ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပြန်/ဝန်ဟောင်းဦးရဲထွဋ်အပါအဝင် ၃ဦးကို စွဲဆိုထားတဲ့အမှုပိတ်ရဖွယ်ရှိ၊ ကွတ်ခိုင်အနီးမှာ ဒီမနက်တိုက်ပွဲပြန်ဖြစ်အပါအဝင် မနက်ခင်းသတင်းများ
ကွတ်ခိုင်အနီးမှာ ဒီကနေ့မနက် တိုက်ပွဲဖြစ်
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့အနီးက မန်ဂျတ်ကနေ ခိုတင်အကြားမှာ ဒီကနေ့အောက်တိုဘာ ၁၆ ရက်နေ့မနက်ပိုင်းမှာ တိုက်ပွဲတွေပြန်ဖြစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ကွတ်ခိုင်မြို့က မသန်စွမ်းကျောင်းရှိရာအနီးနားမှာ ပစ်ခတ်မှုတွေကြားရတာကြောင့် မသန်စွမ်းကလေးငယ်တွေကို ကတုတ်ကျင်းထဲပို့ထားရတယ်လို့လည်းသိရပါတယ်။
'' ကျောင်းနဲ့က တစ်မိုင်လောက်ပဲဝေးတော့ ကလေးတွေကို သွားရှောင်ခိုင်းထာရတာ။ မန်ဂျတ်ရွာနားမှာဖြစ်တာ။ အဲ့မှာက TNLAတွေလည်းရှိတယ်။ မြန်မာ့တပ်မတော်ကလည်း နယ်မြေရှင်းလင်းရေးတွေလုပ်နေတော့ ထိတွေ့မှုဖြစ်တယ်လို့ပဲ ထင်ပါတယ်''လို့ မသန်စွမ်းကျောင်း တာဝန်ခံ မမိုင်းမိုင်းက ဘီဘီစီကိုပြောပါတယ်
မနက်ပိုင်း ၆နာရီကနေ ၇နာရီဝန်းကျင်အထိ ပစ်ခတ်သံတွေကြားခဲ့ရပြီးနောက် အသံတွေပြန်ငြိမ် နေတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။
ပြန်ကြားရေးဝန်ကြီးဟောင်းဦးရဲထွဋ်၊ ဘူးလက်လှဆွေနဲ့ဦးဘိုဘိုကျော်ငြိမ်းတို့ကို စွဲဆိုထားတဲ့အမှု ပိတ်ရတော့မယ်
သူရဦးရွှေမန်းအိမ်ကယဉ်မောင်းဖြစ်သူက ပြန်ကြားရေးဝန်ကြီးဟောင်းဦးရဲထွဋ် ဘူးလက်လှဆွေ နဲ့ဦးဘိုဘိုကျောငြိမ်း တို့ကို အရေးယူပေးဖို့တိုင်ကြားတဲ့အမှုဟာ ပိတ်သိမ်းရဖို့ဖြစ်လာပြီလို့ပတ္တာရဲစခန်းက ရဲစခန်းမှူးကပြောပါတယ်။
အမှုပိတ်သိမ်းဖို့ထိဖြစ်လာတာဟာ တရားလို ဖက်ကပိတ်ခိုင်းလို့မဟုတ်သလို တရားခံဖက်က ပိတ်ခိုင်းလို့လဲ မဟုတ်ဘဲ သက်ဆိုင်ရာတရားရုံးကိုဥပဒေအကြံတောင်းတဲ့အခါ ဥပဒေအကြံပေး ရဲ့မှတ်ချက်ကြောင့်အခုလိုပိတ်သိမ်းဖို့ဖြစ်လာတာလို့စခန်းမှူးက ပြောပါတယ်။
