Dark Web ပေါ်မှာ ကလေးငယ်တွေရဲ့ ညစ်ညမ်းဗီဒီယိုတွေ ဖြန့်ခဲ့သူ အယောက် ၃၀၀ ကျော်ကို ဖမ်းဆီး

ရေးသားခဲ့သည်။

ရာနဲ့ချီတဲ့ ကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုကျင့်ထားတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေ ရောင်းချတဲ့ ဝက်ဆိုက်နဲ့ ပတ်သက် ဆက်နွယ်နေတယ် ဆိုပြီး နိုင်ငံပေါင်း ၃၈ နိုင်ငံက လူပေါင်း ၃၃၈ ဦးကို ဖမ်းဆီးထားတယ်လို့ အမေရိကန်၊ ယူကေနဲ့ တောင်ကိုရီးယားက စုံစမ်းစစ်ဆေးရေး အရာရှိတွေက ပြောလိုက်ပါတယ်။

၂၀၁၈ ခုနှစ်တုန်းက ကလေးငယ်တစ်ဦးအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့သူကို ယူကေက စုံစမ်းမှုတွေ လုပ်ခဲ့ပြီးနောက်မှာ 'Welcome to Video' လို့ အမည်ပေးထားတဲ့ အဲဒီ့ဝက်ဆိုက်ကို ပိတ်သိမ်းခဲ့ပါတယ်။

ဒါပေမဲ့လည်း ဝက်ဆိုက်တည်ထောင်သူ အသက် ၂၃ နှစ်အရွယ် တောင်ကိုရီးယားနိုင်ငံသား ဂျွန်ဝူဆွန်းက ဖမ်းဆီးလိုက်ပြီးတဲ့နောက် ရဲတွေဘက်က ခုလို အသေးစိတ် ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

ဒီဝက်ဆိုက်မှာ လမ်းလျှောက်တတ်စ ကလေးငယ်တွေနဲ့ နို့စို့အရွယ် ကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာ မတော်မတရား ပြုလုပ်ထားတဲ့ ဗီဒီယိုတွေချည်း တင်ထားပြီး အရွယ်ရောက်ပြီးသူတွေရဲ့ လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းဗီဒီယိုတွေကိုတော့ တားမြစ်ထားပါတယ်။

ဝက်ဆိုက်ထဲကိုတော့ အင်္ဂလိပ်ဘာသာကို အသုံးပြုပြီး သက်ဆိုင်သူတွေပဲ ဖတ်လို့ရတဲ့ ကုဒ်နဲ့ပဲ ဝင်လို့ရတာ ဖြစ်ပါတယ်။

ဗီဒီယိုတွေ ဝယ်ချင်တယ်ဆိုရင်တော့ bitcoin လို့ခေါ်တဲ့ ဒစ်ဂျစ်တယ် လျှို့ဝှက်ငွေကြေးစနစ်နဲ့ ငွေးပေးချေရတယ်လို့ ယူကေ ရာဇဝတ်မှု ထောက်လှမ်းရေး အေဂျင်စီက ပြောပါတယ်။

Dark web မှာ ရှိနေတဲ့ ဒီဝက်ဆိုက်မှာ ကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ပြုကျင့်ထားတဲ့ ဓာတ်ပုံတွေနဲ့ ဗီဒီယိုဖိုင်တွေ ၂ သိန်းကျော် ပါဝင်နေပြီး အဲ့ဒါတွေကို အကြိမ်ပေါင်း တစ်သန်းကျော် ဝင်ရောက် ဒေါင်းလုပ် လုပ်ခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

Dark web ဆိုတာကတော့ သုံးစွဲသူ ဘယ်သူမှန်းမသိအောင် အကာအကွယ်ပေးထားပြီး အင်တာနက်ကွန်ရက်ထဲမှာ သာမန်ရှာကြည့်လို့ မရတဲ့ ဝက်ဆိုက်တွေ၊ Web Browser ဝင်ကြည့်လို့မရတဲ့ ကန့်သတ်ချက်တွေနဲ့အတူ ညစ်ညမ်းဗီဒီယိုတွေ ရောင်းချတဲ့ ဝက်ဆိုက်တွေအပြင် မူးယစ်ဆေး ရောင်းချတာ၊ လောင်းကစားလုပ်တာ စတဲ့ ရာဇဝတ်မှုမကင်းတဲ့ တရားမဝင် လုပ်ငန်းတွေနဲ့ ဆက်နွယ်နေတဲ့ ဝက်ဆိုက်တွေ ရှိနေပါတယ်။

