ဗိုလ်ချုပ်ရုပ်ရှင် အလှူငွေ ကျပ်သိန်းတစ်သောင်းခုနစ်ထောင်ကျော်ရရှိ၊ လက်မထပ်ဘဲ လိင်ဆက်ဆံတာရာဇဝတ်မှုမြောက်တဲ့ဥပဒေကြမ်း အင်ဒိုနီးရှားဆိုင်းငံ့ အပါအဝင် စက်တင်ဘာ ၂၅ ရက် မနက်ခင်း သိသင့်တဲ့သတင်းများ

ရေးသားခဲ့သည်။

(၁) စပါးကို ပြည်ပတင်ပို့ဖို့ သဘောတူ

စပါးကို ကာလတစ်ခုသတ်မှတ်ပြီး ပြည်ပကို တရားဝင်တင်ပို့ဖို့ အစိုးရနဲ့တောင်သူတွေ၊ ဆန်စပါးအသင်းအဖွဲ့ တာဝန်ရှိသူတွေ တွေ့ဆုံတဲ့ အစည်းအဝေးက သဘောတူခဲ့ပါတယ်။

စပါးတန်ချိန် နှစ်သိန်းလောက်တင်ပို့ဖို့ နေပြည်တော်မှာ စက်တင်ဘာ ၂၄ ရက်က ကျင်းပတဲ့ အဲဒီအစည်းအဝေးမှာ သဘောတူခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံက ထွက်ရှိတဲ့စပါးကို ပြည်ပကို အရင်က တရားဝင် တင်ပို့ခွင့် မပြုခဲ့ပါဘူး။ ဒါပေမဲ့လည်း ပြီးခဲ့တဲ့ သုံးနှစ်လောက်ကစလို့ တရုတ်နိုင်ငံက ဝယ်ယူတဲ့အတွက် မြန်မာနိုင်ငံက စပါးတွေ တရုတ်နိုင်ငံထဲ တရားမဝင် တင်ပို့တာတွေ ရှိခဲ့ပါတယ်။

ဒါကြောင့် ဆန်စက်လုပ်ငန်းရှင်တွေက ဒီလို တရားမဝင် တင်ပို့နေတာတွေ တားဆီးပေးဖို့ အစိုးရကို တောင်းဆိုတင်ပြတာတွေ ရှိခဲ့ပါတယ်။

ဒါ့အပြင် ဒီအစည်းအဝေးမှာ မိုးစပါးအခြေခံ ဈေးနှုန်းသတ်မှတ်နိုင်ဖို့လည်း ဆွေးနွေးခဲ့ပါတယ်။

အစည်းအဝေးမှာ သဘောတူခဲ့တဲ့ အခြေခံဈေးနှုန်းကို လာမယ့် အောက်တိုဘာ ၁၅ ရက်မှာ ထုတ်ပြန်ပေးဖို့ရှိပါတယ်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) အနေနဲ့ မိုးစပါးအခြေခံဈေးနှုန်းအတွက် ဧည့်မထအုပ်စုဝင် စပါး တင်းတစ်ရာကို ၄ သိန်း ၈ သောင်း၊ ၅ သိန်း၊ ၅ သိန်း ၂ သောင်း စတဲ့ ဈေးနှုန်း ၃ မျိုး အဆိုပြုတင်ပြထားပါတယ်။

ဒါပေမဲ့ စိုက်ပျိုးရေးဝန်ကြီးဌာနအနေနဲ့ မိုးစပါးအတွက် အခြေခံဈေးနှုန်းကို ထုတ်လုပ်မှု ကုန်ကျစရိတ် အပေါ် ၃၀ ရာခိုင်နှုန်း သတ်မှတ်မလား၊ ၄၀ ရာခိုင်နှုန်း သတ်မှတ်မလားလို့ တင်ပြတာတွေရှိပါတယ်။

သဘောတူခဲ့တဲ့ စပါးအခြေခံဈေးနှုန်းနဲ့ စပါး ပြည်ပတင်ပို့မယ့်အချက်တွေကို အစိုးရအကြီးအကဲတွေနဲ့ ဒုသမ္မတဦးဆောင်တဲ့ ဝယ်ယူရေးဦးဆောင်ကော်မတီကို တင်ပြရဦးမှာ ဖြစ်ပြီး ဒီကော်မတီက သဘောတူမှသာ အတည်ဖြစ်မှာဖြစ်ပါတယ်။

