တပတ်နာရီ ၂ဝအချိန်ပို လုပ်ခွင့်ရမယ့် ညွှန်ကြားချက် အလုပ်သမားတွေ အကျိုးရှိမလား

စက်ရုံ အလုပ်ရုံတွေဘက်က အလုပ်သမားတွေကို ခိုင်းဖို့သာ ပိုမို အာရုံ စိုက်နေလို့ လုပ်ထုံးလုပ်နည်းတွေကို လိုက်နာမှု အားနည်းတယ်လို့ဆို
ဓာတ်ပုံ ပုံစာ, စက်ရုံ အလုပ်ရုံတွေဘက်က အလုပ်သမားတွေကို ခိုင်းဖို့သာ ပိုမို အာရုံ စိုက်နေလို့ လုပ်ထုံးလုပ်နည်းတွေကို လိုက်နာမှု အားနည်းတယ်လို့ဆို
ရေးသားခဲ့သည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နဲ့ တိုင်းဒေသကြီး/ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီတွေရဲ့ အတည်ပြုချက်နဲ့ လုပ်ငန်း ဆောင်ရွက်နေတဲ့ ကုမ္ပဏီတွေအနေနဲ့ အလုပ်သမားတွေ အချိန်ပို ဆင်းမယ်ဆိုရင် ရက်သတ္တပတ်ကို နာရီ ၂ဝ ခွင့်ပြု သွားမယ် လို့ ကော်မရှင်က အောက်တိုဘာ ၃ ရက်နေ့က ထုတ်ပြန်ပါတယ်။

ဒီထုတ်ပြန်ချက်မှာ အချက် ၃ ချက်ပါရှိပြီး အလုပ်သမား၊ အလုပ်ရုံ ဥပဒေ စစ်ဆေးရေး ဦးစီးဌာနရဲ့ သတ်မှတ်ချက်နဲ့ အညီ တနင်္လာနေ့ ကနေ သောကြာနေ့အထိ တစ်နေ့ကို ၃ နာရီနဲ့ စုစုပေါင်း ၁၅ နာရီ၊ စနေနေ့မှာ ၅ နာရီ ၊ တပတ်ကို စုစုပေါင်း၂ဝ နာရီ ခွင့်ပြုမှာ ဖြစ်ပါတယ်။ ဒီအတွက် အလုပ်သမားတွေရဲ့ လက်မှတ် မူရင်း ပူးတွဲ တင်ပြဖို့ လိုတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် တပတ်အတွက် တနင်္ဂနွေနေ့ အလုပ်ပိတ်ရက်မှာ အချိန်ပို လုပ်ခွင့်ပြုရာမှာ လည်း အဖွဲ့ အစည်း ဒါမှမဟုတ် အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေး ကော်မတီတွေ သိရှိတဲ့ လက်မှတ် မူရင်း၊ အလုပ်သမားတွေရဲ့ လက်မှတ် မူရင်းတွေ လိုအပ်ပြီး ၃ ပတ်ခြား ၄ ပတ် မြောက်မှာ တကြိမ်ခွင့်ပြုမှာလည်း ဖြစ်ပါတယ်။

တခါအများပြည်သူ အလုပ်ပိတ်ရက်မှာ အချိန်ပိုခွင့်ပြုတာကိုတော့ အဖွဲ့အစည်း ဒါမှမမဟုတ် အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေး ကော်မတီက သိရှိကြောင်း လက်မှတ် မူရင်းနဲ့ အလုပ်သမားတွေရဲ့ လက်မှတ် မူရင်း ပူးတွဲ တင်ပြဖို့လိုတယ် လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အခုလို အလုပ်သမားတွေကို တပတ် နာရီ ၂ဝ အချိန်ပို လုပ်ဖို့ ခွင့်ပြုလိုက်တာက အလုပ်သမားတွေအတွက် ဘယ်လောက်အကျိုးရှိနိုင်မလဲ ဆိုတာက မေးစရာ ဖြစ်လာပါတယ်။

