နေဖို့နဲ့ စီးပွားရေးလုပ်ဖို့ ရန်ကုန်အစိုးရထံမှာ မြေလျှောက်လို့ရပြီ အပါအဝင် မနက်ခင်းသတင်းများ

ရေးသားခဲ့သည်။

နေထိုင်ဖို့နဲ့ စီးပွားရေးလုပ်ဖို့ ရန်ကုန်အစိုးရထံမှာ မြေလျှောက်လို့ရပြီ

ရန်ကုန်တိုင်းအစိုးရရဲ့ စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ တိုင်းအတွင်းကမြေတွေမှာ စီးပွားရေးလုပ်ငန်း၊ စက်မှုလုပ်ငန်း တွေလုပ်ကိုင်နိုင်ဖို့ရယ်၊ လူနေထိုင်ဖို့ မြေအသုံး ချခွင့်ကို လျှောက်ထားနိုင်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ မြေစီမံခန့်ခွဲမှုကော်မတီက အောက်တိုဘာ ၂ရက်နေ့မှာကြေညာ ထား ပါတယ်။

လျှောက်ထားလို့သူတွေအနေနဲ့တော့ ရန်ကုန်အရှေ့ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံး မှာလျှောက်လွှာတွေကို ဝယ်ယူပြီး လျှောက်ထားနိုင်ပါတယ်။

အစိုးရက လျှောက်ထားလာတဲ့မြေတွေကို သတ်မှတ်စည်ပင်စရိတ်နဲ့ အသုံးပြုခွင့်ပေးမှာဖြစ်တယ်လို့လည်း ပါရှိပါတယ်။

လျှောက်လွှာတွေကိုတော့ အောက်တိုဘာ ၇ရက်နေ့မှာ စတင်ရောင်းချပေးမှာဖြစ်ပြီးတော့ နိုဝင်ဘာလ ၁၁ရက် နောက်ဆုံးထားလျှောက်ကြရမှာ ဖြစ်ပါတယ်။

အခုအစီအစဉ်က တိုင်းအစိုးရအဖွဲ့ရဲ့ အစီအစဉ်ဖြစ်ကာ၊ တိုင်းလွှတ်တော်အနေနဲ့ ဘယ်လိုဘယ်ပုံ ပါဝင်မယ်ဆိုတာကိုတော့လွှတ်တော်အပိုင်းက လုံးဝမသိရသေးဘူးလို့ ရန်ကုန်တိုင်းလွှတ်တော်၊ ကျောက်တံတား မဲဆန္ဒနယ်အမှတ် ၁၊ ကိုယ်စားလှယ်ဒေါ်ကြည်ပြာက ဘီဘီစီကိုပြောပါတယ်။

အခုလိုလုပ်မှာကို လွန်ခဲ့တဲ့ တလလောက်ကတည်းကတော့ သတင်းကြားသိထားရတယ်လို့ သူကဆို ပါတယ်။

ဒါကလည်းရန်ကုန်က ဒဂုံလေးမြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူမနေထိုင်တဲ့ မြေတွေအပေါ် စီမံခန့်ခွဲမှုတွေကောင်းမွန်စွာ ပြုလုပ်ပါဆိုတဲ့ ပြောထား ချက်အရ လုပ်တယ်လို့ သူကယူဆပါတယ်။

မြေရောင်းပေးမယ်လို့ အစိုးရကပြောထားပေမယ့် ဘယ်လိုနေရာမျိုးတွေမှာ၊ ဘယ်လိုဈေးနှုန်းနဲ့ ပေးမယ်ဆို တာကိုတော့အတိအကျမပြောထားပါဘူး။

ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ် နှစ်လယ်ပိုင်းလောက်ကတော့ ရန်ကုန်ပက်ထရို YP ဆီဆိုင်တွေ အတွက် အစိုးရဈေး တစ်စတုန်ရန်းပေကို ငွေကျပ် တစ်ဆယ်ကျော်မှ တစ်ထောင်ကျော်ဈေးနှုန်းတွေနဲ့ စက်သုံးဆီဈေးနှုန်း ကျဆင်းရေး ရည်ရွယ်ချက်အကြောင်းပြချက်နဲ့ တိုင်းအစိုးရအဖွဲ့က ချထားပေးခဲ့တာတွေ ရှိခဲ့ပါတယ်။

အရှုံးပေါ်တဲ့ နိုင်ငံပိုင်လုပ်ငန်းတွေထဲက သတင်းနဲ့စာနယ်ဇင်းလုပ်ငန်း ဘီလီယံချီ အမြတ်ပေါ်နေတယ်လို့ ပြော

၂၀၁၈-၁၉ ခုနှစ် ဘဏ္ဍာနှစ်ရဲ့ ခန့်မှန်းလျာထားတွတ်ချက်မှုများအရ ပြန်ကြားရေးဝန်ကြီးဌာန လက်အောက် မှာရှိတဲ့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတခုဖြစ်တဲ့ သတင်းနဲ့စာနယ်ဇင်းလုပ်ငန်းက ငွေကျပ် တစ်ဘီလီယံ (သန်းတစ်ထောင်ကျော်) အမြတ်ရမယ်လို့ အောက်တိုဘာ ၂ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေအားလုံးမှာ ဖော်ပြပါတယ်။

သတင်းနဲ့ စာနယ်ဇင်းလုပ်ငန်းအနေနဲ့ ၂၀၁၁-၂၀၁၅ ခုနှစ်အထိ သူ့အနေနဲ့ ဒုဝန်ကြီး၊ ဝန်ကြီး တာဝန်ထမ်း ဆောင်စဉ်ကာလမှာတော့အရှုံးမရှိခဲ့ဘူးလို့ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က ဘီဘီစီကိုပြောပါတယ်။

