ရခိုင်ကလာတဲ့ မွတ်စလင် ၃၅ ဦးကို ဧရာဝတီတိုင်းမှာတွေ့၊ ၅ ဦးကို ဆက်လက် ရှာဖွေနေဆဲ

စက်တင်ဘာ ၂၇ ရက်နေ့ မနက်အစောပိုင်းမှာ ငရုတ်ကောင်းမြို့အဝင် ဂိတ်အနီးမှာတွေ့ခဲ့တာဖြစ်

ဓာတ်ပုံ ရင်းမြစ်, ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့

ဓာတ်ပုံ ပုံစာ, စက်တင်ဘာ ၂၇ ရက်နေ့ မနက်အစောပိုင်းမှာ ငရုတ်ကောင်းမြို့အဝင် ဂိတ်အနီးမှာတွေ့ခဲ့တာဖြစ်
ရေးသားခဲ့သည်။

ဧရာဝတီတိုင်း ငရုတ်ကောင်းမြို့အဝင်မှာတွေ့ရတဲ့ အထောက်အထားမဲ့ မွတ်စလင်တွေကို ရ ရဲတပ်ဖွဲ့က စစ်ဆေးချက် အရ အတူလာသူ အယောက် ၄၀ ရှိတယ်လို့ သိရတဲ့ အတွက် ကျန်နေသူတွေကို ဆက်လက် ရှာဖွေနေတယ်လို့ တာဝန်ရှိသူတွေက အတည်ပြုထားပါတယ်။

ပထမ တွေ့ရတဲ့ ၃၀ အပြင် နောက်ထပ် ၅ ဦးကို ရှာတွေ့ထားပြီလို့ ငပုတောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းအောင်က ဘီဘီစီကို ပြောပါတယ်။ ကျန်တဲ့သူ တွေကိုလည်း ပိတ်ဆို့ရှာဖွေနေတယ်လို့လည်း သိရပါတယ်။

' ' သစ်ယောင်းအုပ်စုမှာ ရှိတဲ့ မိချောင်းခေါင်း ဆိုတဲ့ကျွန်းဆွယ်မှာ လူတစ်ယောက်အားပြတ်နေတာတွေ့လို့ရှာရင် နောက် ၅ဦးကို ထပ်တွေ့တယ်။ သူတို့က အရှေ့ကလူတွေမိလို့ အခြေအနေမကောင်းဘူးဆိုပြီး ပင်လယ်ထဲပြန်လှည့်တဲ့သူတွေပေါ့။''လို့ ဦးသန်းအောင်က ပြောပြပါတယ်။

စက်တင်ဘာ ၂၇ ရက်နေ့ မနက်အစောပိုင်းကက ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်၊ ငရုပ်ကောင်းမြို့နယ် ငရုပ်ကောင်းတောင်ကားလမ်း မြို့အဝင်ဂိတ်မှာ ယာဉ်တစ်စီးတည်းပေါ်မှာလိုက်ပါလာတဲ့ ကားပေါ်မှာ အမျိုးသား ၉ယောက်၊ အမျိုးသမီးအယောက် ၂၀ နဲ့ ၅ နှစ် အရွယ် ကလေးတစ်ဦး စုစုပေါင်း မွတ်စလင် အယောက် ၃၀ ဟာ အထောက်အထားမပြနိုင်တဲ့အတွက် ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားခဲ့ တာဖြစ်ပါ တယ်။

ဒီ အထောက်အထားမဲ့ မွတ်စလင် အယောက် ၃၀ ဟာ ရခိုင်ပြည်နယ် ဘက်က နေ လာတဲ့သူတွေဖြစ်တယ်လို့ သိရကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီး ထွန်းရွှေက ဘီဘီစီကို အတည်ပြုထားပါတယ်။

' ' ပါလာတဲ့ယာဉ်မောင်းတွေကို အခု ရာဇသတ်ကြီးပုဒ်မ ၃၆၇/၁၁၄ နဲ့ အမှုဖွင့်ထားတယ်။ တစ်ယောက်က ထွက်ပြေးသွားပေမယ့် ကယ်ရီသယ်ဖို့ ကျန်တဲ့ နှစ်ယောက်ကို အခုအမှုဖွင့်ထားတယ်။ ရခိုင်ပြည်နယ်ကလာတဲ့ သူတွေလို့တော့ သိရတယ်။ ဘယ်ကဘယ်လိုလဲဆိုတာတော့ ဆက်စစ်ဆေးနေတုံးပဲ။''လို့ ဒုရဲမှူးကြီး ထွန်းရွှေ က ဘီဘီစီကိုပြောပါတယ်။

