ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရခိုင်နဲ့ ချင်း နယ်စပ်က ဒေသခံတချို့ ပြန်ရှာမတွေ့သေး
ချင်းပြည်နယ် ပလက်ဝမြို့နယ်ဟာ တိုက်ပွဲဖြစ်တွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်နဲ့ နယ်နိမိတ် ထိစပ်နေပြီး ၂၀၁၈ စက်တင်ဘာကနေ ဒီနှစ် စက်တင်ဘာအတွင်း ဒေသခံ ၈၀ ကျော် ပျောက်ဆုံးနေပြီး အခုထိ သတင်းလည်း မရရှိသေးဘူးလို့ ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နဲ့စက်မှုဝန်ကြီး ဦးစိုးထက်က ဘီဘီစီကို ပြောပါတယ်။
အခုနောက်ဆုံး ချင်းပြည်နယ်အစိုးရရဲ့ ကောက်ယူထားတဲ့ အချက်အလက်တွေအရ ပျောက်ဆုံးနေသူ ၈၂ ယောက်ရှိပါတယ်။
အဲဒီလူတွေထဲမှာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်က ရက္ခိုင့်တပ်တော် အေအေက ခေါ်ဆောင်သွားတဲ့ ကင်းတလင်းရွာသား ၅၄ ဦးနဲ့ လမ်းဖောက်လုပ်တဲ့ ဆုထူးစံကုမ္ပဏီက ဝန်ထမ်း ၉ ဦးဟာ ပြန်လွတ်လာတဲ့အတွက် ထည့်ပြီး ရေတွက်မထားဘူးလို့ ဦးစိုးထက်က ပြောပါတယ်။
ဝန်ကြီး ဦးစိုးထက်က " ပလက်ဝအောက်ဖက် နဲ့ ပလက်ဝ အထက်ဖက် အကုန်ကောက်ထားတဲ့ စာရင်းတွေပါ။ ကင်းတလင်းနဲ့ ကပ်လျက် သာယာကုန်းရွာက ၆၉ ယောက်၊ ပလက်ဝနဲ့ သံတောင်ဘက်မှာ ပျောက်တဲ့လူတွေ အားလုံးပေါင်းတာ ၈၂ယောက်။ ပြန်လာသူတွေကို စာရင်းထဲ မထည့်ထားဘူး" လို့ ဆိုပါတယ်။
အေအေက ခေါ်ဆောင်သွားတာခံရတဲ့ သာယာကုန်းရွာက ရွာသား ၆၉ ယောက်ကတော့ ရခိုင်လူမျိုးတွေဖြစ်ပြီး ကျန်ပျောက်ဆုံးနေသူတွေကတော့ ပလက်ဝနဲ့ ရခိုင်ပြည်နယ်ကြားမှာ ကုန်ဝယ်ရင်း၊ တောင်ယာခုတ်ရင်း ပျောက်ဆုံးနေတဲ့ ချင်းလူမျိုးတွေဖြစ်ပါတယ်။
ချင်းလူ့အခွင့်အရေးအဖွဲ့ကတော့ ပျောက်ဆုံးနေသူ ပလက်ဝ ခူမီးချင်းလူမျိုး ၁၅ ယောက်ရှိတယ်လို့ မကြာသေးခင်က ထုတ်ပြန်ခဲ့ပါတယ်။
ပျောက်ဆုံးနေတဲ့ ရွာသားဒေသခံတွေနဲ့ ပတ်သက်လို့ ချင်းပြည်နယ် အစိုးရက NRPC ကို အကြောင်းကြား တင်ပြထားတယ်လို့ ချင်းပြည်နယ် အစိုးရဘက်က သိရှိရပါတယ်။
ပလက်ဝဒေသခံတွေကို ခေါ်ဆောင်သွားတာဟာ အေအေ ဘက်ဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုခဲ့တာကြောင့် အေအေဘက်ကို ဆက်သွယ်မေးမြန်းကြည့်ရာ ဆက်သွယ်လို့ မရခဲ့ပါဘူး။
ဒီလို လုပ်ဆောင်မှုမျိုးက အေအေကပဲ လုပ်နိုင်ပြီး တပ်မတော်ဘက်ကတော့ တခါတရံ စစ်ပွဲအတွင်း လုပ်အားပေးအတွက် ခေါ်ဆောင်တာမျိုးတွေရှိပြီး ပြန်လွှတ်ပေးတတ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ခူမီးချင်းမျိုးနွယ်စုရေးရာ ပေါင်းစပ်ညှိနှိုင်းရေး ကောင်စီ (KACC) ကတော့ အစိုးရအနေနဲ့ ပျောက်ဆုံးနေတဲ့ အရပ်သားတွေကို အမြန်ဆုံး ပြန်တွေ့ဖို့ ကူညီဆောင်ရွက်ပေးဖို့ တောင်းဆိုထားပါတယ်။
ချင်းပြည်နယ် ပလက်ဝမြို့နယ် အတွင်းမှာ တပ်မတော်နဲ့ အေအေရဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ၃၅ဝဝ နီးပါး တိုက်ပွဲရှောင်နေရတယ်လို့ ခူမီး ချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေး ကောင်စီက ဇူလိုင် ၃ဝ ရက်နေ့က ထုတ်ပြန်ထားပါတယ်။