိုးရိမ်ရလို့ ပုန်းရှောင်နေရတယ်လို့ သူတို့နဲ့ နီးစပ်တဲ့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။
အေအေနဲ့ ဆက်စပ်တယ် ဆိုပြီး ဖမ်းဆီး ခံရမှုတွေ ဆက်တိုက် ဖြစ်ပေါ်နေတဲ့အတွက် ဒေသခံ အရပ်သားတွေကြားမှာ စိုးရိမ်မှုတွေလည်း မြင့်တက်နေတယ်လို့ ပြောပါတယ်။
အခု ပုန်းရှောင်နေရတယ်ဆိုတဲ့ ဦးငမဲ နဲ့ ဦးထွန်းဝေ တို့ ၂ ဦးဟာ အောက်တိုဘာ ၃၀ ညနေပိုင်းမှာ တပ်မတော် စစ်ကြောင်းရဲ့ ဖမ်းဆီးမှုကနေ ထွက်ပြေးလွတ်မြောက်လာခဲ့ကြကာ အောက်တိုဘာ ၃၁ ရက်နေ့ မနက်ပိုင်းမှာ ရသေ့တောင်မြို့ကို ရောက်ရှိလာခဲ့ကြပြီး ဖမ်းဆီးတုန်းမှာ ရလာခဲ့တယ်ဆိုတဲ့ ဒဏ်ရာတွေကို ရသေ့တောင်မြို့ ပြည်သူ့ဆေးရုံမှာ ဆေးဝါးကုသမှုတွေ ခံယူခဲ့ကြတာပါ။ အဲဒီနောက် ဆေးရုံက ဆင်းပြီး ပုန်းရှောင်နေကြတယ်လို့ သူတို့ကို အကူအညီပေးခဲ့တဲ့ ဒေသခံတွေက ပြောပါတယ်။
ကျောက်တန်းကျေးရွာသား ဦးငမဲ (ခ) ဦးစောမောင်သိန်း အသက် ၅၆ နှစ်နဲ့ ဦးထွန်းဝေ အသက် ၄၈ နှစ်တို့ဟာ အောက်တိုဘာလ ၂၅ ရက်နေ့က လယ်ယာလုပ်ဖို့ သွားတဲ့လမ်းမှာ တပ်မတော်စစ်ကြောင်းနဲ့ တွေ့ပြီး ဖမ်းဆီးခံလိုက်ရတာဖြစ်ကာ ၃၀ ရက်နေ့ကျမှ ထွက်ပြေးလွတ်မြောက်လာခဲ့ကြတယ်လို့ ဆိုပါတယ်။ တပ်မတော်ရဲ့ ဖမ်းဆီးခံခဲ့ရသူတွေထဲမှာ ကျောက်တန်းကျေးရွာက ဦးငမဲနဲ့ ဦးထွန်းဝေအပြင် ရေပုတ်ရွာက ဦးကျော်သန်းလှိုင် (အသက် ၄၇ နှစ်) နဲ့ ဦးလှထွန်းစိန် (အသက် ၆၈) လည်း ပါဝင်ပြီး စုစုပေါင်းဖမ်းဆီးခံခဲ့ရသူက ၄ ဦး ဖြစ်ပါတယ်။
တပ်မတော်စစ်ကြောင်းရဲ့ ဖမ်းဆီးတာခံခဲ့ရတယ် ဆိုတဲ့ ပြောဆိုချက်အတွက် ဘီဘီစီက အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ပထမတန်း ဗိုလ်မှူးကြီးဝင်းဇော်ဦးကို မေးကြည့်ရာမှာတော့ အဲဒီထွက်ပြေးလာတဲ့သူတွေဟာ တပ်မတော်ဘက်က ဖမ်းဆီးခဲ့သူတွေမဟုတ်ကြောင်းနဲ့ တပ်မတော်အနေနဲ့ ရသေ့တောင်မြို့နယ်ဘက်မှာ ဖမ်းဆီးထားတာမရှိကြောင်း ငြင်းဆိုပါတယ်။
"မဟုတ်ဘူး၊ ကျွန်တော်တို့ ဖမ်းထားတာ တစ်ယောက်မှ မရှိဘူး၊ အေအေက ဖမ်းသွားတဲ့သူတွေသာရှိတယ်၊ ဟိုတလောမှာ အေအေဖမ်းသွားတဲ့ဟာတွေ အများကြီးပဲ၊ အဲ့ဒီ ရေပုတ်ရွာတို့ ရေမျက်ရွာတို့ဆိုတာ အကုန်လုံး အေအေတွေချည်းပဲ" လို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။
အောက်တိုဘာ ၂၆ ရက်မှာ ဖြစ်ပွားခဲ့တဲ့ စစ်တွေ-ဘူးသီးတောင်ကို ပြေးဆွဲနေတဲ့ ရွှေနဒီရှပ်ပြေးယာဉ် ၁ စီးပေါ်က တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အေအေက ဖမ်းဆီးတဲ့ ဖြစ်စဉ်မှာလည်း အဲဒီ ရေမျက်ကျေးရွာဘက်ကို ဖြတ်ပြီး ခေါ်ဆောင်သွားခဲ့တာဖြစ်ကြောင်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။
