၂၁ ရာစုပင်လုံညီလာခံကျင်းပရေးနဲ့ အပစ်ရပ်ပူးတွဲစောင့်ကြည့်ရေး လုပ်ငန်းများ ပြန်စနိုင်ဖို့ဆွေးနွေးမယ်

JICM အစည်းအဝေးကို နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ ဦးဆောင်တက်ရောက်ပါတယ်။
ဓာတ်ပုံ ပုံစာ, JICM အစည်းအဝေးကို နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ ဦးဆောင်တက်ရောက်ပါတယ်။
ရေးသားခဲ့သည်။

အပစ်ရပ် ၁၀ ဖွဲ့ က ထိပ်သီးခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းထားတဲ့ PPST အစည်းအဝေးကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မှာ အောက်တိုဘာ ဒုတိယပတ်အတွင်း ပြုလုပ်မှာဖြစ်ပါတယ်။

နိုင်ငံလုံးဆိုင်ရာအပစ်ရပ်စာချုပ်လက်မှတ်ထိုး လေးနှစ်ပြည့်ပွဲကို အောက်တိုဘာ ၂၀ နောက်ပိုင်း ကျင်းပဖို့နဲ့ အစိုးရ၊ တပ်မတော်နဲ့ အပစ်ရပ်အဖွဲ့ ထိပ်သီးခေါင်းဆောင်တွေတက်ရောက်ရမယ့် NCA အကောင်အထည် ဖော်မှုဆိုင်ရာအစည်းအဝေး အမြန်ဆုံးခေါ်ယူကျင်းပရေး အစိုးရဘက်က အဆိုပြုချက်တွေကို ဒီတွေ့ဆုံပွဲမှာ ဆွေးနွေးဖို့ရှိနေပါတယ်။

JICM လို့ခေါ်တဲ့ အပစ်ရပ်စာချုပ်အကောင်အထည်ဖော်မှုအစည်းအဝေးကို မကျင်းပနိုင်တာ တစ်နှစ်နီးပါး ရှိနေပါပြီ။

ဒီအစည်းအဝေးက NCA စာချုပ်အရ သုံးလတစ်ကြိမ် ပြုလုပ်ရတာဖြစ်ပြီး အစိုးရအဖွဲ့ကို နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ပါတယ်။ တပ်မတော်အစုအဖွဲ့ကိုတော့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဦးဆောင်တက်ရောက်ပါတယ်။

ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဘက်က ကိုယ်စားလှယ်တွေနဲ့ လွှတ်တော်အစုအဖွဲ့က ကိုယ်စားလှယ်တွေလည်း တက်ရောက်ရတာဖြစ်ပါတယ်။

PPST အဖွဲ့ဝင်ထိပ်သီးခေါင်းဆောင်များ

ဓာတ်ပုံ ရင်းမြစ်, KNU

ဓာတ်ပုံ ပုံစာ, PPST အဖွဲ့ဝင်ထိပ်သီးခေါင်းဆောင်များ

"အစိုးရဘက်ကတောင်းဆိုထားတာတော့ NCA လေးနှစ်ပြည့်ပွဲကျင်းပမယ့်ရက်၊ ၂၁ ပင်လုံငြိမ်းချမ်းရေး ညီလာခံကို လာမယ့် ဖေဖော်ဝါရီမှာ ကျင်းပဖို့နဲ့ JICM အစည်းအဝေးပြန်ခေါ်ဖို့ပေါ့။ ဒါတွေကို PPST အစည်းအဝေးမှာ ပြန်ညှိနှိုင်းပြီး တစ်ဖွဲ့ချင်းသဘောထားတွေနဲ့ ဆွေးနွေးဆုံးဖြတ်ရမှာပေါ့။ ၂၁ ပင်လုံ ကိစ္စကတော့ ညီလာခံကျင်းပရေးတင်မကဘူး။ ညီလာခံမှာ ဆွေးနွေးမယ့်အချက်တွေပါ ပါလာမှာပေါ့။ အဓိကကတော့ ပြည်ထောင်စုအခြေခံမူများပဲဖြစ်ပါတယ်" လို့ အပစ်ရပ်ဆယ်ဖွဲ့ထဲက ရှမ်းလက်နက်ကိုင်အဖွဲ့ RCSS ရဲ့အကြံပေး ဦးခွန်ဆေက ဘီဘီစီကိုပြောပါတယ်။

