မကွေးမှာ အုပ်စုဖွဲ့ပြီး လုယက်ရမ်းကားသူတချို့ကြောင့် တက္ကသိုလ်ကျောင်းသား ၂ ဦး အပါအဝင် လူ ၃ ဦးဓားနဲ့ထိုးခံရ

နှောင့်ယှက်ခံရသူတွေထဲမှာ တက္ကသိုလ်ကျောင်းသူတွေပါသလို ကျောင်းသား ၂ ဦးလည်း ဓားနဲ့ထိုးခံခဲ့ရ

ဓာတ်ပုံ ရင်းမြစ်, မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့

ဓာတ်ပုံ ပုံစာ, နှောင့်ယှက်ခံရသူတွေထဲမှာ တက္ကသိုလ်ကျောင်းသူတွေပါသလို ကျောင်းသား ၂ ဦးလည်း ဓားနဲ့ထိုးခံခဲ့ရ
ရေးသားခဲ့သည်။

မကွေးမြို့ပေါ်မှာ စက်တင်ဘာ ၁၆ ရက်နေ့ ညနေပိုင်းက လူလေးယောက်အုပ်စုဖွဲ့ပြီး အများပြည်သူ အပန်း ဖြေရာနေရာ ၃ခုမှာ လုယက်ရန်ရှာခဲ့တဲ့အတွက် အဝေးသင်တက္ကသိုလ်ကျောင်းသား ၂ဦးအပါအဝင် ၃ဦး ဓါးနဲ့ထိုးခံခဲ့ရပါတယ်။

မူးယစ်ရမ်းကားသူတွေဟာ ညနေ ၃ နာရီ ဝန်းကျင်မှာ မကွေးမြို့မ ပန်းခြံအတွင်းထိုင်နေသူ ၂ ဦးကို အရင်ဆုံး နာကျင်အောင်လုပ်မယ်လို့ ခြိမ်းခြောက်နှိပ်စက်ခဲ့ပြီးနောက် ကန်သာကန်ဘောင်မှာ လမ်းလျှောက်နေတဲ့ တက္ကသိုလ်ကျောင်းသူတွေကို လိုက်လံနှောင့်ယှက်ခဲ့တာ ဖြစ်တယ်လို့ မကွေးမြို့ခံတွေထံကသိရပါတယ်။

' ' ကျောင်းသူ ၂ ယောက်ကကြောက်ပြီး ထွက်ပြေးသွားတဲ့အချိန်မှာ သူတို့က ကျောင်းသား ၂ ဦးကိုဓားနဲ့ ထိုးလိုက်တာ။ ပေါင်ကို ထိသွားပြီး ညတွင်းချင်းပဲ မကွေးဆေးရုံကို ပို့ပြီး ကုသမှုခံယူခဲ့တယ်လို့သိရတယ်။ ဖြစ်တဲ့နေရာက လူရှိပေမယ့် ညဘက်ဆို မီးမရှိဘူး။ လုယက်မှုတွေလည်း မကြာခဏဖြစ်လေ့ရှိတယ်''လို့ မကွေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ကိုစိုင်းဝဏ္ဏ က ဘီဘီစီကိုပြောပါတယ်။

အဆိုပါလူ ၄ ဦးဟာ ကျောင်းသားတွေကို ရန်ရှာပြီးတဲ့နောက်မှာ မကွေးမြို့၊ ဆားရွှေကင်းရပ်ကွက်၊ ကမ်းနားလမ်း၊ ကျောက်သား ဥယျာဉ်ရှေ့မှာ ထိုင်နေတဲ့ အမျိုးသားတစ်ဦးကိုလည်း ထပ်မံရန်ရှာခဲ့တယ်လို့ သိရပါတယ်။

' ' အလှူခံချင်လို့လို့ပြောပြီး ပိုက်ဆံမပါဘူးပြောတော့ဓားနဲ့ထိုးတယ်။ ဘာမှမပါဘူးပြောတော့ဓားနဲ့ထပ်ထိုးလို့ ကြောက်ပြီးပါလာတဲ့ဖုန်းကို ပေးလိုက်တယ်လို့သိရတယ်''လို့ အဆိုပါအမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေးက ဘီဘီစီကိုပြောပြပါတယ်။

ကျူးလွန်သူ ၄ဦးထဲက မကွေးမြို့ပေါ်မှာနေထိုင်တဲ့ အသက် ၂၀ ဝန်းကျင် လူငယ်၂ ဦးကိုတော့ အခင်းဖြစ်တဲ့ ည ၁၁ နာရီဝန်းကျင်မှာပဲဖမ်းမိခဲ့ပြီး ကျန်တဲ့ ၂ ဦးကိုတော့ အမြန်ဆုံးမိနိုင်ဖို့ ဖိအားပေးဆောင် ရွက်နေတယ်လို့ မကွေးခရိုင်အုပ်ချုပ်ရေးမှူးဦးစိုးနိုင်က ဘီဘီစီကို ပြောပါတယ်။