အလုပ်သမားတွေ အရင်က တပတ် ဘယ်နှစ်နာရီ အချိန်ပို လုပ်ခွင့်ရလဲ

အလုပ်သမား ဥပဒေအရ အလုပ်ချိန် ၈ နာရီကျော်ရင် အချိန်ပို အဖြစ် သတ်မှတ်ထားပါတယ်။ အလုပ်သမား တဦးကို အချိန်ပို ခိုင်းမယ်ဆိုရင် သက်ဆိုင်ရာ ဌာနကို တင်ပြရမှာ ဖြစ်ပြီး အလုပ်သမားရဲ့ သဘောတူညီချက်ရှိဖို့လည်း လိုအပ်ပါတယ်။

အလုပ်ရုံ အက်ဥပဒေ၊ ဆိုင်များနဲ့အလုပ်ဌာန ဥပဒေအရဆိုရင် အလုပ်သမားတွေ အနေနဲ့ တပတ်ကို အချိန်ပို ၁၂ နာရီထက်မကျော်ဖို့နဲ့ အထူးကိစ္စရှိရင် ၁၆ နာရီ ထက်မကျော်ဖို့ သတ်မှတ်ထားတယ်လို့ အလုပ်သမား အရေး ဆောင်ရွက်နေတဲ့ ရှေ့နေ ဦးဌေးက ရှင်းပြပါတယ်။

ဥပဒေအရ အခုလို သတ်မှတ်ထားပေမယ့် အလုပ်သမားက သဘောတူညီရင်တော့ အချိန်ပို နာရီ ၂ဝအထိ လုပ်နိုင်တယ်လို့လည်း သူက ဆိုပါတယ်။

"ကာယကံရှင် အလုပ်သမား သဘောတူညီမှုက အရေးကြီးပါတယ်၊ မြန်မာနိုင်ငံမှာ ဖြစ်တဲ့ အိုတီ (အချိန်ပို)ပြဿနာက များသောအားဖြင့် စက်ရုံတွေက ဘယ်မှ ခွင့်ပြုချက်မတင်ဘဲ သူ့ဘာသာသူ လည့်ပတ်နေကြတာ၊ တကယ်တမ်း အိုတီဆို ကြိုကြေညာရတယ်၊ လုပ်ထုံး လုပ်နည်းတွေ ရှိပါတယ်"လို့ ဦးဌေးက ပြောပါတယ်။

၂ဝ၁၃ ခုနှစ်တုန်းက အလုပ်သမားတွေကို တပတ် နာရီ ၂ဝ အချိန်ပို လုပ်ခွင့်ပေးဖို့ အလုပ်သမားဝန်ကြီးဌာနက အလုပ်သမား အရေး လုပ်ဆောင်တဲ့သူတွေကို ရန်ကုန်မြို့မှာ ခေါ်ယူ ညှိနှိုင်းခဲ့ရာမှာ နာရီ ၂ဝ အလုပ်လုပ်တာကို အလုပ်သမား သဘောတူမှ လုပ်ခွင့် ပြုမယ် ဆိုတဲ့ အချက်ကို ထည့်သွင်းပေးဖို့ အလုပ်သမား အရေး ဆောင်ရွက်သူ တွေက တောင်းဆိုတာကို သဘောတူညီခဲ့တယ်လို့လည်း ဦးဌေးက ပြောပါတယ်။

ဒါပေမဲ့ စက်ရုံ အလုပ်ရုံတွေဘက်က အလုပ်သမားတွေကို ခိုင်းဖို့သာ ပိုမို အာရုံ စိုက်နေလို့ လုပ်ထုံးလုပ်နည်းတွေကို လိုက်နာမှု အားနည်းတယ်လို့ ဦးဌေးက ပြောပါတယ်။

အချိန်ပို လုပ်ခလစာ ဘယ်လောက်ရလဲ

မြန်မာနိုင်ငံမှာ အလုပ်သမားတဦး အတွက် တနေ့ အနည်းဆုံး လုပ်အားခ ၄၈ဝဝ သတ်မှတ်ထားပါတယ်။

အချိန်ပိုခိုင်းရင်တော့ သတ်မှတ်ထားတဲ့ လုပ်အားခ တနာရီ ၆ဝဝ ကျပ်ကို နှစ်ဆ ပေးရမှာ ဖြစ်ပေမယ့် ဒီသတ်မှတ်ချက်ကို လိုက်နာတာ နည်းတယ်လို့ အလုပ်သမား အခွင့်အရေး လှုပ်ရှားသူတွေက ထောက်ပြပါတယ်။

