အီတလီမှာ ထီးတော်တင်ခဲ့တဲ့ ပုလင်းစေတီ

ဓာတ်ပုံ ရင်းမြစ်, အီတလီသဘာဝတရားရိပ်သာ
ပုလင်း စေတီတည်ထားတဲ့ သဘာဝ တရားရိပ်သာက အီတလီနိုင်ငံ တောင်ပိုင်း ကာလာဘရီယာ Calabria ပြည်နယ်၊ ချင်ကွီဖရန်ဒီ Cinquefrondi မြို့မှာ တည်ရှိပါတယ်။
အောက်တိုဘာ လကုန်က ဒီ ပုလင်းစေတီကို ထီးတော်တင်ခဲ့တာ ဖြစ်ပါတယ်။ အီတလီ သဘာဝ တရားရိပ်သာကိုတော့ အောက်တိုဘာ ၂၀ ရက်နေ့က ဖွင့်ပွဲလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, အီတလီသဘာဝတရားရိပ်သာ
ရိပ်သာထဲမှာ သိမ် နေရာကိုလည်း ပုလင်းတွေနဲ့ တည်ဆောက်နေပါတယ်။
ဘာကြောင့် ပုလင်းစေတီတည်ဖြစ်တာလဲ
ရိပ်သာတည်ဆောက်ဖို့ ဝယ်ယူထားတဲ့ အဆောက်အအုံကြီးရဲ့ မြေအောက်ခန်းမှာ အရင် အိမ်ရှင်တွေ ထားခဲ့တဲ့ ဝိုင်ပုလင်းတွေ အများကြီးကို စွန့်ပစ် ပေးပစ်ပေမဲ့ မကုန်တဲ့ အတွက် တခုခုလုပ်ရင် ကောင်းမယ် ဆိုပြီး သဘာဝ တရား ရိပ်သာ ဆရာတော် အရှင် ဥတ္တမသာရက စိတ်ကူးခဲ့တာ ဖြစ်ပါတယ်တယ်။
ခြံထဲမှာ သစ်ပင် ပန်းပင်တွေကို အုတ်ခဲနဲ့ ခြံခတ်သလို ပုလင်းတွေနဲ့ ခြံခတ်ဖို့ မူလက စီစဉ်ပြီးခါမှ ဂျာမနီနိုင်ငံ Frankfurt Buddhaswwg က အုတ်ပုံ စေတီ ကို ဖူးရပြီး ပုလင်းစေတီ တည်ဖို့ အကြံရ ခဲ့တာလို့ ဆရာတော်က ဘီဘီစီကို မိန့်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ဆရာလေးဆန္ဒာဓိကာ
ဝိုင်ပုလင်းတွေနဲ့ တည်တဲ့စေတီ
တကယ်တော့ ဒီပုလင်းတွေရဲ့ မူလ ပိုင်ရှင် အိမ်ရှင်ဟောင်းက ကိုယ်တိုင် ဝိုင်အရက် ချက်လုပ် သူဖြစ်လို့ ဝိုင်ထည့်ဖို့ ထားတဲ့ ပုလင်းတွေ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, အီတလီသဘာဝတရားရိပ်သာ
ပုလင်းစေတီရဲ့ အတွင်းမှာ ရွှေတိဂုံစေတီ ပုံတော် အသေးလေးနဲ့ ကျိုက်ထီးရိုး စေတီပုံတော် အသေးလေးတွေပါဝင်တဲ့ စေတီငယ်လေးတွေကို အတွင်းမှာ ဌာပနာပြီး အပြင်ကနေ ပုလင်းတွေကို ဆင့်ပြီး တည်ထားတာ ဖြစ်ပါတယ်။
အပြင်ကနေ ကြည့်ရင်လည်း အတွင်းမှာ ကိုးကွယ် ဌာပနာထားတဲ့ အဲဒီ စေတီငယ်လေးတွေကို မြင်ရတယ်လို့ ဆိုပါတယ်။