' ' အခုက မကွေးမှာ တက္ကသိုလ်တွေ စာမေးပွဲဖြေနေချိန်လည်းဖြစ်လို့ လုံခြုံရေးကအရင် ထက်ပိုချထား တယ်။ ကျောင်းသားကျောင်းသူတွေ သွားတတ်တဲ့နေရာတွေဆို လှည့်ကင်းလှည့်တာရော ပိုလုပ်ထား တယ်။ လုံခြုံရေးချထားတဲ့ကြားက လှည့်တဲ့နေရာနဲ့ သူတို့လုပ်တဲ့နေရာနဲ့ တိုက်ဆိုင်ပြီး လွတ်သွားတာ ဖြစ်ပါလိမ့်မယ်။ မြို့လုံခြုံရေးကတော့စိုးရိမ်စရာမရှိပါဘူး''လို့လည်း ဦးစိုးနိုင်ကပြောပါတယ်။

အုပ်စုဖွဲ့ရန်ရှာသူ ၄ ဦးထဲက ၂ဦးကို ညတွင်းချင်းဖမ်းမိခဲ့ပြီး ကျန် ၂ဦးမှာ လွတ်မြောက်နေဆဲဖြစ်

ဓာတ်ပုံ ရင်းမြစ်, မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့

ဓာတ်ပုံ ပုံစာ, အုပ်စုဖွဲ့ရန်ရှာသူ ၄ ဦးထဲက ၂ဦးကို ညတွင်းချင်းဖမ်းမိခဲ့ပြီး ကျန် ၂ဦးမှာ လွတ်မြောက်နေဆဲဖြစ်

မကွေးမြို့ပေါ်မှာ လုံခြုံရေးတွေပိုမိုချထားတယ်လို့ဆိုပေမယ့်လည်း အခုလို လုယက်ရမ်းကားတာတွေဖြစ်လာတဲ့အတွက် ညနေပိုင်းအပြင်ထွက်ဖို့ကို လုံခြုံမှုမရှိဘူးလို့ခံစားရကြောင်း သတ္တဗေဒဘာသာရပ်နဲ့ မဟာတန်းတက်ရောက်နေတဲ့ ကျောင်းသူဖြစ်တဲ့ မအိသဉ္ဇာနိုင်က ဘီဘီစီကိုပြောပါတယ်။

' ' အဲဒီလိုဖြစ်ပြီးထဲက ညနေဘက် အပြင်ထွက်ဖို့ကို လန့်နေတယ်။ အရင်က အခုလို မကွေးမှာ ကျောင်းသားတွေဆုံပြီး လူများတဲ့အချိန်ဆို ဆွဲကြိုးဖြတ်တာ လုယက်တာတွေက ကြားနေရပေမယ့် အခုလို ဓားနဲ့ထိုး တာ ရန်ရှာတာတော့ ဒါ ပထမဆုံး ကြားဖူးတာပဲ။ လုယက်တဲ့သူတွေကလည်း ပိုပိုပြီး ရဲတင်းလာ တယ်။ ရဲတပ်ဖွဲ့ဘက်ကလည်း ဒီထက်တင်းတင်းကျပ်ကျပ် လုံခြုံရေးချထားပြီး ထိထိရောက်ရောက် အရေး ယူဆောင်ရွက်သင့်တယ်''လို့ မအိသဉ္ဖာနိုင်က သူမရဲ့အမြင်ကို ပြောပြပါတယ်။

လက်ရှိမှာ ဖမ်းမိထားသူ ၂ ဦးအပါအဝင် ၄ ဦးစလုံးကို အမှု ၃ ခုစလုံးအတွက် အပြင်းအထန်နာကျင်စေမှု၊ သာမန်နာကျင်စေမှု ၊ အားပေးကူညီမှု ၊ မတရားဖမ်းဆီးချုပ်နှောင်မှု ၊လုယက်မှု စတဲ့သက်ဆိုင်ရာပုဒ်မ အသီးသီးနဲ့ အမှုဖွင့်ထားပြီးဖြစ်တယ်လို့လည်း မကွေးမြို့မ စခန်းမှူး ဒုရဲမှူးဇော်မိုးနိုင်ကပြောပြပါတယ်။

' ' ကျန်တဲ့သူတွေကိုလည်း အမြန်ဆုံးမိဖို့အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ သူ့မိသားစုဝင်တွေကို စည်းရုံးရေးနည်းနဲ့ရောထောက်လှမ်းရေးနည်းနဲ့ရော ဆောင်ရွက်နေပါတယ်။''လို့ ကျူးလွန်သူတွေကို ဖမ်းဆီးရမိရေးဆောင်ရွက်နေတဲ့အခြေအနေနဲ့ပတ်သက်ပြီး ဒုရဲမှူးဇော်မိုးနိုင်ကပြောပြပါတယ်။

တက္ကသိုလ်ပေါင်းစုံ တည်ရှိတဲ့ မကွေးမြို့ပေါ်မှာ အခုလို လက်နက်ကိုင်ဆောင်ပြီး အုပ်စုဖွဲ့ ရမ်းကားတိုက်ခိုက်တာမျိုးကို အရင်က မကြားဖူးခဲ့ဘဲ အခုအကြိမ်ဟာ ပထမဆုံးအနေနဲ့ ကြားဖူးလာတာဖြစ်တယ်လို့လည်း မကွေးမြို့ခံအချို့ကမှတ်ချက်ပြု ပြောကြပါတယ်။