စပါး ငါးသိန်းဈေး မရရင် ဘယ်လိုလုပ်ရမလဲ

တရုတ်ကစပါးဝယ်ဖို့ ကမ်းလှမ်းထား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တရုတ်ကစပါးဝယ်ဖို့ ကမ်းလှမ်းထား
ရေးသားခဲ့သည်။

အစိုးရက မိုးစပါးဈေးနှုန်းနဲ့ပတ်သက်လို့ စပါးတင်းတစ်ရာ ကို အနည်းဆုံး ကြမ်းခင်းဈေး ၅ သိန်းနှုန်း နဲ့ အောက်တိုဘာ လ ၁၅ ရက်နေ့ က သတ်မှတ်လိုက်ပေမယ့် ဈေးကွက်ထဲ မှာ ၅သိန်းအောက် နဲ့ ပဲရောင်းဝယ်နေကြတုန်းပဲလို့ သာယာဝတီက လယ်သမားကြီး ဦးဝင်းဇော်ဦး က ဘီဘီစီကို ပြောပါတယ်။

"အောက်တိုဘာ ၁၅ ရက်နေ့ အစိုးရ သတ်မှတ်ချက်ကြေငြာ ပြီးမှ ကို စပါးတစ်ရာ ကို ၄ သိန်း ခွဲနှုန်းနဲ့ ဝယ် နေကြတယ်၊ အစိုးရက စပါးတစ်တင်းကို ၄၆ ပေါင်ကိုက်ပြီး ဝယ်ဖို့ပြောပေမယ့်လည်း ပေါင်၅၀ နဲ့ဝယ်နေကြတုန်းပဲလို့လည်း"သူကပြောပါတယ်။

အခုတစ်ခေါက် အစိုးရထုတ်ပြန်ချက်မှာ စပါးဈေးကို သတ်မှတ်ချက်အောက် ရောက်နေရင် ဖုန်းနံပါတ်တွေဖော်ပြပြီး ဆက်သွယ်ပါလို့ပြောပေမယ့် ဘယ်သူက ဝယ်မယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရဘူးလို့လယ်သမားတွေ ဘက်ကပြောပါတယ်။

"အခုဟာကဗျာ ဘယ်သူ က ဝယ်မှန်း လည်းမသိ၊ ဘယ်တော့လောက် ဝယ်မယ်မှန်းလည်းမသိ ငါးသိန်းဈေး မရရင် ဘယ်ကို တိုင်ရမလဲမသိ ဖြစ်နေတာ "လို့လည်း လယ်သမားကြီး ဦးဝင်းဇော်ဦး က ပြောပါတယ်။

သာယာဝတီ လယ်သမား ဆန္ဒပြ

ဓာတ်ပုံ ရင်းမြစ်, Ba Thar Chaw

ဓာတ်ပုံ ပုံစာ, သာယာဝတီနယ်မှာ လယ်သမားတွေ အောက်တိုဘာ ၁ရက်က ဆန္ဒပြ

တကယ်လာဝယ်ပေးဖို့လို

ပြီးခဲ့တဲ့ရက်ပိုင်း သာယာဝတီနယ်မှာ လယ်သမားတွေက စပါးဈေးတွေကျ လို့ ဆန္ဒပြခဲ့ကြပြီးတော့ အစိုးရ အနေနဲ့ အနိမ့် ဆုံးစပါးဈေး အခြေခံ သတ်မှတ်ပေးဖို့ တောင်းဆိုခဲ့ကြတာပါ။

ဈေးကွက်ထဲမှာ စပါးတင်းတစ်ရာ ငါးသိန်းအောက် ရောက်နေရင် အစိုးရ ကဈေးတက်လာအောင် ဝင် ဝယ်မှာဖြစ်ပြီးတော့ စပါးဈေး ငါးသိန်းကျော် လာရင်တော့ ဈေးကွက်ကို လွှတ်ထားမယ့် သဘောပါ။