နှစ်ပေါင်းများစွာ မြေတိုက်ထဲမှာ ရှိနေတဲ့ ဝိုင်ပုလင်းတွေကို ရိပ်သာက ဆရာတော်တွေ၊ သီလရှင်တွေနဲ့ ယောဂီတွေက သန့်စင်သွားအောင် အသေအချာ ဆေးကြော သန့်ရှင်း ပြီးမှ တည်တာလို့ ဆရာတော်က မိန့်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, အီတလီသဘာဝတရားရိပ်သာ
စေတီရဲ့ အောက်ခြေမှာ ကျောက်တွေနဲ့ အရင် တည်ဆောက်ပြီး ပုလင်းတွေကို အဆင့်ဆင့် အင်္ဂတေနဲ့ စီသွားတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စေတီတော်တွေ တည်ဆောက်တဲ့ ရဟန်း တစ်ပါး အီတလီကို ကြွလာပြီး တည်ပေးတာလို့ ဆရာတော်က မိန့်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, အီတလီသဘာဝတရားရိပ်သာ
အရက်ပုလင်းနဲ့ စေတီ အပ်စပ်ရဲ့လား၊ ပူဇော်ထိုက်ရဲ့လား
တရားသဘောအရ ဘာဖြစ်တယ်ဆိုတာထက် ပြုလုပ်တဲ့ အကြောင်းတရားက ပိုတန်ဖိုး ရှိတယ်လို့ ဆရာတော်က မိန့်ပါတယ်။
"အရက်ထည့်သောက်ရင် အရက်ခွက်ပေါ့၊ ရေထည့်သောက်ရင် ရေခွက်ပေါ့။ ကိုယ်သုံးတဲ့ အပေါ် မူတည်ပြီး တန်ဖိုးက ကွာခြားသွားတာပေါ့"
"ဒီနေရာကလည်း အရင်တုန်းက ဆေးခန်းဖွင့်တဲ့နေရာ၊ ကိုယ်တိုင်သောက်ဖို့ ဝိုင်တွေ ထုတ်လုပ်တဲ့နေရာပေါ့။ ဒါကို ဆရာတော်တို့က ဝယ်ပြီးတော့ ရိပ်သာဖွင့်လိုက်တဲ့ အခါကျတော့ တရားရိပ်သာ၊ ဘုန်းကြီးကျောင်း ဖြစ်သွားတာပေါ့"
နဂိုက ဘာပဲ ဖြစ်ခဲ့ ဖြစ်ခဲ့ ပစ္စုပ္ပန်မှာ ဘာဖြစ်တယ် ဆိုတာထက် ပြုလုပ်တဲ့ အကြောင်းတရားက ပိုပြီးတော့ တန်ဖို့းရှိတယ်၊ ဒီစေတီက ဘုရားကျောင်းကန်တွင်းမှာ ရှိတယ်၊ သိမ်သမုတ်ထားပြီးဖြစ်တယ်။ ပူဇော်ထိုက်တယ်လို့ ဆရာတော်က မိန့်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Sandar San Maung
အီတလီမှာ ရိပ်သာဖွင့်ဖြစ်တဲ့ အကြောင်းနဲ့ ဆရာတော်ရဲ့ ဆောင်ရွက်ချက်များ
အီတလီ နဲ့ ဥရောပက လူတွေနဲ့ တရားဝင် နေထိုင်ဖို့ အခက်အခဲရှိကြတဲ့ အာဖရိကက ဝင်လာ သူတွေကို ကူညီချင်တဲ့ ရည်ရွယ်ချက်နဲ့ တရားရိပ်သာ ဖွင့်လှစ်တာလို့ သဘာဝ တရား ရိပ်သာ ဆရာတော်က ဘီဘီစီကို မိန့်ပါတယ်။
ရိပ်သာမှာ တရားပြတဲ့ တာဝန်ခံက အီတလီနိုင်ငံသား သီလရှင် ဆရာလေး ခေမာစာရီဖြစ်ပြီး ယောဂီ တွေကို အီတလီဘာသာနဲ့ ရှင်းပြပါတယ်။