ဒါပေမယ့် နီးစပ်သူတွေရဲ့ ပြောဆိုချက်မှာတော့ အောက်တိုဘာ ၃၁ ရက်နေ့ မနက်ပိုင်းမှာ အဲဒီထွက်ပြေးလာသူတွေ ရသေ့တောင်ဆေးရုံကို ရောက်ရှိခဲ့ပြီး ဆေးကုသမှုတွေခံယူနေတဲ့အချိန်မှာလည်း သက်ဆိုင်ရာအဖွဲ့အစည်းကလို့ ယူဆရတဲ့အဖွဲ့က လူတွေက လာရောက်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲဒီလိုမျိုး လာရောက်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တဲ့အတွက် သူတို့ကို အေအေ တပ်ဖွဲ့ဝင်တွေဆိုပြီး ထပ်မံဖမ်းဆီးခံရမှာကို စိုးရိမ်နေကြလို့ အခုတော့ သူတို့ ပုန်းရှောင်နေရတယ်လို့ ပြောပါတယ်။
ဖမ်းဆီးခံခဲ့ရတဲ့ အဲဒီကျေးရွာသား ၄ ဦးအနက် ၃ ဦးသာ ထွက်ပြေးလွတ်မြောက်လာနိုင်ခဲ့ပြီး ရေပုတ်ကျေးရွာက ဦးလှထွန်းစိန်ကတော့ ကြိုးဖြေမရတဲ့အတွက် ကျန်ခဲ့တယ်လို့ ဆိုပါတယ်။
ဒေသခံရွာသားတွေနဲ့ မျက်မြင်သက်သေတွေရဲ့ ပြောဆိုချက်အရ အဲဒီ ကျေးရွာသားတွေဟာ တပ်မတော်ရဲ့ဖမ်းဆီးခံခဲ့ရစဉ်အတွင်းမှာ ရိုက်ပုတ်တာတွေ နှိပ်စက်ညှဉ်းပန်းတာတွေကို ခံခဲ့ကြရတဲ့အတွက် ဒဏ်ရာတွေနဲ့ ထွက်ပြေးလွတ်မြောက်လာခဲ့တာ ဖြစ်တယ်လို့ သူတို့ကိုယ်တိုင် ပြောဆိုခဲ့ကြောင်း ဒေသခံ မျက်မြင်တွေက ပြောပါတယ်။
တပ်မတော်ဘက်ကတော့ ဖမ်းဆီးနှိပ်စက်တယ်ဆိုတာတွေကို ငြင်းဆိုပါတယ်။
အောက်တိုဘာ ၃၀ ရက် နေ့မှာ အဲဒီ ရွာသား ၄ ဦးကို ဖမ်းဆီးခဲ့တယ် ဆိုတဲ့ စစ်ကြောင်းဟာ ထီးစွဲကျေးရွာဘက်ကို ထွက်လာခဲ့တဲ့အခါ ဖမ်းထားသူတွေကို အတူ ခေါ်ယူလာခဲ့ပြီး ထီးစွဲကျေးရွာ ကန်ပေါင်ရိုးမှာရှိတဲ့ တိုင်တွေမှာ နောက်ပြန်ကြိုးချည်နှောင် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ် ဆိုပါတယ်။ အဲဒီမှာ ၃ ဦးက စစ်သားတွေ အိပ်ပျော်နေတဲ့အချိန်မှာ ထွက်ပြေးလာခဲ့ကြတာဖြစ်ပါတယ်။
ကျန်ရှိခဲ့သူ ရေပုတ်ရွာသား ဦးလှထွန်းစိန် ကိုတော့ နိုဝင်ဘာ ၁ ရက်နေ့မှာ စစ်ကြောင်း ထီးစွဲ ကနေ ပြန်လည် ထွက်ခွာချိန် ရွာအပြင်မှာ ဒဏ်ရာတွေနဲ့ ထားခဲ့တယ်လို့ ထီးစွဲဒေသခံတွေက ပြောပါတယ်။ ဦးလှထွန်းစိန်ဟာ စိတ်ပုံမှန် မဟုတ်တော့တဲ့အနေအထား ရှိပြီး ရွာအပြင် ကွင်းပြင်မှာ ဒဏ်ရာတွေနဲ့ သွားလာနေတာကို တွေ့ရှိရကြောင်း၊ စစ်ကြောင်း ထွက်သွားပြီးနောက်ပိုင်း နိုဝင်ဘာ ၂ ရက်နေ့မှာ ရွာပြင်ကို အသွားအလာ ပြန်လုပ်ကြတဲ့ ဒေသခံ ရွာသားတွေက ပြောပါတယ်။ ဦးလှထွန်းစိန်ကို ပြန်လာခေါ်ယူဖို့ ရေပုတ်ရွာက သူ့ မိသားစုတွေကို ဆက်သွယ် အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။
