ရှမ်းမြောက်တိုက်ပွဲတွေပြင်းထန်ချိန် တရုတ်-မြန်မာနယ်စပ် ကြယ်ဂေါင်ဘက်မှာ တရုတ်စစ်ကားတွေလှည့်လည်၊တစ်ပတ်အတွင်း စစ်ရှောင်ပြည်သူ ၅ထောင်နီးပါးရှိလာပြီး အရေးပေါ်အကူအညီလိုအပ်နေ

ရေးသားခဲ့သည်။

ရှမ်းမြောက်မှာ တစ်ပတ်အတွင်း စစ်ရှောင်ပြည်သူ ၅ထောင်နီးပါးရှိလာပြီး အရေးပေါ်အကူအညီလိုအပ်နေ

သြဂုတ် ၁၅ရက်နေ့က တပ်မတော်နည်းပညာတက္ကသိုလ် တိုက်ခိုက်ခံရအပြီးနောက် ရှမ်းပြည်နယ်မှာ ဆက်လက်ဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူအရေအတွက်ဟာ သြဂုတ် ၂၀ ရက်နေ့အထိ ကောက်ယူထားတဲ့အချက်အလက်တွေအရ ၄၈၆၂ ဦး ထိရှိလာပြီလို့ တအာင်း အရပ်ဖက်အဖွဲ့အစည်းတွေက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဒါအပြင် အဆိုပါထွက်ပြေးတိမ်းရှောင်နေရသူတွေဟာအရေးပေါ်အကူအညီတွေလိုအပ်နေတဲ့အတွက လက်ရှိအာဏာရအစိုးရ၊ အရပ်ဖက်အဖွဲ့အစည်းတွ၊INGOs/NGOs အဖွဲ့အစည်းတွေအနေနဲ့ အကူအညီပေး ကြဖို့နဲ့ ကူညီထောက်ပံ့မှု ပေးနိုင်ဖို့ လမ်းကြောင်းကိုလည်းသက်ဆိုင်ရာအဖွဲ့အစည်း တွေကနေကူညီ ပေးဖို့ ကိုလည်း ထုတ်ပြန်ချက်မှာထည့်သွင်းတိုက်တွန်းထားပါတယ်။

လတ်တလောဖြစ်ပေါ်နေတဲ့တိုက်ပွဲတွေကြောင့် မူဆယ် - ကွတ်ခိုင် လမ်းပိုင်းကြားမှာ ပိတ်မိနေသူတွေ ရှိသလို နှစ်ဘက်တပ်တွေဘက်က သွားလာခွင့်တားမြစ်ထားတာကြောင့် ကူညီကယ်ဆယ်ရေးတွေကို မပြုလုပ်နိုင်သေးတဲ့အခြေအနေမှာရှိတယ်လို့ ဒေသခံလူမှုကူညီရေးအဖွဲ့တွေက ဘီဘီစီကို ပြောထားပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာလည်း လားရှိုး-ကွတ်ခိုင်အကြား၊ ၃၈ မိုင် မန်ပြိန်းကျေးရွာအနီးမှာ ပစ်ခတ်မှုတွေရှိခဲ့ပြီး သြဂုတ် ၂၁ ရက်နေ့ ညပိုင်းကလည်း လားရှိုးမြို့ ၊ ဆင်တောင်ရွာအနီးမှာ ပစ်ခတ်သံတွေကြားရတယ်လို့ ဒေသခံတွေကပြောပါတယ်။

သြဂုတ်လ ၁၅ ရက်နေ့က မြောက်ပိုင်းမဟာမိတ် (၃)ဖွဲ့ MNDAA, TNLA, AA ဘက်က ပြင်ဦး လွင်မြို့ ၊တပ်မတော်နည်းပညာတက္ကသိုလ်-DSTA အပါအဝင် နေရာ ၅ နေရာကို စတင်တိုက်ခိုက် ပြီးနောက် ကျောက်မဲ၊ လားရှိုး၊ သီန္နီ၊ ကွတ်ခိုင်၊ မူဆယ်နဲ့ကွမ်းလုံ စတဲ့ လမ်းတစ်လျှောက်မှာ တိုက်ပွဲတွေဆက်လက် ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ရှမ်းမြောက်တိုက်ပွဲတွေပြင်းထန်ချိန် တရုတ်-မြန်မာနယ်စပ် ကြယ်ဂေါင်ဘက်မှာ တရုတ်စစ်ကားတွေ လှည့်လည်

