ကျိုင်းတုံမှာကိုရင်တစ်ပါး ဗျောက်ဖောက်ရာကပေါက်ကွဲပြီးဝဲဘက်လက်၅ချောင်းလုံးပြတ်

ဓာတ်ပုံ ရင်းမြစ်, Sai Noon Wann
ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်ထဲက ဝမ်နမ့်ကျေးရွာဘုန်းတော်ကြီးကျောင်းက ကိုရင်လေးတစ်ပါးဟာ အောက်တိုဘာ ၁၂ ရက် ညပိုင်းက ဗျောက်ကစားရာက လက်ထဲမှာပေါက်ထွက်သွားတဲ့အတွက် ယမ်းစမှန်ပြီး ဝဲဘက် လက်ချောင်း ၅ချောင်းလုံး ပဲ့ထွက် ပြတ်ရှ ဒဏ်ရာတွေရသွားခဲ့တယ်လို့ သိရတယ်လို့ ကျိုင်းတုံမြို့ခံတွေထံကသိရပါတယ်။
လက်ပြတ်ရှဒဏ်ရာအပြင် ရင်ဘတ်နဲ့အခြားနေရာအချို့လည်းထိခိုက်သွားခဲ့ပြီး နောက်ထပ်ကိုရင်တစ်ပါးလည်းယမ်းစမှန်လို့ ဒဏ်ရာရသွားခဲ့တယ် ကျိုင်းတုံအထွေထွေရောဂါကုဆေးရုံကြီးမှာ တက်ရောက်ကုသနေရတယ်လို့လည်း သိရပါတယ်။
' ' ကျွန်တော်တောင် အခုပဲဆေးရုံမှာသွားမေးပြီး ပြန်လာတာ။ ကိုရင်လေးက လက်ကောက်ဝတ်ကနေ ဖြတ်လိုက်ရတယ်လို့ ဆေးရုံကနေသိရတယ်။ ကိုရင်လေးကိုတော့မတွေ့ခဲ့ရဘူး။ ဝမ့်နမ့်ရွာကတော့ ကျိုင်းတုံ မြို့ထဲကပဲ။ မြို့မှာတော့ အဲ့လို ဗျောက်ဖောက်ရင်း ဒဏ်ရာရ တာတွေတော့ရှိတာပဲ။ ဒီလောက်တော့မဆိုး ဘူး။''လို့ ကျိုင်းတုံမြို့က လူမှုကယ်ဆယ်ရေးလုပ်ဆောင်သူတစ်ဦးဖြစ်တဲ့ ဦးအောင်ကျော်ကသူက ဘီဘီစီကို ပြောပြပါတယ်။
အခုလို လက်တစ်ခုလုံး ပြတ်ရှ ဒဏ်ရာတွေရသွားတဲ့အထိ ပြင်းထန်ခဲ့တဲ့ ကိုရင်လေးရဲ့ထိခိုက်ဒဏ် ရာရ သွားတဲ့ ဓာတ်ပုံတွေနဲ့အတူ ဗျောက်ဖောက်ရာမှာသတိထားကြဖို့ အသိပေးတာတွေလည်း လူမှုကွန်ရက် သုံးစွဲသူတွေကြား အချင်းချင်းသတိပေးပြောဆိုတာတွေလည်းရှိနေပါတယ်။
' ' ကျွန်တော်ကိုလည်း သူငယ်ချင်းတစ်ယောက်ကလှမ်းပြောတော့ သတိပေးတဲ့အနေနဲ့ တင်မယ်ဆိုပြီး တင်ဖြစ်သွားတာ။ ဓာတ်ပုံတွေကတော့ ရွာဘက်ကသူငယ်ချင်းတစ်ယောက်ကတဆင့် လှမ်းပေးတာပါ။ အခုကမန်ကျည်းသီးအလုံးလောက်လောက်ရှိတဲ့ ကွဲတဲ့ဗျောက်တွေလည်းတွေ့ရတယ်။'' လို့ ဗျောက်ကစား ရင်းဒဏ်ရာရသွားတဲ့ ပုံတွေကို ဆိုရှယ်မီဒီယာမှာ မျှဝေခဲ့သူ စိုင်းနူးဝမ်က ဘီဘီစီကိုပြောပါတယ်။
ရှမ်းပြည်နယ်အရှေ့ပိုင်းအပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဒေသအသီးသီးမှာ သီတင်းကျွတ်ကာလ အတွင်း ဗျောက်အိုးနဲ့မီးရှူးမီးပန်းတွေ ရောင်းချတာ ၊ ပစ်ဖောက်တာတွေကို မလုပ်ဖို့ ရောင်းချပါက ဖမ်းဆီး အရေးယူမယ်လို့ ဒေသန္တရအမိန့်တွေထုတ်ပြန်တားမြစ်ထားပေမယ့်လည်း ရောင်းချသူတွေရှိနေသလို ကစားသူတွေလည်းရှိနေတာဖြစ်ပါတယ်။
'' အခုနောက်ပိုင်း အတွဲလိုက်ဗျောက်တွေဆို ပေါက်ကွဲအားလည်းပြင်းတယ်။ တချို့ကျတော့လည်း ယမ်းတွေပြန်ထောင်းပြီး လုပ်ကြတာလည်းရှိတယ်။ မြို့မှာဖမ်းတာကလည်း ဖမ်းနေတာပဲ ။ဆော့တာလည်း ဆော့နေကြတာပဲ''လို့ ဦးအောင်ကျော်သူကပြောပြပါတယ်။