အစိုးရအဖွဲ့ဘက်ကတော့ မိုးစပါးအခြေခံဈေးနှုန်းသတ်မှတ်ချက်ကို အောက်တိုဘာလ ၁၅ ရက်နေ့မှာ ထုတ်ပြန်ပေးမှာဖြစ်ပါတယ်။

() ဗိုလ်ချုပ်ရုပ်ရှင်အတွက် ရန်ပုံငွေ ကျပ် သိန်း တစ်သောင်းခုနစ်ထောင် ကျော်ရရှိ

ဗိုလ်ချုပ်ရုပ်ရှင် လို့ လူသိများတဲ့ 'အောင်ဆန်း' ရုပ်ရှင် ရိုက်ကူးဖို့ ရန်ပုံငွေ စုစုပေါင်း ကျပ်သိန်း တစ်သောင်းခုနစ်ထောင်ကျော် ရရှိထားပြီလို့ ဒါရိုက်တာလူမင်းက ပြောပါတယ်။

မူလက ရန်ပုံငွေ တစ်သောင်းနှစ်ထောင်ကျော်နဲ့ အမေရိကန်ဒေါ်လာ ၄၈၀၀ ကျော် ရရှိထားတာပါ။ စက်တင်ဘာ ၂၄ ရက်မှာ ပြုလုပ်တဲ့ ရုပ်ရှင်စတင်ရိုက်ကူးဖို့ အသိပေးတဲ့ အခမ်းအနားမှာ အလှူငွေ ကျပ်သိန်းငါးထောင် ထပ်မံရရှိတာကြောင့် စုစုပေါင်း ရန်ပုံငွေက သိန်း တစ်သောင်းခုနစ်ထောင်ကျော်သွားပြီ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကို ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်တည်းက ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ဖွဲ့ပြီး စတင် ရိုက်ကူးဖို့ ရုံးခန်းဖွင့်တာ၊ ရိုက်ကူးရေး တာဝန်ရှိသူတွေ ရွေးချယ်တာ၊ သရုပ်ဆောင်သစ်ရွေးချယ်တာ၊ ရန်ပုံငွေရှာဖွေတာတွေ လုပ်ခဲ့ပေမယ့် ခုနစ်နှစ်အကြာမှ အခုလို စတင်ရိုက်ကူးနိုင်တာဖြစ်ပါတယ်။

လက်ရှိ ထွက်ပေါ်လာတဲ့ ဒါရိုက်တာနဲ့ရိုက်ကူးရေးအဖွဲ့စာရင်းမှာ အရင် ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ဝင်အများစု ပါဝင်လာခြင်းမရှိတာ တွေ့ရပါတယ်။

မူလက ဒါရိုက်တာမင်းထင်ကိုကိုကြီး ရိုက်ကူးဖို့ စီစဉ်ခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ်တွေအတွင်း ဒါရိုက်တာနဲ့ဇာတ်ညွှန်းအဖွဲ့အပြောင်းအလဲတွေဖြစ်ခဲ့ပါတယ်။

၂၀၁၇ ခုနှစ်မှာ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို ဦးဆောင်တဲ့အဖွဲ့က ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းကော်မတီကို ဖွဲ့ပြီးနောက် ဒီလိုအပြောင်းအလဲတွေရှိလာခဲ့တာပါ။

ဒီရုပ်ရှင်မှာ ဗိုလ်မင်းရောင်နေရာက သရုပ်ဆောင်မယ့် လူမင်းက ဒါရိုက်တာအဖြစ် ရိုက်ကူးမှာဖြစ်ပြီး သမိုင်းဝင်ဇာတ်ကောင်တွေနေရာမှာ သရုပ်ဆောင်မယ့် ဝါရင့်သရုပ်ဆောင်တချို့နဲ့ပတ်သက်လို့ ဝေဖန်သံတွေလည်း ကျယ်လောင်နေပါတယ်။

