ဗစ်တိုးရီးယားအမှု - ဗစ်တိုးရီးယားရဲ့ အဖေနဲ့ မိသားစု၊ နှစ်ဖက် ရှေ့နေတွေနဲ့ မိသားစု မိတ်ဆွေ ဆရာဝန်ကို ဒေါ်ဥမ္မာလှိုင်က အမှုဖွင့်

လူစိတ်ဝင်စားမှု ခံရတဲ့ ဗစ်တိုးရီးယားအမှုမှာ ကာယကံရှင် မိသားစုနဲ့ နှစ်ဖက်ရှေ့နေတွေပါ အမှုဖွင့်ခံရတဲ့ ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်လာ
ဓာတ်ပုံ ပုံစာ, လူစိတ်ဝင်စားမှု ခံရတဲ့ ဗစ်တိုးရီးယားအမှုမှာ ကာယကံရှင် မိသားစုနဲ့ နှစ်ဖက်ရှေ့နေတွေပါ အမှုဖွင့်ခံရတဲ့ ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်လာ
ရေးသားခဲ့သည်။

နေပြည်တော် Wisdom Hill မူကြိုကျောင်း ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က ဗစ်တိုးရီးယားအမှုမှာ ပါဝင် ပတ်သက်နေသူ နှစ်ဖက်ရှေ့နေတွေနဲ့ မိသားစု၊ မိသားစု မိတ်ဆွေ ဆရာဝန် တို့ကို စက်တင်ဘာ ၂၆ ရက်နေ့ က ပုဗ္ဗသီရိမြို့နယ်၊ ပတ္တာနယ်မြေရဲစခန်းမှာ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မ ၁၀၁ (က) (၂) နဲ့ အမှုဖွင့် လိုက်တယ်လို့ သက်ဆိုင်ရာ တာဝန်ရှိသူ တွေက အတည်ပြုသလို အမှုဖွင့်ခံခဲ့ရသူတွေကလည်း ဘီဘီစီကို အတည်ပြုပါတယ်။

အမှုဖွင့်ခံခဲ့ရသူတွေထဲမှာ ဗစ်တိုးရီးယား (အမည်ရင်း မဟုတ်) ရဲ့ ဖခင်၊ ဖခင် ဖြစ်သူရဲ့ အစ်ကိုနဲ့ အစ်မ၊ ဗစ်တိုးရီးယား အမှုက တရားလို ရှေ့နေ ဒေါ်ရွက်နုအောင်၊ တရားခံ ရှေ့နေ ဦးခင်မောင်ဇော်နဲ့ ဗစ်တိုးရီးယား မိသားစု မိတ်ဆွေ ဆရာဝန် ဒေါက်တာ ဝင်းကိုကိုသိန်း (ခ) သက္ကမိုးညို တို့ ပါဝင်တယ်လို့ သိရပါတယ်။

အမှုဖွင့်ခံခဲ့ရသူ တစ်ဦး ဖြစ်တဲ့ ဒေါက်တာ ဝင်းကိုကိုသိန်းက သူ အမှုဖွင့်ခံထားရတာ သိရှိကြောင်း အတည်ပြု ထားပြီး အခုလောလောဆယ်မှာ ဒီအမှုနဲ့ ပတ်သက်ပြီး မှတ်ချက် တစ်စုံတစ်ရာ မပြောလို သေးဘူးလို့ ဘီဘီစီကို ပြောပါတယ်။

အသက် (၁၈) နှစ် မပြည့်တဲ့ သား ၂ ဦး နစ်နာတယ်ဆိုပြီး အမှုဖွင့် တိုင်ကြားခဲ့သူ ဒေါ်ဥမ္မာလှိုင်
ဓာတ်ပုံ ပုံစာ, အသက် (၁၈) နှစ် မပြည့်တဲ့ သား ၂ ဦး နစ်နာတယ်ဆိုပြီး အမှုဖွင့် တိုင်ကြားခဲ့သူ ဒေါ်ဥမ္မာလှိုင်