သူရဦးရွှေမန်းရဲ့အိမ်က ယဉ်မောင်းဦးမျိုးမင်းလတ်ဟာ ပြန်ကြားရေးဝန်ကြီးဟောင်းဦးရဲထွဋ်၊ ဘူးလက်လှဆွေနဲ့ဦးဘိုဘိုကျော်ငြိမ်းတို့ ၃ ဦးကို နိုင်ငံသားများနဲ့ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနဲ့လုံခြုံမှုဥပဒေ ပုဒ်မ ၁၀ နဲ့အရေးယူပေးဖို့နေပြည်တော်ပတ္တာရဲစခန်းမှာ ဇူလိုင်လဆန်း က အမှုဖွင့်တိုင်ကြားခဲ့တာဖြစ်ပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာနယ်မြေရဲစခန်းက ဦးရဲထွဋ်ဦးလှဆွေနဲ့ ဦးဘိုဘိုကျော်ငြိမ်းတို့ကို စစ်းဆေးမေးမြန်းမှုတွေ လုပ်ခဲ့ပါသေးတယ်။
ဝန်ကြီးဟောင်းဦးရဲထွဋ်နဲ့ဦးဘိုဘိုကျော်ငြိမ်းတို့ဟာ လူထုမီဒီယာနဲ့ အင်တာဗျူးမှာ ဦးရွှေမန်းအနေ နဲ့သူရဲ့မဲဆန္ဒနယ်မှာ နိုင်နိုင်ပေမဲ့ သူ့ရဲ့ပါတီက ကျန်တဲ့မဲဆန္ဒနယ်မှာတော့ မနိုင်နိုင်ဘူးဆိုတဲ့ ပြောဆိုခဲ့တာရယ်၊ဦးရွှေမန်းက နိုင်ငံတော်နဲ့နိုင်ငံသားအကျိုးလို့ပြောတာဟာ ဘာကိုပြောတာလဲဆိုတာ မရှင်းဘူးလို့ပြောဆိုတဲ့အချက်တွေ ကြောင့်အမှုဖွင့်တိုင်ကြားခံရတာဖြစ်တယ်လို့ဦးရဲထွဋ်က သူရဲ့ဖေစ်ဘွတ် မှာရေးသားထားပါတယ်။
နိုင်လွတ်လုံပုဒ်မ ၁၀ နဲ့တရားဆွဲအရေးယူခံရပြီးပြစ်မှုကျူးလွန်ကြောင်းတရားရုံးကဆုံးဖြတ်လျှင် ထိုသူသည် အနိမ့်ဆုံးထောင်ဒဏ် ၆ လမှ အများဆုံးထောင်ဒဏ် ၃ နှစ်နဲ့ငွေကျပ် ၃ သိန်းမှ ၁၅ သိန်းထိ ဒဏ်ငွေချခံရမယ်လို့ဥပဒေမှာပြဋ္ဌာန်းထားပါတယ်။
ရခိုင်မှာ တိုက်ပွဲတွေကြောင့် ချင်းလူမျိုး၄၀၀ ကျော် ပိတ်မိပြီး စားနပ်ရိက္ခာပြတ်လပ်
ရခိုင်ပြည်နယ်ထဲကတိုက်ပွဲမကြာခဏဖြစ်နေတဲ့ မင်းပြားမြို့နယ် ဒိုင်သားကျေးရွာက ချင်းတိုင်းရင်းသား ၄၀၀ ကျော်ဟာ ရွာမှာ ပိတ်မိနေပြီး စားနပ်ရိက္ခာတွေ ပြတ်လပ်နေကာ ရှိသူနဲ့မရှိသူကြားမှာ မျှပြီးစားနေကြရတယ်လို့ ရွာခံတွေကပြောပါတယ်။
ဒိုင်းသားကျေးရွာမှာ အိမ်ခြေ ၇၈ ဆောင်၊ ချင်းတိုင်းရင်းသား လူဦးရေ ၄၅၅ ဦးရှိပြီး ရွာသားတွေဟာ ခရစ်ယာန်နဲ့ ဗုဒ္ဓဘာသာကိုးကွယ်ကြတယ်လို့ ကျေးရွာတာဝန်ခံ ချင်းတိုင်းရင်းသား ဦးကျော်ဇော ဖြူကပြောပါတယ်။