မြန်မာနိုင်ငံမှာ အလုပ်သမားတဦး အတွက် တနေ့ အနည်းဆုံး လုပ်အားခ ၄၈ဝဝ သတ်မှတ်ထားပါတယ်။
ဓာတ်ပုံ ပုံစာ, မြန်မာနိုင်ငံမှာ အလုပ်သမားတဦး အတွက် တနေ့ အနည်းဆုံး လုပ်အားခ ၄၈ဝဝ သတ်မှတ်ထားပါတယ်။

အချိန်ပို ဘာကြောင့် ဆင်းရတာလဲ။

သတ်မှတ်လုပ်အားခက အလုပ်သမားတွေရဲ့ စားဝတ်နေရေးကို မကာမီတာကြောင့် အချိန်ပိုနဲ့ စားဝတ်နေရေး အဆင်ပြေအောင် အလုပ် သမားတွေက ကြိုးစားကြရတာ ဖြစ်ပါတယ်။ ဒီအတွက်အချိန်ပို ဆင်းတာက အလုပ်သမားတွေအတွက် ဝင်ငွေရမယ့် အခွင့်အလမ်းတခု လည်း ဖြစ်နေပါတယ်။

"အလုပ်သမားကလည်း စားဝတ်နေရေး မလုံလောက်တဲ့အခါကျတော့ အလုပ်ဆင်းရင်လည်း အိုတီနဲ့ ဆင်းလိုက်မှ ထိုက်သင့်တဲ့ ဟာလေးက စားဖို့လေး ဖြစ်တဲ့ ပြဿနာက ဗမာပြည်ပြဿနာ၊ ကြားကနေပြီး အလုပ်သမား အရေး ဆောင်ရွက်တဲ့ သူတွေ အလုပ်သမား သမဂ္ဂခေါင်းဆောင်တွေ စီအက်စ်အိုတွေက ဥပဒေပါ အခွင့်အရေးနဲ့ ဘယ်လိုပဲပြောပြော မြန်မာပြည်ရဲ့ အလုပ်သမားတွေ ဘဝ အခြေအနေ အရ လုပ်ခက သူက မစားလောက်တဲ့အတွက် အိုတီက အခွင့်အလမ်း သဖွယ် ဖြစ်နေတာ၊ သူတို့က ဆင်းချင်နေတာ" လို့ ဦးဌေးက ပြောပါ တယ်။

လူ့အခွင့်အရေးအရ တနေ့ ၈နာရီ အလုပ်လုပ်ချိန်နဲ့ ကျန်တဲ့ အချိန်က နားချိန် ပညာသင်ကြားချိန် ရှိသင့်တယ်လို့ အလုပ်သမားအခွင့်အရေး လှုပ်ရှားသူတွေက တောင်းဆိုနေ ပေမယ့် လက်ရှိမှာ ၈ နာရီအတွက် လုံလောက်တဲ့ လုပ်ခ လစာ မရကြလို့ အချိန်ပို ဆင်းရတာ ဖြစ်ပါ တယ်။

တချို့စက်ရုံတွေမှာဆိုရင် တလကို အချိန်ပို နာရီ ၁ဝဝကျော်အထိ သတ်မှတ်ထား တာကို များတဲ့အတွက် လျှော့ချပေးဖို့ အလုပ်သမား အရေး ဆောင်ရွက်တဲ့သူတွေက တောင်းဆိုမှုတွေရှိခဲ့ပေမယ့် အလုပ်သမားတွေဘက်က စားဝတ်နေရေး အတွက် အချိန်ပိုလုပ်အားခကို ဝင်ငွေတရပ်အနေနဲ့ သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။

အချိန်ပိုနဲ့ပတ်သက်ပြီး ဘာပြဿနာတွေရှိလဲ

အလုပ်သမား သဘောတူရင် အချိန်ပိုအလုပ်ဆင်းတာ ပြဿနာ မရှိပေမယ့် တနင်္ဂနွေနေ့လို အလုပ်နားရက်နဲ့ အများပြည်သူ ရုံးပိတ် ရက်တွေမှာ အလုပ်သမား အများစုက အချိန်ပို မဆင်းချင်ကြဘူးလို့ ဆိုပါတယ်။

