အောက်စ်ဖို့ဒ် ဆု ကိစ္စ ရှင်းစရာမလို လို့ ဒေါက်တာဝင်းမြတ်အေး တုံ့ပြန်

ဓာတ်ပုံ ရင်းမြစ်, Getty Images
လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဆုအတု လက်ခံထားသူလို့ သူ့ကို ဝေဖန်ထားတဲ့ ကိစ္စအပေါ် ရှင်းစရာ မလိုဘူးလို့ နေပြည်တော်က ဘီဘီစီသတင်းထောက်ကို ပြောပါတယ် ။
အင်တာနက်စာမျက်နှာပေါ် ဝေဖန်ထားတဲ့ အောက်စ်ဖို့ဒ် ဆု ကိစ္စ နဲ့ပတ်သက်လို့ ဘီဘီစီသတင်းထောက် အောက်တိုဘာလ ၁၈ ရက်နေ့ ကမေးမြန်းရာမှာ သူက အခုလို ပြောသွားတာဖြစ်ပါတယ်။
"အဲဒါက နဂို ကတည်းက ရှင်းပြီးသားဖြစ်လို့ ရှင်းစရာ မလိုဘူး ကျွန်တော့်ကို ထပ်မမေးနဲ့ ဘာဖြစ်လို့လဲဆိုတော့ ရှင်းစရာမလိုဘူး" လို့ ဒေါက်တာဝင်းမြတ်အေးကပြောပါတယ် ။
အောက်စ်ဖို့ဒ် တက္ကသိုလ်မှာ အန်အယ်လ်ဒီ အစိုးရ ပြည်ထောင်စုဝန်ကြီး ခန့်အပ်မှုတွေကို သုတေသနပြု လေ့လာခဲ့သူ ကိုနေယံဦးက အခုကိစ္စကို သူ့ကိုယ်ပိုင် လူမှုကွန်ရက်စာမျက်နှာကနေ ရေးသားခဲ့တာ ဖြစ်ပြီး၊ အောက်တိုဘာ တတိယပတ်အတွင်း ဒီသတင်းတွေ ပျံနှံ့နေခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Dr win Myat Aye FB
အောက်စဖို့ဒ် နံမည်တပ် လက်ခံထားတဲ့ဒီဆုက အတုလား
ဒေါက်တာ ဝင်းမြတ်အေးရဲ့ ကိုယ်ရေးရာဇဝင်ထဲမှာတော့ ယူကေနိုင်ငံ၊ အောက်စဖို့ဒ် ခေါင်းဆောင်များ ထိပ်သီး အစည်းအဝေးကပေးတဲ့ ဆု နှစ်ခုကို ၂ဝ၁၃ ခုနှစ်က လက်ခံရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အဲဒီအချိန်က သူ ပါမောက္ခချုပ် အနေနဲ့ တာဝန် ထမ်းဆောင်နေတဲ့ မကွေး ဆေးတက္ကသိုလ် အနေနဲ့ရော၊ သူကိုယ်တိုင် လူပုဂ္ဂိုလ်အနေနဲ့ပါ ရရှိခဲ့တာလို့ ဆိုထားပါတယ်။
ဒီဆုတွေဟာ အောက်စ်ဖို့ဒ် တက္ကသိုလ်ကပေးတဲ့ ဆု အစစ်တွေ မဟုတ်ဘူးလို့ ကိုနေယံဦးကတော့ ပြောထားပါတယ်။
ဝန်ကြီးရဲ့ ကိုယ်ရေးရာဇဝင်ထဲ အောက်စ်ဖို့ဒ်က ဆုတွေ အနေနဲ့ ဖော်ပြထားတာကို သတိထားမိရာက ဆုတွေကို ဘယ်အဖွဲ့အစည်း၊ ဘယ်တက္ကသိုလ်က ပေးတာလဲ ဆိုတာကို စိတ်ဝင်တစားနဲ့ လေ့လာဖြစ်ခဲ့တယ်လို့ ကိုနေယံဦးက ဆိုပါတယ်။
ဆုအတု ဆိုပြီး ကိုနေယံဦးက သုံးစွဲပေမယ့်၊ ဘွဲ့အတုလိုမျိုး တကယ် စာသင်ယူ လေ့လာခဲ့ခြင်း စာတမ်းပြုစုခဲ့ခြင်း မရှိပဲ ဘွဲ့လက်မှတ်သက်သက် ရယူတဲ့ သဘောတော့ မဟုတ်ပါဘူး။
နာမည်ရစ စီးပွားရေး လုပ်ငန်းရှင်တွေ၊ ဖွံဖြိုးဆဲနိုင်ငံတွေက နိုင်ငံရေးသမားတွေ အပေါ် အောက်စဖို့ဒ် ဆိုတဲ့ နာမည်သုံးပြီး ညာချတဲ့ လိမ်လည်မှု တမျိုးပါ။