အခုအခါ အကူအညီတွေလည်း ထပ်မရောက်တော့တဲ့ အတွက် ဆင်းရဲတဲ့ မိသားစုတွေမှာ ရိက္ခာတွေ ပြတ်လပ်နေတယ်လို့ပြောပါတယ်။
ဒီလို မင်းပြားမြို့နယ်မှာ အခက်ကြုံနေရသလို မြောက်ဦးမြို့နယ် ဆိုရင် ပေါက်တောပြင် ကျေးရွာထဲကို မနေ့က မွန်းလွဲပိုင်းမှာ စစ်သားတွေ ဝင်ရောက်လာတဲ့အတွက် တိုက်ပွဲဖြစ်မှာစိုးပြီး အဲဒီရွာနဲ့ အနီးအနားက ရွာသားထောင်နဲ့ချီပြီး နီးစပ်ရာ ကျေးရွာတွေကို ထွက်ပြေးခိုလှုံသွားခဲ့ကြတယ်လို့ ရွာသားတွေက ပြောဆိုပါတယ်။
ခုလို ထွက်ပြေးရာမှာ ဆန်တွေကို မသယ်ယူနိုင်တာကြောင့် စားရေးသောက်ရေးတွေ အခက်အခဲရှိနေပြီး အရေးပေါ် အကူအညီလိုအပ်နေတယ်လို့ ဒေသ ခေါင်းဆောင် တစ်ဦးက ပြောပါတယ်။
အောက်တိုဘာ ၁၅ ရက်နေ့ ညနေပိုင်းမှာတော့ ကျောက်တော်မြို့နယ်အတွင်းမှာလည်း တိုက်ပွဲဖြစ်ပွားခဲပြီး ဆင်အိုချိုင်ရွာသစ်က ရွာသားတွေဟာ ထွက်ပြေးသွားခဲ့ကြတယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသအတွင်းက ရွာတွေမှာ ရိက္ခာပြတ်လပ်ပြီး အခက်ကြုံနေ သလို တစ်ချို့ကျေးရွာတွေမှာဆိုရင် အပြင်ကို ထွက်ပြီး အလုပ်လည်း မလုပ်ကိုင်နိုင်ကြတာကြောင့် လက်လုပ်လက်စားတွေဟာ စားနပ်ရိက္ခာပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့လည်း ဒေသခံတွေထံက သိရပါတယ်။
ကတ်တလိုးနီးယားမှာ ဆန္ဒပြသူတွေနဲ့ ရဲထိပ်တိုက်တွေ့
စပိန်နိုင်ငံ ကတ်တလိုးနီးယားဒေသမှာတော့ ဒုတိယမြောက်နေ့အဖြစ်ဖြစ်ပွားတဲ့ဆန္ဒပြပွဲမှာ ရဲနဲ့ဆန္ဒပြသူတွေကြား ထိပ်တိုက်တွေ့ခဲ့တာတွေကြောင့် လူနည်းစုဟာ ဒေသတွင်းအကြမ်းဖက်မှုဖြစ်အောင် လုပ်နေတယ်လို့ စပိန်အစိုးရကပြောလိုက်ပါတယ်။
စပိန်အောက်ကနေ လွတ်လပ်ရေးလိုလားတဲ့ ကတ်တလန် နိုင်ငံရေးသမားတွေ ထောင်ချခံရတာကို ဒေါသထွက်ပြီး ဆန္ဒပြပွဲတွေဖြစ်နေတာပါ။
ဒီဆန္ဒပြပွဲဟာ ငြိမ်းချမ်းစွာတောင်းဆိုတဲ့လှုပ်ရှားမှုဆိုတာထက် လမ်းပေါ်မှာ မတည်ငြိမ်မှုတွေဖြစ်လာအောင် စည်းဝါး ကိုက်ထားတဲ့လှုပ်ရှားမှုလို့ အစိုးရကြေညာချက်မှာပြောထားပါ တယ်။