(၃) ဒီမိုကရက်အမတ်တွေက သမ္မထရမ့်ကို ဖယ်ရှားဖို့ နည်းလမ်းရှာ

အမေရိကန် ဒီမိုကရက်ပါတီ လွှတ်တော်အမတ်တွေက သမ္မတဒေါ်နယ်ထရမ့်ဟာ လာမယ့်ရွေးကောက်ပွဲမှာ သူ့ရဲ့ပြိုင်ဘက် ဖြစ်လာနိုင်ခြေရှိတဲ့ ဒီမိုကရက်ပါတီတွင်း သမ္မတလောင်းလည်းဖြစ် ၊ ဒုတိယသမ္မဟောင်းလည်းဖြစ်တဲ့ ဂျိုးဘိုင်ဒန်ကို အလဲထိုးနိုင်ဖို့အတွက် ပြည်ပအင်အားယူဖို့ အားထုတ်မှုနဲ့ စွပ်စွဲလိုက်ပါတယ်။ ဒါကြောင့် သမ္မတကို ရာထူးကနေ ဖယ်ရှားနိုင်မယ့်နည်းလမ်းတွေကို တရားဝင်ရှာဖို့လည်း စတင်လှုပ်ရှားနေပါပြီ။

မစ္စတာ ထရမ့်အနေနဲ့ ဒုသမ္မတဟောင်း ဂျိုးဘိုင်ဒန်တို့သားအဖဟာ အဂတိလိုက်စားမှုနဲ့ ငြိစွန်းတယ် ဆိုတဲ့စွပ်စွဲချက်ကို ယူကရိန်းသမ္မတဆီကနေ ထွက်လာအောင် မလျော်သြဇာသုံးတယ်လို့ စွပ်စွဲခံနေရတာပါ။

ဒီမိုကရက်ပါတီဝင်လည်းဖြစ်၊ အောက်လွှတ်တော်ဥက္ကဋ္ဌလည်းဖြစ်တဲ့ နန်စီပလိုစီက သမ္မတအနေနဲ့ တာဝန်ခံရမယ်လို့ ဆိုပါတယ်။

သမ္မတထရမ့်ကတော့ သူနဲ့ ယူကရိန်းသမ္မတတို့ရဲ့ဖုန်းပြောဆိုမှုကို ဖြတ်တောက်တာမျိုး မလုပ်ဘဲ ထုတ်ပြန်ပေးမယ်လို့ ပြောထားပါတယ်။

ဒါ့ပြင် သမ္မတထရမ့်က သူ့ကို ဖယ်ရှားရေးအတွက် ဒီမိုကရက်တွေ သက်သက်အပြစ်ရှာတာဆိုပြီး ပြောထားပါတယ်။

(၄) အင်ဒိုနီးရှားမှာ လပ်မထပ်ဘဲ လိင်ဆက်ဆံရင်ရာဇဝတ်မှုမြောက်တဲ့ ဥပဒေကြမ်းကို ဆိုင်းငံ့

အင်ဒိုနီးရှားနိုင်ငံမှာတော့ လက်မထပ်ခင် လိင်ဆက်ဆံတာကို ရာဇဝတ်မှုမြောက်တယ်လို့သတ်မှတ်တဲ့ ဥပဒေမူကြမ်းကို လွှတ်တော်ကို တင်ပြတဲ့နေ့မှာပဲ အဲဒီဥပဒေမူကြမ်းကို လွှတ်တော်အပြင်ဘက်မှာ ဆန္ဒပြကြလို့ ရဲက မျက်ရည်ယိုဗုံးတွေ၊ ရေပိုက်တွေ သုံးပြီး လူစုခွဲခဲ့ရပါတယ်။

ဒီဥပဒေမူကြမ်းကို ဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေဟာ နိုင်ငံထဲက တခြားမြို့ကြီးတွေမှာပါ ဖြစ်ခဲ့တာပါ။

ဒီဥပဒေမူကြမ်းအရ ကိုယ်ဝန်ဖျက်ချမှုကို တရားမဝင်ကြောင်း ကြေညာမှာဖြစ်သလို သမ္မတကို ဝေဖန်ပြောဆိုတာကိုလည်း ဥပဒေမဲ့လုပ်ရပ်အဖြစ် သတ်မှတ်မှာဖြစ်ပါတယ်။

ဆန္ဒပြပွဲတွေကြောင့် ဒီဥပဒေမူကြမ်းကို လွှတ်တော်မှာ ဆွေးနွေးအတည်ပြုဖို့ ဆိုင်းငံ့ထားပါတယ်။