ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စပါးတင်းတရာကို ကြမ်းခင်းစျေး ၅သိန်း သတ်မှတ်
မြန်မာနိုင်ငံမှာ စပါးတင်း တရာကို အနိမ့်ဆုံး ကြမ်းခင်းစျေး ၅သိန်းနဲ့ ကုန်သည်တွေ ရောင်းဝယ်ကြဖို့ မတ်လ ၆ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ မြန်မာ့ လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး နှီးနှောဖလှယ်ပွဲမှာ အစိုးရက သတ်မှတ် ထုတ်ပြန်လိုက်ပါတယ်။
အခုလို အနိမ့်ဆုံးဈေး သတ်မှတ် ပေးတာဟာ မြန်မာ ဆန်စပါး လောကမှာ အရင်က မရှိခဲ့ဖူးတဲ့အတွက် မှတ်တိုင်တစ်ခုကို စိုက်လိုက်တာလို့ ဆိုကြပါတယ်။
အခု သတ်မှတ်လိုက်တဲ့ အခြေခံ ဈေးနှုန်းဟာ ၂၀၁၈ ခုနှစ် နွေစပါး ပေါ်ချိန်နဲ့ မိုးစပါး ပေါ်ချိန်အတွက် အဓိက ရည်ရွယ်တာ ဖြစ်ပြီး စပါးပေါ်ချိန်မှာ ဈေးမကျဖို့ လုပ်ဆောင်တာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် အထွေထွေ အတွင်းရေးမှူးက ပြောပါတယ်။
အထူး ဧည့်မထ အုပ်စုဝင် စပါးတချို့နဲ့ ပေါ်ဆန်းမွှေး စပါး ဈေးနှုန်းတွေဟာ တင်းတစ်ရာကို ကျပ်၇ သိန်းကနေ ၁၀ သိန်းအထိ ဈေးပေါက်နေတဲ့အတွက် ဈေးကွက်ပေါက်ဈေး အတိုင်းသာ ရောင်းချဖို့ကိုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အရင်နှစ်တွေကတော့ စပါးပေါ်ချိန်မှာ စပါးဈေးနှုန်းဟာ ထုတ်လုပ်မှု ကုန်ကျစရိတ်အောက် ကျဆင်းလေ့ ရှိပြီး ဒီနှစ်မှာတော့ စပါးပေါ်ချိန်မှာ စပါးဈေး မကျပဲ လက်ရှိမှာ စပါးဈေးနှုန်းဟာ နေရာဒေသပေါ် မူတည်ပြီး ဧည့်မထ အုပ်စုဝင် စပါးဈေးဟာ အနည်းဆုံး တင်းတရာကို ၅ သိန်းခွဲ ကနေ ၇သိန်း ဝန်းကျင်အထိ ရှိပါတယ်။
အခုလို ကြမ်းခင်းဈေး သတ်မှတ်ပေးလိုက်တာဟာ ဈေးနှုန်းအရ ပြင်ပ ပေါက်ဈေးထက် နည်းနေပေမယ့် တောင်သူတွေ အတွက်တော့ မျှော်လင့်ချက် ရှိလာခဲ့တယ်လို့ အခမ်းအနား တက်ရောက် လာတဲ့ တောင်သူတချို့က ပြောပါတယ်။
NLD အစိုးရ တက်လာပြီးတဲ့နောက် ဒီနှစ် ဘဏ္ဍာနှစ်မှာ ပြည်ပကို ဆန်တန်ချိန် ၃ သန်းကျော် တင်ပို့နိုင်ခဲ့ပြီး အမေရိကန် ဒေါ်လာ တစ် ဘီလျံကျော် ရခဲ့ပါတယ်။