ဒါပေမယ့် ပြန်ကြားရေးဝန်ကြီးဌာနတစ်ခုတည်းအနေနဲ့ ဆိုရင်တော့ လိုငွေပြပါတယ။ ဒါကလည်း မြန်မာ့အသံ၊ ပြန်ဆက်၊ ရုပ်ရှင်နဲ့ ပုံနှိပ် တို့အတွက် ကုန်ကျငွေ ကြောင့်ဖြစ် မယ်လို့ သူကယူဆပါတယ်။

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းရဲ့ အဓိကဝင်ငွေက ကြော်ငြာနဲ့ သတင်းစာရောင်းချရာကရတဲ့ ငွေအပြင် စက္ကူလုံးကျန်တွေ၊ လိပ်ခွာတွေရောင်းချရတဲ့ ငွေတွေ အပြင် စွန့်ပစ်ပစ္စည်းတွေကိုပါ ရောင်းချရတဲ့ငွေတွေ ကနေ ရရှိတာကြောင့် အဲဒီဝင်ငွေတွေကို ချင့်ချိန်ဂရုပြုဆောင်ရွက်ခဲ့တာအပြင် သတင်းစာခနှုန်းထားကို ၅၀ကျပ်မှ ၁၀၀ ကျပ်ကို ၂၀၁၉ခုနှစ် ဧပြီလမှာတိုးမြှင့်ကာ ဝင်ငွေတိုးရဖို့ လုပ်ခဲ့တယ်လို့လည်း ဖော်ပြ ထားပါတယ်။

၂၀၁၈-၁၉ခုနှစ် ပြည်ထောင်စုရဲ့ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းမှာတော့ သတင်းနဲ့ စာနယ်ဇင်းလုပ်ငန်းအပါအဝင် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း ၁၀ ခုက ကျပ် ၈၃၃.၃၈၇ဘီလီယံ (အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော်၊ ၁ ဒေါ်လာ= ၁၅၀၀ ကျပ်) အထိအရှုံးနှစ်စဉ် အရှုံးပေါ် နေတယ်လို့ စစ်ဆေးတွေ့ရှိ့ချက်တွေကို ပြည်သူ့လွှတ်တော်အတွင်း ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ဆွေးနွေးခဲ့ပါတယ်။

လွှတ်တော်အပြင်၊ မြန်မာနိုင်ငံပွင့်လင်းမြင်သာမှုနှင့် တာဝတ်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဘက်မဟာမိတ် အဖွဲ့ (MATA) ကလည်း အစိုးရပိုင်စီးပွားရေးလုပ်ငန်း ၁၀ခုကနေ အမေရိကန်ဒေါ်လာသန်း ၅၀၀ ကျော်အရှုံး ပေါ်နေတယ်လို့ စက်တင်ဘာလအတွင်း ထုတ်ပြန်ထားပါသေးတယ်။

ဒါပေမယ့် နိုင်ငံပိုင်သတင်းစာတွေကတော့ သတင်းနဲ့ စာနယ်ဇင်းလုပ်ငန်းက နှစ်စဉ်နှစ်တိုင်း တခါမှ မရှုံးခဲ့ ဘူးလို့ အောက်တိုဘ ၂ရက်နေ့မှာ ဖော်ပြပါတယ်။

ဒါကလည်း သတင်းနဲ့ စာနယ်ဇင်းလုပ်ငန်းက နေ့မအား၊ ညမနား၊ တာဝန်ကျေပွန်အောင် ထမ်းဆောင်နေကာ၊ ဘဏ္ဍာငွေဆုံးရှုံးမှုမရှိဖို့နဲ့ တိုးတက်ရရှိ အောင်လုပ်နေ တာကြောင့်လို့ ဖော်ပြပါတယ်။

ဂျပန်စီးပွားရေးဇုန်ရေပြင်ကို မြောက်ကိုရီးယားဒုံးကျည်ပစ်လွှတ်

မြောက်ကိုရီးယားနိုင်ငံဟာ ပဲ့ထိန်းဒုံးကျည် နှစ်စင်း စမ်းသပ်ပစ်လွှတ်လိုက်ပြီး အဲဒီလုပ်ရပ်အတွက် ရှုတ်ချတယ်လို့ ဂျပန် ဝန်ကြီးချုပ်ရှင်ဇိုအာဘေးက ပြောပါတယ်။

အဲဒီ ဒုံးကျည် ၂ စင်းထဲက တစ်စင်းဟာ ဂျပန်ရဲ့အထူးစီးပွားရေးဇုန် ရေပြင် ကို ရောက်ရှိခဲ့တယ်လို့ ဂျပန်ဘက်က ပြောပါတယ်။

တောင်ကိုရီးယားနိုင်ငံရဲ့ အမျိုးသားလုံခြုံရေး ကောင်စီကတော့ ဒီဒုံးကျည်တွေကို ရေငုပ်သင်္ဘောတစ်စင်း ကနေ ပစ်လွှတ်လိုက်တာဖြစ်နိုင်တယ်လို့ ယူဆထားကြောင်း ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ မြောက်ကိုရီးယားနိုင်ငံတို့ ပြုလုပ်နေတဲ့ မြောက်ကိုရီးယားနျူကလီးယားအစီ အစဉ်ဆိုင်ရာ ဆွေးနွေးပွဲတွေကို အခုသီတင်းပတ်နှောင်းပိုင်းမှာ ပြန်စမယ်လို့ မြောက်ကိုရီးယားဘက်က ပြောဆိုအပြီး နာရီပိုင်းအကြာမှာ အခုလို စမ်းသပ်မှု ပြုလုပ်ခဲ့တာပါ။