ယာဉ်မောင်းတွေအပြင် အခုတွေ့ရှိခဲ့တဲ့ သူတွေကိုပါ လလူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေနဲ့ဆက်အမှုဖွင့် အရေးယူသွားဖို့ ရှိတယ်လို့လည်း ဒုရဲမှူးကြီး ထွန်းရွှေ ကပြောပါတယ်။

အများစုဟာ ရေလမ်းကြောင်းကတဆင့်လာကြပြီး မလေးရှားကို သွားဖို့ ရည်ရွယ်ကြတာဖြစ်

ဓာတ်ပုံ ရင်းမြစ်, ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့

ဓာတ်ပုံ ပုံစာ, အများစုဟာ ရေလမ်းကြောင်းကတဆင့်လာကြပြီး မလေးရှားကို သွားဖို့ ရည်ရွယ်ကြတာဖြစ်

'' အရင်ကလည်း ခိုးဝင်တဲ့သူ တွေကိုရောပို့တဲ့သူရော အမှုဖွင့်ပြီးအရေးယူတာပဲ။အခုလည်း အမှုဖွင့်ပြီး အရေးယူသွားမှာပါ ''လို့ ဒုရဲမှူးကြီးထွန်းရွှေက ပြောပြပါတယ်။

ရခိုင်ပြည်နယ်က မွတ်စလင်အချို့ဟာ ၂၀၁၈ ခုနှစ်တုံးကလည်း ရေလမ်းကြောင်းကတဆင့် ဧရာဝတီတိုင်းဘက်ကို ဝင်လာလို့ ဖမ်းဆီးရမိတာတွေရှိခဲ့ဖူးတယ်လို့ ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးကနေသိရပါတယ်။

ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေမှာရှိတဲ့ မွတ်စလင်လူမျိုးအချို့ဟာ ရခိုင်ကနေ ရေလမ်းကတဆင့် ဧရာဝတီတိုင်းဘက်ကိုဝင်ပြီး အဲဒီကတဆင့် ရန်ကုန်တိုင်း၊ ရန်ကုန်တိုင်းကတဆင့် မလေးရှားနိုင်ငံကိုသွားဖို့ ရည်ရွယ်ကြတာဖြစ်တယ်လို့ သိရပါတယ်။

၂၀၁၈ နိုဝင်ဘာလတုံးကလည်း စစ်တွေမြို့ နာဇီရပ်ကွက်မှာရှိတဲ့ မွတ်စလင်လူမျိုး ၁၀၀ ကျော်ဟာ လှေနဲ့ ထွက်လာပြီး ကျောက်တန်းမြို့နယ်ကို ရောက်လာတဲ့အတွက် တပ်မတော်ရေယာဉ်နဲ့ ရခိုင်ကိုပြန်ပို့ရတဲ့ဖြစ်စဉ် တွေလည်းရှိခဲ့ပါတယ်။

အဲဒီဖြစ်စဉ် ဖြစ်ပွားစဉ်က ဒုက္ခသည်စခန်းမှာရှိတဲ့ မွတ်စလင်လူငယ်တစ်ဦးကို ဘီဘီစီက ဆက်သွယ် မေးမြန်းစဉ်က သူတို့အနေနဲ့ ဒီလို ရခိုင်ကနေ ထွက်ခွာဖို့ရာ လူတစ်ဦးကို အနည်းဆုံး ကျပ် သိန်း ၂၀ ဝန်းကျင်ထိ ကုန်ကျလေ့ရှိတယ်လို့လည်း ဘီဘီစီရဲ့အင်တာဗျူး တစ်ခုမှာ ဖြေကြားဖူးပါတယ်။

ဗီဒီယို ပုံစာ, ရခိုင်ပြည်နယ်ရောက် ဘီဘီစီ သတင်းထောက်ရဲ့ တွေ့ရှိချက်