ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရှမ်းမြောက်က လွယ်ပြတ်ကျေးရွာအနီးမှာ သံဃာ ၃ ပါး လက်လုပ်မိုင်းထိပြီး ဒဏ်ရာရ
ရှမ်းပြည်မြောက်ပိုင်း နမ့်ဆမ်မြို့နယ်အပိုင် လွယ်ကလေးကျေးရွာကိုသွားရောက်တဲ့ သံဃာ ၃ ပါးဟာ အောက်တိုဘာ ၁၃ ရက်နေ့က လွယ်ကလေးကျေးရွာမရောက်ခင်လွယ်ပြတ်ကျေးရွာ အနီးမှာ လက်လုပ် မိုင်းထိပြီး သံဃာ ၃ ပါးလုံးထိခိုက်ဒဏ်ရာရသွားခဲ့တယ်လို့ ကျောက်မဲမြို့ခံ ဦးတင်မောင်သိန်းက ဘီဘီစီ ကိုပြောပါတယ်။
မိုင်းထိသွားတဲ့ သံဃာတွေဟာ မန္တလေးမှာ သီတင်းသုံးနေတဲ့ ကိုယ်တော်တွေဖြစ်ပြီး လွယ်ကလေး ကျေးရွာမှာ သံဃာပူဇော်ပွဲရှိတဲ့အတွက် သွားရောက်ရာက လမ်းမှာ မိုင်းနင်းမိသွားခဲ့တာဖြစ်တယ်လို့ သိရပါ တယ်။
' ' မန္တလေးမှာ သီတင်းသုံးတဲ့ တအာန်းကိုယ်တော် ၂ပါးရယ်၊ သူတို့နဲ့စာသင်ဖက် ဗမာကိုယ်တော်တစ်ပါး ရယ်ပါ။ အဲ့ဒီဘက်နားက တောလမ်းလည်းဖြစ်တယ် လိုင်းကားတွေဘာတွေလည်းမရှိတော့ ဆိုင်ကယ်နဲ့ သွားရင်း ထိသွားတာ။ ရွာနဲ့လည်းဝေးတဲ့နေရာမှာဖြစ်သွားတာ။ မနေ့ကတော့ မိုင်းငေါ့ဆေးရုံမှာ ရှေးဦးပြုစု ပြီးမှ ဒီနေ့တော့ ကျောက်မဲပြည်သူ့ဆေးရုံကိုရောက်ပြီး ကုသနေပါပြီ''လို့ ဦးတင်မောင်သိန်းက ပြောပြပါတယ်။
အခုထိခိုက်သွားတဲ့ မိုင်းဟာ မြေပြင်မှာကြိုးနဲ့တန်းပြီးထောင်ထားလေ့ရှိတဲ့ ဒေသန္တရလက်လုပ်မိုင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရသွားသူ ကိုယ်တော် ၃ပါးစလုံးဟာ ဆေးရုံရောက်ချိန်ထိ သတိကောင်းကောင်းရှိတယ်လို့လည်း မျက်မြင်ကိုယ်တွေ့တွေ့ခဲ့ရတဲ့ ဦးတင်မောင်သိန်း ကပြောပြပါတယ်။
သံဃာတော်တွေ မိုင်းနင်းမိတဲ့လွယ်ပြတ်ကျေးရွာဟာ နမ့်ဆမ်အပိုင်ထဲမှာရှိပေမယ့်လည်း နမ့်ဆမ်မြို့နဲ့ စာရင် ကျောက်မဲမြို့နဲ့ ပိုနီးတာကြောင့် အဲဒီအနီးတဝိုက်က ကျေးရွာတွေမှာ မိုင်းဒဏ်ရာရသူတွေဟာ ကျောက်မဲပြည်သူ့ဆေးရုံကိုသာလာရောက်ကုသလေ့ရှိတယ်လို့လည်း ကျောက်မဲမြို့ခံတွေကပြောပါတယ်။
မြန်မာအစိုးရတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ငြိမ်းချမ်းရေးစတင်လုပ်ဆောင်ချိန် ကစပြီး မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ သို့မဟုတ် ထိခိုက်ဒဏ်ရာရသူ ၁၂၀၀ နီးပါး ရှိနေတယ်လို့ မြေမြှုပ်မိုင်းအသုံးပြုမှု ပိတ်ပင်တားမြစ်ခြင်း နိုင်ငံတကာ စည်းရုံးလှုံ့ဆော်ရေးအဖွဲ့ (ICBL) ရဲ့ ၂၀၁၈ ခုနှစ်က ထုတ်တဲ့ အစီရင်ခံစာမှာ ပါရှိပါတယ်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ၂၀၁၂ နှောင်းပိုင်းက အရင်အစိုးရခေတ်က စတင်ခဲ့ပေမဲ့ သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်းတွေက အခုချိန်ထိ မြေမြှုပ်မိုင်းရှင်းလင်းရေးလုပ်ငန်းတွေ မဆောင်ရွက်နိုင်သေး ဘူးလို့လည်း ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံဟာ တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် လွန်ခဲ့တဲ့ဆယ်စုနှစ် အတွင်း မြေမြှုပ်မိုင်းကြောင့် ထိခိုက် ဒဏ်ရာရသူဦးရေ များတဲ့နိုင်ငံတွေထဲက မြန်မာနိုင်ငံလည်း ပါဝင်တယ် လို့ (ICBL) ရဲ့အစီရင်ခံစာ မှာ ဖော်ပြထားပါတယ်။