တောင်သူလယ်သမားတွေဘက်ကတော့ အနိမ့်ဆုံးဈေး သတ်မှတ်ပေးရုံ မဟုတ်ဘဲ တကယ်ဝယ်လာ ပေးဖို့ လိုတယ်လို့လည်း လယ်သမားတွေဘက်က ပြောပါတယ်။

ဈေးပဲ သတ်မှတ်ပေးထားလိုက်ပြီး ဝင်ဝယ်ဖို့ အစီအစဉ်မရှိဘူးဆိုရင် ဒါက အနိမ့်ဆုံးဈေးအဖြစ် မသက်ရောက်သွားပဲ ပြောင်းပြန်ရလဒ်အဖြစ် အမြင့်ဆုံးဈေးလို ဖြစ်သွားတတ်တယ်လို့ လည်း ဦးဝင်းဇော်ဦး ကပြောပါတယ်။

စပါးနိုင်ငံခြားပို့ဖို့ အစိုးရဘက်ကို တင်ပြပြီးထား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စပါးနိုင်ငံခြားပို့ဖို့ အစိုးရဘက်ကို တင်ပြပြီးထား

အစိုးရ ဦးဆောင်ပြီး ပထမဆုံးဝယ်ဖို့ရှိ

မြန်မာနိုင်ငံ ဆန်စပါးအသင်းကတော့ အစိုးရ သတ်မှတ်ပေးတဲ့ဈေး ဟာ သင့်တော်တဲ့ဈေးနှုန်းလို့ မြင်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က တွဲဘက် အတွင်းရေးမှူး ဦးမျိုးသူရအေးက ပြောပါတယ် ။

အရင်ကတော့ မြန်မာနိုင်ငံဆန်စပါးအသင်းက ဦးဆောင်ပြီး အခုလို စပါးဈေးသတ်မှတ် ဝယ်ယူခဲ့ပေမယ့် ဒီနှစ်ကတော့ အစိုးရ လယ်ယာထွက်ကုန် စီမံခန့်ခွဲရေးကော်မတီက ဦးဆောင်ပြီး တိုင်းနဲ့ပြည်နယ် အသီးသီးမှာ ဝယ်ယူမှာဖြစ်တယ်လို့လည်း ဦးမျိုးသူရအေးက ပြောပါတယ်။

"ကျွန်တော်တို့ တောင်းဆိုတုန်းကတော့ ထုတ်လုပ်မှု ကုန်ကျစရိတ်ထက် ပိုသောနှုန်းထားတစ်ခု လို့ တောင်းဆိုတာ၊ အခု ဈေးနှုန်းကပိုတဲ့ အနေထားမှာတော့ မရှိသေးဘူး"လို့ သာယာဝတီနယ်က ဆန္ဒပြ လယ်သမားတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် အစိုးရက အခု မိုးစပါးပေါ်ချိန် အမြန်ဝယ်မှ သတ်မှတ်တဲ့ အနိမ့်ဆုံး ဈေးနှုန်းဟာ လယ်သမားတွေ အပေါ် အကျိုးသက်ရောက်မှုရှိမယ်လို့လည်း လယ်သမားတွေဘက်က ပြောပါတယ် ။

စပါးရိတ်သိမ်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စပါးဈေး တင်းတစ်ရာကို သုံးသိန်းခွဲလောက်အထိ ကျလာနေ

သတ်မှတ်ဈေးအောက် ရောင်းဝယ်ရင် ဘယ်လို အရေးယူမှာလဲ

ခက်တာက အဲဒီလို သတ်မှတ်ဈေးအောက် ရောင်းဝယ်ရင် ဘယ်လို အရေးယူမှာလည်းဆိုတာ မပါ သလို အစိုးရ ကဘယ်တော့ စဝယ်မယ်၊ ဘယ်လို ဝယ်ဆိုတာ မသိရလို့လည်း အခုလို သတ်မှတ်ဈေး ထုတ်ပြန်ပေမယ့် သက်ရောက်မှု အားနည်းတာလို့ လည်း ဆန်စပါး ကုန်သည် အသိုင်းအဝိုင်းက ပြောကြပါတယ် ။

