ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အရှုံးပေါ်နေတဲ့ အစိုးရလုပ်ငန်းတွေ ဖြည့်စွက်ဘဏ္ဍာငွေ အများဆုံးထပ်တောင်း
တောင်းခံတဲ့ပမာဏက၂၀၁၈-၁၉ခုနှစ်ဖြည့်စွက်ဘဏ္ဍာငွေ ပမာဏတစ်ခုလုံး ကျပ်ငွေ ဘီလီယံ ၂၆၃၅ ရဲ့ တစ်ဝက်ကျော် ၁၄၃၂.၃၈၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁ ဘီလီယံခန့်)အထိ ရှိတာကို ၂၀၁၈-၁၉ခုနှစ် ပြည်ထောင်စုရဲ့ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းမှာ ပါရှိပါတယ်။
အဲဒီ ဥပဒေကြမ်းပါ ထပ်တောင်းထားတဲ့ငွေပမာဏကို စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီရဲ့ စိစစ်ပူးပေါင်းရေးအဖွဲ့ ၂၀ က စိစစ်ပြီး ပြည်ထောင်စုလွှတ်တော်ကို မေလ နောက်ဆုံးအပတ်မှာ တင်ပြထားတာ ဖြစ်ပါတယ်။
အရှုံးပေါ်နေတဲ့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေက တောင်းခံငွေဟာ၂၀၁၈-၁၉ခုနှစ် ဖြည့်စွက်ဘဏ္ဍာငွေ တောင်းခံမှုအားလုံးရဲ့ တစ်ဝက်ပမာဏကျော်ဖြစ်သလို ၈ နှစ်အတွင်း တောင်းခံခဲ့တဲ့ ဖြည့်စွက်ဘဏ္ဍာငွေ တွေထဲမှာလဲ အခုအချိန်တောင်းခံမှုက ပမာဏအများဆုံးလည်း ဖြစ်ပါ တယ်။
နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းပေါင်း ၃၂ခုအထိရှိနေပြီးတော့ ၂၂ ခုကသာ ကိုယ်ပိုင်ဝင်ငွေနဲ့ ရပ်တည် နေနိုင်ကြတာဖြစ်ပြီး ကျန်တဲ့ ၁၀ခုကတော့နှစ်စဉ်အရှုံးပေါ်နေတာကိုလည်း ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီရဲ့ နှစ်စဉ် ဘဏ္ဍာငွေအရသုံးဆိုင်ရာ သုံးသပ်ချက်အစီအရင်ခံစာ တွေကဖော်ပြပါတယ်။
၂၀၁၈- ၁၉ခုနှစ် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ စာရင်းတွေအရ လုပ်ငန်း ၁၀ခုက စုစုပေါင်း ကျပ် ၈၃၃.၃၈၇ဘီလီယံ (အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော်၊ ၁ ဒေါ်လာ= ၁၅၀၀ ကျပ်) အထိအရှုံးနှစ်စဉ် အရှုံး ပေါ်နေ ပါတယ်။
"မြန်မာ့လေကြောင်း၊ မြန်မာ့မီးရထား၊ ရေကြောင်းပို့ဆောင်ရေး၊ လျှပ်စစ်စတာတွေအရှုံးပေါ်နေတယ်။ နိုင်ငံကနေစိုက်ထုတ် နေရတယ်။ ဒါတွေကိုလုပ်မယ်ဆိုရင်အစိုးရကတစိုက်မတ်မတ်နဲ့ သေချာလေ့လာ၊ သုတေသန လုပ်၊ ဘယ်လိုဖြေရှင်းသင့်တယ်ဆိုတာကို အစိုးရကပဲ ဆုံးဖြတ်ပြီးလုပ်သင့်တယ်" လို့ ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီဝင် ဦးစိုင်းသီဟကျော်က ဘီဘီစီကိုပြောပါတယ်။
နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေအရှုံးပေါ်နေတာမှန်ပါတယ်။ သူတို့တောင်းတာကို ထပ်ပေးတာကလည်း ရှုံးနေတဲ့လုပ်ငန်းတွေအပေါ် ပြန်ကုစားနိုင်ဖို့အတွက်ဖြစ်တယ်။ အမှန်တကယ်လိုတဲ့ဟာတွေကို ဖြည့်ဆည်း ပေးဖို့တော့လိုလည်းလိုတယ်လို့ သူကဆိုပါတယ်။
နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေအရှုံးပေါ်တာပြီးခဲ့တဲ့လွှတ်တော်သက်တမ်းကတည်းကအဲဒါတွေကို စိစစ်ဖို့ အတွက်ကိုလည်း ကော်မတီအနေနဲ့ကွင်းဆင်းပြီးတော့ သုံးသပ်တာတွေလုပ်ပါတယ်။ လေ့လာတွေ့ရှိချက် တွေကိုလည်း ပြန်တင်ပြီးတော့ ဝိုင်းဝန်းဆွေးနွေးနိုင်အောင်လုပ်နေတယ်လို့လည်း သူကဆက်ပြောပါတယ်။
"လွှတ်တော်ကိုယ်စား လှယ်တွေ ကတော့ ဘာလုပ်သင့်တယ်ဆိုတာပဲတိုက်တွန်းနိုင်မယ်။ ပညာရှင်တွေနဲ့ သေချာဖြေရှင်းတာလို ထိရောက်မှာမဟုတ်ပါဘူး။ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း တွေထဲက တခုချင်းစီကို အစိုးရကဖြေရှင်းသွားတာသင့်တော်မယ်" လို့ ဦးစိုင်းသီဟကျော်က မှတ်ချက်ပြုပါတယ်။
ဒါ့အပြင် ဖြည့်စွက်ရံပုံငွေတွေတိုးတောင်းတာ တစ်နှစ်ထက်တစ်နှစ်များပြားလာတာက မူလစာရင်းမှာ ကတည်းက ဦးစားပေးလုပ်သင့်တဲ့လုပ်ငန်းတွေကို ထည့်သွင်းထားတာမရှိတာနဲ့ သေချာတွက်ချက် တင်ပြမှုတွေမရှိတာတွေကို ပူးပေါင်းကော်မတီတွေက စိစစ်တွေ့ရှိခဲ့ရတယ်လို့လည်း စိစစ်ရေးပူးပေါင်း ကော်မတီအဖွဲ့ဝင်တွေက ပြောပါတယ်။
ဘဏ္ဍာရံပုံငွေတွေအမြောက်အမြားတောင်းပေမယ့် လုပ်ငန်းပြီးအောင်မလုပ်နိုင်လို့ နောက်နှစ်ကုန်မှာ ပြန်အပ်ရတယ်။ မူလကတည်း လုပ်နိုင်မယ့်လုပ်ငန်းတွေကို သေချာတွက်ချက်ပြီး မတင်ပြဘဲ နောက်ပိုင်း ဖြည့်စွက်ရံပုံငွေထဲမှာ တောင်းတာတွေလုပ်လာလို့ ဖြည့်စွက်ရံပုံငွေတွေများလာတာကို လွှတ်တော်က စိစစ်တွေ့ရတယ်လို့ စိစစ်ရေးပူးပေါင်းကော်မတီဝင်တွေက ဆိုကြပါတယ်။
အခုလိုတောင်းခံထားတဲ့ ပမာဏကိုလည်း လက်ရှိကျင်းပနေတဲ့ ၁၂ကြိမ်မြောက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအတွင်း ကိုယ်စားလှယ်တွေက ပါဝင်ဆွေးနွေးမှုတွေလုပ်ပြီး အတည်ပြုမှာဖြစ်တယ်လို့ ဦးစိုင်းသီဟကျော်က ပြောပါတယ်။