အခုတော့ ဒီဝက်ဆိုက်နဲ့ ဆက်နွယ်နေတဲ့ ယူကေ၊ အိုင်ယာလန်၊ အမေရိကန်၊ တောင်ကိုရီးယား၊ ဂျာမနီ၊ စပိန်၊ ဆော်ဒီအာရေဗျ၊ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ချက်သမ္မတနိုင်ငံနဲ့ ကနေဒါ နိုင်ငံတွေက သံသယရှိသူတွေကို ဖမ်းဆီးမှုတွေ လုပ်နေတယ်လို့ ယူကေ စုံစမ်းရေးအေဂျင်စီက ပြောပါတယ်။

ဒီဝက်ဆိုက်ကို ဖြုတ်ချဖို့အရေး အမေရိကန်၊ ယူကေ၊ တောင်ကိုရီးယားနဲ့ ဂျာမနီက အေဂျင်စီတွေ အပါအဝင် နိုင်ငံတကာ အထူးတပ်ဖွဲ့ကနေ လှုပ်ရှား ဆောင်ရွက်ခဲ့ပါတယ်။

လောလောဆယ်မှာတော့ အင်္ဂလန်က မက်သရူးဖက်ဒ်လာ ဆိုသူကို Dark web ပေါ်မှာ ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုလုပ်တဲ့ ဓာတ်ပုံတွေနဲ့ အချက်အလက်တွေကို ဖြန့်ဝေတာကြောင့် ထောင်ဒဏ် ၂၅ နှစ် ချမှတ်ထားပါတယ်။

ဒါ့အပြင် ယူကေမှာတင် နောက်ထပ် အမျိုးသား ၇ ဦးကို ဒီဝက်ဆိုက်နဲ့ ဆက်နွယ်တယ်ဆိုပြီး တရားစွဲဆို စစ်ဆေးမှုတွေ လုပ်နေပါတယ်။

အဲ့ဒီထဲမှာ အသက် ၅ နှစ်အရွယ် ကောင်လေးကို မုဒိမ်းကျင့်ခဲ့တာနဲ့ ၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို လိင်ပိုင်းဆိုင်ရာ မတော်မတရား ပြုမူထားတဲ့ ဗီဒီယိုကို တင်ထားခဲ့တဲ့ ကိုင်လီဖော့ခ် ဆိုသူကိုတော့ ထောင်ဒဏ် ၂၂ နှစ် ချမှတ်ထားပါတယ်။

ကျန်တဲ့ သံသယဖြစ်ဖွယ်တရားခံတွေကိုတော့ သူတို့ရဲ့ ဒစ်ဂျစ်တယ် လျှို့ဝှက်ငွေကြေး cryptocurrency နဲ့ ငွေပေးချေတဲ့ လမ်းကြောင်းကနေ ခြေရာခံပြီး စစ်ဆေးမှုတွေ လုပ်နေပါတယ်။

လတ်တလောမှာ ကလေးငယ် ၂၃ ဦးကို လိင်ပိုင်းဆိုင်ရာ စော်ကားခံရတဲ့ အခြေအနေတွေကနေ ကယ်တင်ထားနိုင်ခဲ့ပေမယ့် ကျန်တဲ့ ကလေးငယ်တွေကိုတော့ ဗီဒီယိုတွေကို ခြေရာခံပြီး ကယ်နိုင်ဖို့ လုပ်နေတယ်လို့ ယူကေ ရာဇဝတ်မှု ထောက်လှမ်းရေးအေဂျင်စီရဲ့ အကြီးအကဲ နစ်ကီ ဟော်လန်က ပြောပါတယ်။

"Dark webမှာ ကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်သူတွေဟာ တရားဥပဒေကနေ ဘယ်လိုမှ ပုန်းရှောင်နိုင်မှာ မဟုတ်ပါဘူး၊ သူတို့ တွေးထင်ထားသလို လုံခြုံမှုရှိမှာ မဟုတ်တော့ဘူးဆိုတာ သိစေချင်ပါတယ်" လို့ နစ်ကီဟော်လန်က ပြောပါတယ်။