၂၁ရာစုပင်လုံငြိမ်းချမ်းရေးညီလာခံကို၂၀၁၈ ခုနှစ်၊ ဇူလိုင်လက နောက်ဆုံးကျင်းပထားပြီး တစ်နှစ်ကျော်တဲ့အထိ ပြန်မကျင်းပနိုင်သေးတာဖြစ်ပါတယ်။

ဒါ့အပြင် အပစ်ရပ်စာချုပ်အရ ကျင်းပရမယ့် ငြိမ်းချမ်းရေးဆိုင်ရာဆွေးနွေးပွဲတွေလည်း ရပ်တန့်နေပြီး ဒီပြဿနာကို အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ဖြေရှင်းဖို့ နည်းလမ်းရှာနေတာဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲတွေပြန်စနိုင်ဖို့ အလွတ်သဘောတွေ့ဆုံမှုတွေကနေ ဆွေးနွေးတာက ထိရောက်တိုးတက်မှုရှိတယ်လို့ ဦးခွန်ဆေကပြောပါတယ်။ တရားဝင်ဆွေးနွေးပွဲတွေမှာ ဆွေးနွေးဖက်အသီးသီးက အထက်က ညွှန်ကြားချက်တွေကိုပဲ ပြောနိုင်ပြီး ဆုံးဖြတ်နိုင်တဲ့ အခြေအနေ မရှိတဲ့အတွက် အခုလို အလွတ်သဘောတွေ့ဆုံမှုတွေကို အကြိမ်ကြိမ်လုပ်ခဲ့ရတယ်လို့လည်း သူက ဆိုပါတယ်။

JICM အစည်းအဝေးကို မကျင်းပနိုင်တာ တစ်နှစ်နီးပါးရှိနေပါပြီ။

ဓာတ်ပုံ ရင်းမြစ်, Myanmar State Councellor office

ဓာတ်ပုံ ပုံစာ, JICM အစည်းအဝေးကို မကျင်းပနိုင်တာ တစ်နှစ်နီးပါးရှိနေပါပြီ။

ဒါ့အပြင် အပစ်ရပ်ပူးတွဲစောင့်ကြည့်ရေးလုပ်ငန်းစဉ်(JMC) တွေပြန်စနိုင်ဖို့ကိုလည်း တပ်မတော်နဲ့ အပစ်ရပ်အဖွဲ့တွေ သီးသန့်တွေ့ဆုံဖို့ ကြိုးပမ်းမယ်လို့ စက်တင်ဘာ ၃၀ ကနေ အောက်တိုဘာ ၂ ရက်ထိ ပြုလုပ်ခဲ့တဲ့ အပစ်ရပ်အဖွဲ့တွေထဲက JMC ကိုယ်စားလှယ်တွေရဲ့အစည်းအဝေးက ဆုံးဖြတ်ထားပါတယ်။

JMC အစည်းအဝေးတွေမှာအပစ်ရပ်ဆယ်ဖွဲ့ထဲက ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ RCSS တို့က ပါဝင်မှု ယာယီရပ်ဆိုင်းထားပါတယ်။

လက်ရှိမှာ တပ်မတော်ရဲ့အပစ်ရပ်ကာလ ကုန်ဆုံးပြီးနောက်ပိုင်း ရှမ်းမြောက်နဲ့ ရခိုင်ပြည်နယ်ဘက်မှာ တိုက်ပွဲဖြစ်ပွားတာတွေရှိနေပြီး အထူးသဖြင့်ရခိုင်ပြည်နယ်တိုက်ပွဲအတွင်း အရပ်သားသေဆုံး ထိခိုက်ဒဏ်ရာ ရရှိတာတွေနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ဖို့ ပြည်နယ်လွှတ်တော်မှာ သဘောတူ ဆုံးဖြတ်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်းအရပ်သားထိခိုက်သေဆုံးမှုတွေဆက်လက်ဖြစ်ပေါ်နေပြီး ပေါက်ကွဲပစ်ခတ်မှုတွေ နေ့စဉ်လိုလိုဖြစ်နေလို့ ဒေသခံအရပ်သားတွေ စိုးရိမ်နေကြပါတယ်။

ဗီဒီယို ပုံစာ, မြန်မာ့ငြိမ်းချမ်းရေးမှာ နက်ရှိုင်းတဲ့ ကွာဟမှုတွေက ဘာတွေလဲ