အချိန်ပိုမဆင်းချင်တဲ့သူတွေကို အတင်းဆင်းခိုင်းတာ၊ ဖိအားပေးတာ၊ ခြိမ်းခြောက်တာ၊ ခွဲခြားဆက်ဆံတာမျိုးတွေက လုပ်ငန်းခွင်နဲ့ ပတ်သက်ပြီး အများဆုံး ကြားရတဲ့ ပြဿနာတွေ ဖြစ်တယ်လို့ အလုပ်သမား အရေး ဆောင်ရွက်တဲ့ အနာဂတ် အလင်းတန်းဆုံမှတ်အဖွဲ့က ဒါရိုက်တာ ဒေါ်သက်သက်အောင်က ပြောပါတယ်။

"မဆင်းချင်တဲ့ အလုပ်သမားတွေ အတွက်ဆိုရင်လည်းပဲ အလုပ်ရှင်တွေ ဘက်ကနေ ပြီးတော့ ဖိအားပေးတာ ခွဲခြား ဆက်ဆံတာ မရှိအောင် ထိန်းကျောင်းဖို့ အတွက် လိုအပ်တယ်လို့ ကျွန်မအနေနဲ့ မြင်ပါတယ်" လို့ ဒေါ်သက်သက်အောင်က ပြောပါတယ်။

အချိန်ပိုနဲ့ ပတ်သက်ပြီး သတ်မှတ်နာရီနဲ့သာ လုပ်ခွင့်ပြုဖို့ သက်ဆိုင်ရာက ညွှန်ကြားထားပေမယ့် တချို့ အလုပ်ရှင်တွေက တညလုံး အချိန်ပို ဆင်းခိုင်း တာမျိုး ရှိတယ်လို့ သူက ပြောပါတယ်။

"ဗမာနိုင်ငံမှာ ဖြစ်နေတာက မေဒေးလိုဟာမျိုးတောင် ဆင်းခိုင်းတယ်၊ လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့တွေမှာ အလုပ်သမားဘက်က ကြည့်ရင် သူတို့ နားရက် ဖြစ်သလို နိုင်ငံတော်ဘက်က ဆိုရင်လည်း အများပြည်သူ နိုင်ငံတော် ရုံးပိတ်ရက်တွ ပေါ့နော်၊ ဆိုတော့ အဲလို တရားဝင် ရုံးပိတ်ရက်တွေမှာ အလုပ်ရှင်က ခိုင်းတာ တွေရှိတယ်"လို့ ဦးဌေးက ပြောပါတယ်။

အချိန်ပိုကို အလုပ်သမား သဘောမတူဘဲခေါ်ပြီး မဆင်းရင် အလုပ်ရှင်ဘက်က အလုပ်ထုတ်တာ၊ အချိန်ပိုဆင်းပြီး အလုပ်ရှင်ဘက်က အချိန်ပို ကြေးမပေးတဲ့ ပြဿနာတွေ ရှိတယ်လို့လည်း ဆိုပါတယ်။

အချိန်ပိုနဲ့ ပတ်သက်ပြီး အလုပ်ရှင်တွေဘက်က သတ်မှတ်ချက်တွေ ဖောက်ဖျက်တာကို အလုပ်သမားတွေက တိုင်ကြားလိုပေမယ့် အလုပ်ရှင် ငြိုငြင်မှာကို ကြောက်ပြီး မတိုင်ရဲကြလို့ သက်ဆိုင်ရာက စောင့်ကြည့်ဖို့ လိုတယ်လို့လည်း အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။

အချိန်ပို လုပ်အားခ မပေးတာ၊ သတ်မှတ်အချိန်ထက် ပိုခိုင်းနေတာတွေကို အလုပ်သမားဝန်ကြီးဌာနအနေနဲ့ မကိုင်တွယ်နိုင်တာကို တွေ့နေရတယ်လို့ မြန်မာနိုင်ငံ စက်မှုလက်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်း ပေါင်းစုံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်ရဲ့ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသက်နှင်းအောင်က ပြောပါတယ်။