စပါးဈေးအပြင် အချင်အတွယ်တွေကိုလည်း ကုန်သည်တွေက အစိုးရ သတ်မှတ်တဲ့ စပါးတင်းတစ်ရာကို ၄၆ ပေါင် အစား ပေါင် ၅၀ နဲ့ ဝယ်နေကြတုန်းဖြစ်တယ်လို့ လည်း လယ်သမားတွေက ပြောပါတယ် ။

စပါးဈေး ကျသွားတဲ့ အကြောင်းအရင်းထဲကတစ်ခု ကတော့ တရုတ်ဘက်က စပါးလာဝယ်တာကို ကန့်သတ်လိုက်တာကြောင့်လည်း လယ်သမားတွေဘက် က ယူဆနေကြပါတယ်။

သာယာဝတီ၊ မင်းလှဘက်မှာ ၂၀၁၇ တုန်း က တရုတ်က စပါးတွေ လာဝယ်တုန်းက စပါးတင်းတစ်ရာကို ၇ သိန်းလောက် ပေါက်ခဲ့တယ်လို့လည်း သာယာဝတီနယ်က လယ်သမားတွေက ပြောပါတယ်။

အဲဒီနောက် တရုတ်စပါးဝယ်တာကို ဆန်စက်ပိုင်ရှင်နဲ့ ကုန်သည်တွေကတားမြစ်ဖို့ တင်ပြတာရှိပြီးတော့ အစိုးရက အဲဒီနောက် တရုတ်ကစပါးဝယ်တာကို ပိတ်လိုက်ပါတယ်။

လယ်သမားတွေကတော့ တရုတ်ဘက် က မြန်မာစပါးကို တရားဝင်ပို့ခွင့်ရဖို့မျှော်လင့်နေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လယ်သမားတွေကတော့ တရုတ်ဘက် က မြန်မာစပါးကို တရားဝင်ပို့ခွင့်ရဖို့မျှော်လင့်နေ

တရုတ်ကို စပါးတင်ပို့ ခွင့်ပြုရင် စျေးမော့လာမလား

အခုအစိုးရဘက် ကတော့ တရုတ်ကို စပါးတင်ပို့ ခွင့်ပြုဖို့ဆွေးနွေးတာတွေရှိပေမယ့် လက်တွေ့ တရားဝင်ခွင့်ပြုတာမျိုး မရှိသေးပါဘူး။

ဒါပေမဲ့လည်း ပြီးခဲ့တဲ့ သုံးနှစ်လောက်ကစလို့ တရုတ်နိုင်ငံက ဝယ်ယူတဲ့အတွက် မြန်မာနိုင်ငံက စပါးတွေ တရုတ်နိုင်ငံထဲ တရားမဝင် တင်ပို့တာတွေ ရှိခဲ့ပါတယ်။

အစိုးရဘက်ကို တင်ပြပြီး အတည်ပြုဖို့ လိုသေးတယ်၊ တန်ချိန်ပမာဏတစ်ခု သတ်မှတ်မလား ကာလတစ်ခု သတ်မှတ်မလားတော့ မသိဘူးလို့ ဆန်စပါးအသင်း တာဝန်ရှိသူတွေက ပြောပါတယ်။

လယ်သမားတွေကတော့ တရုတ်ဘက် က မြန်မာစပါးကို ဝယ်ဖို့ စိတ်ဝင်စားချိန်မှာ အချိန်မီ ခွင့်ပြုပေးရင် စပါးဈေးဟာ ၆ သိန်းအထက် ကို ရောက်သွားနိုင်တယ်လို့လည်း ပြောပါတယ် ။

"အခုအတိုင်း အစိုးရပေးတဲ့ဈေး က တကယ်တမ်း စဝယ်ပြီဆိုရင်တောင် ထုတ်လုပ်မှု ကုန်ကျစရိတ်ကို မကာမိသေးဘူး အရင်းတိုက်နီးပါးလောက် ပဲရတယ်" လို့လည်း ဦးဝင်းဇော်ဦးကပြောပါတယ်။