ဒေါက်တာဝင်းမြတ်အေးဟာ သူ့ရဲ့ ဆေးပညာရပ်ပိုင်း ဆိုင်ရာ အနေနဲ့ကတော့ စကော့တလန် ဂလက်စကို တော်ဝင်ဆေးတက္ကသိုလ်က တော်ဝင် သမားတော်များ အဖွဲ့ဝင် အဖြစ် ၂၀၁၆ ခုနှစ် မှာ အသိမှတ်ပြု ခံထားရသူ ဖြစ်ပါတယ်။
ဒီအသိမှတ်ပြု မှုဟာ အောက်စ်ဖို့ဒ်ကဆု လက်ခံအပြီး ၃ နှစ် အကြာမှာ ရရှိထားသူလည်းဖြစ်ပါတယ်။
ဘယ်ကပေးတာလဲ
ဝန်ကြီးရဲ့ ကိုယ်ရေးထဲ ပါဝင်တဲ့ အောက်စ်ဖို့ဒ်က ပေးတဲ့ ဆုဆိုတာ ယူကရိန်းက စီးပွားရေးလုပ်ငန်းရှင်တွေ လာဖွင့်ထားတဲ့ Europe Business Asembly EBA က ပေးတာလို့ လေ့လာသူ ကိုနေယံဦးက ပြောပါတယ်။
အဲဒီ Europe Business Assembly ဆိုတာ ဖွံဖြိုးဆဲနိုင်ငံတွေကို ပစ်မှတ်ထားပြီး ဆုတွေ လိုက်ရောင်းနေတာ ဖြစ်တယ်လို့လည်း သူကဆိုပါတယ်။
ကိုနေယံဦးဟာ လက်ရှိ မြန်မာ အစိုးရ အဖွဲ့ဝင်တွေနဲ့ ဆက်စပ်နေတဲ့ နိုင်ငံတကာ ဆုအတုတွေ အကြောင်း ဖော်ထုတ်နေတာ တွေ့နေခဲ့ရပြီး၊ အခု ထောက်ပြတာ တတိယ အကြိမ်မြောက် ဖြစ်ပါတယ်။
ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသိမ်းရဲ့ ဒေါက်တာ ဘွဲ့အတု ကိစ္စ၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနရဲ့ စီစဉ်မှုနဲ့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ခရီးသွားဆုအတု လက်ခံယူရတော့မယ့် ကိစ္စ တွေကို ဖော်ထုတ် ရေးသားခဲ့သူလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဝန်ကြီးက ဘယ်လို တုံ့ပြန်လဲ
ကိုနေယံဦး ကတော့ အခုလို အစိုးရ အဖွဲ့ ဝင် ပြည်ထောင်စု ဝန်ကြီးတွေ ဟာ ဒီလိုဆုတွေကို လက်ခံမိတာ ရိုးရိုးသားသား မသိလို့ မှားယွင်းလက်ခံတာလည်း ဖြစ်နိုင်တယ်လို့ ပြောပါတယ်။
သူက အဓိက ထောက်ပြချင်တာ တာဝန်ခံမှု ရှိဖို့ လိုကြောင်း ပြောချင်တာ ဖြစ်ပြီး၊ မှားရင် မှားယွင်းကြောင်း လက်ခံလို့ ပြည်သူလူထုကို ရှင်းပြလိုတယ်လို့ ကိုနေယံဦး က ဆိုပါတယ်။
အခုထိတော့ ဆုအတုတွေနဲ့ ပတ်သက်ပြီး အစိုးရဘက်က ပြန်ရှင်းတာတော့ မရှိသေးပါဘူး ။
Europe Business Asembly EBA ရဲ့ ဆုတွေက အလကားရတာ မဟုတ်ဘဲ ဆုယူတဲ့သူက ငွေကြေးစိုက်ထုတ်ရတာတွေ ရှိပါတယ်။
EBA ကပေးတဲ့ဆုနဲ့ပတ်သက်လို့ နဂိုကတည်းက ရှင်းပြီးသား အကြောင်းရာဖြစ်လို့ ထပ် ရှင်းစရာမရှိဘူးလို့ ဒေါက်တာဝင်းမြတ်အေးက ဘီဘီစီကို ပြောသွားခဲ့ပါတယ်။