ဗစ်တိုးရီးယား အမှုရဲ့ သြဂုတ်လ ၁၄ ရက်နေ့ တရားခွင်မှာ ဖခင်ဖြစ်သူ သက်သေ ထွက်ဆိုပြီး တင်သွင်းခဲ့တဲ့ ဗီဒီယိုဖိုင်၊ နှစ်ဖက်ရှေ့နေတွေရဲ့ မီဒီယာတွေမှာ ပြောကြားချက်နဲ့ အမှုမှာ မိသားစု မိတ်ဆွေ အဖြစ် ကူညီ ပါဝင်ဆောင်ရွက်နေသူ ဒေါက်တာ ဝင်းကိုကိုသိန်း (ခ) သက္ကမိုးညို ရဲ့ အွန်လိုင်း လူမှုကွန်ရက်ပေါ်မှာ ရေးသားချက်တွေကြောင့် အခုလို ဒေါ်ဥမ္မာလှိုင်ဘက်က အမှုဖွင့် ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒေါ်ဥမ္မာလှိုင်ဘက်က ပြီးခဲ့တဲ့ သြဂုတ်လ ၃၁၊ ၂၀၁၉ ကလည်း ဗစ်တိုးရီးယား အမှုမှာ သံသယ တရားခံ အဖြစ် တရားရုံး တင် စစ်ဆေးခံနေရတဲ့ ကိုအောင်ကြီးဘက်က လိုက်ပါ ဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်ကို ရုံးချိန်း တစ်ခု မှာ မီဒီယာကို ပြောဆိုချက် တချို့က မိသားစုဂုဏ်သိက္ခာ ညှိုးနွမ်းစေပြီး ကလေးသူငယ် အပေါ် ထိခိုက် နစ်နာစေတဲ့ အတွက် ဆိုပြီး ပတ္တာနယ်ရဲစခန်းမှာပဲ ပုဒ်မ ၂ ခု နဲ့ အမှုဖွင့်ခဲ့ပါတယ်။ အဲဒီ ပုဒ်မ ၂ ခု အနက် နိုင်ငံသားများရဲ့ လွတ်လပ်မှုနဲ့ လူပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို အကာအကွယ်ပေးရေး (နိုင်လွတ်လုံ) နဲ့ အမှုစွဲချက်ကို ပုဗ္ဗသီရိမြို့နယ် တရားရုံးက ပယ်ချခဲ့ပြီး ကျန် တစ်ခု ဖြစ်တဲ့ ကလေးသူငယ်များ အခွင့်အရေး ဆိုင်ရာ ဥပဒေ နဲ့ စွဲချက်မှာတော့ ပုဒ်မ ခွဲ ပြောင်းကာ ကလေးသူငယ် ဆိုင်ရာ ပုဒ်မ ၁၀၁ (က-၂) နဲ့ လက်ခံထားပါတယ်။

အခု စက်တင်ဘာ ၂၆ ရက် နေ့က ဗစ်တိုးရီးယား အမှုက ကျန်သူတွေကို ဒေါ်ဥမ္မာလှိုင်ဘက်က ထပ်မံ အမှုဖွင့်ခဲ့တဲ့ ဖြစ်စဉ်မှာတော့ သက်ဆိုင်ရာ ရဲစခန်း အနေနဲ့ သက်ဆိုင်ရာ ဥပဒေ အရာရှိရဲ့ အကြံပြုချက်နဲ့ အညီ ဆက်လက် ဆောင်ရွက်သွားဖို့ ရှိနေပါတယ်။

ဗီဒီယို ပုံစာ, ဗစ်တိုးရီယား အမှု ၆ ကြိမ်မြောက် ရုံးချိန်းမှာ ကလေးငယ်ကိုယ်တိုင် ထွက်ဆို