လွန်ခဲ့တဲ့ ၂ နှစ်က အီတလီမြောက်ပိုင်းမှာ တရားရိပ်သာ တစ်ခု စတင်ဖွင့်လှစ်ခဲ့ပြီးနောက် အဲဒီရိပ်သာ တာဝန်ခံဖြစ်တဲ့ ရှေ့နေနဲ့ မိသားစုက သူတို့ ဇာတိ ချင်ကွီဖရန်ဒီ မြို့ မှာလည်း ဗုဒ္ဓဘာသာ တရားရိပ်သာတစ်ခု ဖွင့်စေချင်တဲ့ အတွက် မြို့ကို ပြီးခဲ့တဲ့ မတ်လက သွားရောက် ကြည့်ရှု ခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, အီတလီသဘာဝတရားရိပ်သာ
ဆရာတော်က သူ့ရဲ့ လုပ်ငန်း အကြောင်း မြို့တော်ဝန်နဲ့ မြို့မိ မြို့ဖတွေကို မြို့တော်ခန်းမမှာ တွေ့ဆုံ ပြီး ရှင်းပြ ဆွေးနွေးရာမှာ စိတ်ဝင်စားတဲ့ အတွက် ရိပ်သာ တည်ဆောက်ဖို့ နေရာ ဝယ်ယူခဲ့တာဖြစ်ပါတယ်။
ဒီလိုဝယ်ယူနိုင်ဖို့ မြို့ခံတွေကလည်း တတ်နိုင်သလောက် ပါဝင်လှူဒါန်းခဲ့ကြတယ်လို့ ဆရာတော်က မိန့်ပါတယ်။
ဝယ်ယူလိုက်တဲ့ နေရာက တစ်မြို့လုံးရဲ့ အကြီးဆုံး အိမ်ကြီးလို့တောင်ဆိုနိုင်ပြီး တချိန်က အီတလီလူမျိုး လူကုံထံ မိသားစု ပိုင်ဆိုင်ခဲ့တဲ့ အိမ်ကြီးဖြစ်ပါတယ်။
အိမ်ပိုင်ရှင်က ဆရာဝန်မိသားစုဖြစ်ပြီး အိမ်မှာတင် ဆေးဆိုင် ဆေးခန်း ဖွင့်လှစ်ခဲ့တဲ့ နေရာလည်း ဖြစ်ပါတယ်။
အိမ်ရဲ့မြေအောက်ခန်းမှာတော့ သူတို့ ကိုယ်တိုင် ဝိုင်အရက်တွေ ချက်လုပ် ထားရှိခဲ့ပါတယ်။
အီတလီ သဘာဝတရားရိပ်သာကို သြဂုတ် ၁၃ ရက်နေ့က စတင်ဖွင့်လှစ်နိုင်ခဲ့တယ်လို့ ဆရာတော်က မိန့်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Sandar San Maung
မြို့နေလူတွေနဲ့ ရိပ်သာကြား အပြန်အလှန် ကူညီမှု
လူတွေရင်ဆိုင်နေရတဲ့ အမှိုက်ပြဿနာ၊ စွန့်ပစ် ပစ္စည်း ပြဿနာတွေ ရှိနေတဲ့ အတွက် ရိပ်သာမှာ မလိုအပ်တော့တဲ့ ပစ္စည်းတွေကို ချင်ကွီဖရန်ဒီ မြို့သူ မြို့သားတွေ လိုချင်ရင် လာယူဖို့ ခွင့်ပြုပြီး သူတို့ အသုံးမလိုတော့တဲ့ ပစ္စည်းတွေကို ရိပ်သာမှာ လာလှူ တဲ့ ပစ္စည်း ဖလှယ်တဲ့ အစီအစဉ်လည်း ဆရာတော်က ဆောင်ရွက်ထားပါတယ်။
ရိပ်သာကို သူတို့ လာပေးတဲ့ ပစ္စည်းတွေ ထဲမှာ စားစရာတွေ အဝတ် အစားတွေနဲ့ ရေခဲသေတ္တာလို မြန်မာနိုင်ငံမှာ ပြန်သုံးလို့ရတဲ့ ပစ္စည်းမျိုးတွေလည်း ပါပါတယ်။
အခုလို လာလှူတဲ့ ပစ္စည်းတွေကို မြန်မာနိုင်ငံ အထိ ပို့ဆောင်ပြီး လိုအပ်သူတွေကို မျှဝေနိုင်မယ့် အစီအစဉ် လုပ်ဖို့ကိုလည်း ဆရာတော်က စဉ်းစားနေတယ်လို့ မိန့်ပါတယ်။