ရေပုတ်ရွာသား နောက် တစ်ဦး ဖြစ်သူ ဦးကျော်သန်းလှိုင် ကတော့ ထွက်ပြေးလွတ်မြောက်ခဲ့ပေမယ့် ဘယ်နေရာကို ရောက်နေသလဲဆိုတာ မသိရသေးဘဲ ဆက်သွယ်လို့ မရ ဖြစ်နေတယ် ဆိုပါတယ်။
အခု ဖြစ်စဉ်ကို ထုတ်ဖော် ပြောဆိုကြတဲ့ ဒေသခံတွေရဲ့အမည်တွေကိုတော့ လုံခြုံရေး အခြေအနေကြောင့် ထုတ်ဖော် မပြောဆိုဖို့ သူတို့က တောင်းဆိုပါတယ်။
"သူတို့ အဲ့ဒီမှာ ညှဉ်းပမ်းနှိပ်စက်ခံခဲ့ကြရတဲ့အတွက် ဒဏ်ရာတွေရရှိခဲ့ကြတယ်၊ သံတုတ်နဲ့ရိုက်တာတွေ၊ ဓားနဲ့ထိုးတဲ့ဒဏ်ရာတွေ၊ ကန်ကျောက်ထားတဲ့ ဖိနပ်ရာတွေပါတယ်၊ ကျောက်တန်းရွာက ဦးထွန်းဝေဆိုတဲ့သူမှာ အတွင်းဒဏ်ရာက ပြင်းထန်တယ်" လို့ သိရကြောင်း အမည်မဖော်လိုတဲ့ ရသေ့တောင်မြို့ခံတစ်ဦးက ကို ပြောပါတယ်။
ဖမ်းဆီးခံခဲ့ရသူတွေ ကိုယ်စီမှာ ဒဏ်ရာတွေ ပါလာကြောင်းကိုလည်း သူတို့ရဲ့ မိသားစုဝင်တစ်ဦးက အတည်ပြု ပြောဆိုပါတယ်။
ဖမ်းဆီးခံနေခဲ့ရတဲ့အချိန်မှာ သူတို့ကို တွင်းတူးခိုင်းတာကြောင့် သူတို့ကိုယ်တိုင် တူးခဲ့ကြရကြောင်းနဲ့ တွင်းနှစ်တွင်း ပြီးစီးခဲ့တယ်လို့ ကာယကံရှင်တွေက ပြောကြောင်း နီးစပ်သူတွေက ပြန်လည်ပြောပြပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ရွှေနဒီအမြန်ရေယာဉ်ပေါ်က တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ အပါအဝင် လူ ၆၀ နီးပါးကို အေအေ ဘက်က ဖမ်းဆီးသွားတဲ့အတွက် တပ်မတော်ဘက်က တန်ပြန် နယ်မြေရှင်းလင်းရေးတွေ ဆောင်ရွက်ချိန်မှာ ဖမ်းဆီးခဲ့တဲ့ ရေပုတ်ကျေးရွာသား ၁၃ ဦးကို တော့ တပ်မတော်ဘက်က အောက်တိုဘာ ၃၁ ရက်နေ့မှာ ပြန်လည် လွှတ်ပေးခဲ့တဲ့အတွက် ကျေးရွာကို ပြန်လည်ရောက်ရှိလာခဲ့ကြပြီဖြစ်တယ်လို့ ဒေသခံ တွေက ပြောပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် အေအေတို့အကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတာ ၁ နှစ် နီးပါး ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ တိုက်ပွဲတွေအတွင်း အရပ်သားသေဆုံးမှု ၉၀ နီးပါးရှိနေပြီ ဖြစ်သလို ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၁၃၀ ကျော်နဲ့ အကြမ်းဖက် ဥပဒေ အပါအဝင် တခြားပုဒ်မတွေနဲ့ ဖမ်းဆီးတရားစွဲဆိုခံနေရသူ ၁၅၀ ကျော်ရှိနေတယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ စာရင်းဇယားတွေအရ သိရပါတယ်။