ရှမ်းပြည်နယ်မြောက်ပိုင်းမှာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့တပ်မတော်ကြားတိုက်ပွဲတွေဖြစ်ပွားနေတုန်းမှာပဲ သြဂုတ် ၂၁ ရက်နေ့က တရုတ်မြန်မာနယ်စပ် တရုတ်ဘက်အခြမ်း ကြယ်ဂေါင်မှာ တရုတ်တပ် မတော်က စစ်ကားတွေလှည့်လည်ခဲ့တယ်လို့ မူဆယ်ဒေသခံတွေကပြောပါတယ်။

'' တင့်ကား၅ စီးနဲ့ လုံခြုံရေးကား ၃စီးလှည့်တာမြင်လိုက်ရတယ်။ နယ်စပ်ခြံစည်းရိုး ရှိတဲ့လမ်းတစ်လျှောက် ကို လည်း လှည့်တယ်။ မူဆယ် နန်းတော်ပေါက်ရှိတဲ့အဲဒီနားမှာလည်း ပတ်လမ်းအနေနဲ့လှည့်တာလည်း တွေ့ဖူးတယ်။ လှည့်တဲ့အခါမှာလည်း တနေကုန်မဟုတ်ဘဲ အချိန်ပိုင်းပဲလှည့်တာကိုတွေ့ရတယ်။ ၁၇ ရက်နေ့ကလည်း သူတို့ဘက်ကနေ ဟပ်စကီး ၂ စီးနဲ့ လုံခြုံရေးလှည့်တာတွေ့ရတယ်။'' မူဆယ်ဒေသခံ ဦးသောင်းထွန်းကဘီဘီစီကိုပြောပါတယ်။

ယခင် မြန်မာ့တပ်မတော်နဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား တရုတ်-မြန်မာနယ်စပ်မှာ တိုက်ပွဲ တွေ ဖြစ်ပွားခဲ့စဉ်ကလည်း တရုတ်နိုင်ငံဘက်လက်နက်ကျည်အချို့ ကျရောက်ပြီးတရုတ်နိုင်ငံသား အချို့ ထိခိုက်ဒဏ်ရာ ရတာ တွေရှိခဲ့ ပါတယ်။

အဲဒီနောက်ပိုင်းမှာတရုတ်အစိုးရအနေနဲ့တရုတ်-မြန်မာနယ်စပ်တလျှောက် လုံခြုံရေးတိုးမြှင့်ချ ထားခဲ့ သလိုတိုက်ပွဲ တွေဖြစ်ပွားတဲ့အခါမှာလဲ တရုတ်နိုင်ငံထဲ ကျည်ဆံမကျရောက်ဖို့နှစ်ဘက်အဖွဲ့တွေကို သတိ ပေးထားခဲ့ပါတယ်။

အဲဒီလိုသတိပေးထားပြီးနောက်ပိုင်းကစလို့ရှမ်းပြည်မြောက်ပိုင်းမှာတပ်မတော်နဲ့တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့တွေအကြား တိုက်ပွဲတွေဖြစ်ပွားလာတဲ့အခါမျိုးမှာ နယ်စပ်တရုတ်နိုင်ငံ ဘက်အခြမ်း မှာတရုတ် တပ်မတော်က စစ်ကားတွေလှည့်လည် ပြီးအင်အားပြတာတွေပြုလုပ်တာတွေရှိလာခဲ့တယ်လို့ မူဆယ် ဒေသခံအချို့ကပြောပါတယ်။

အီးယူကနေ ဗြိတိန်နုတ်ထွက်ရေး သဘောတူညီချက်ရဖို့ ဗြိတိန်ဝန်ကြီးချုပ်အသစ်ပေါ်မူတည်လို့ ဂျာမနီဘက်ကပြော

ဂျာမနီဝန်ကြီးချုပ် အိန်ဂလာ မာ့ခဲလ် ကတော့ ဥရောပသမဂ္ဂအဖွဲ့ကြီးကနေ ဗြိတိန်နိုင်ငံနုတ်ထွက်မှုမှာ သဘောတူညီ ချက် ရနိုင်ရေး နည်းလမ်းရှာဖို့က ဗြိတိန်ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်အပေါ် မူတည် နေတယ်လို့ ပြောလိုက်ပါတယ်။

ဒါ့အပြင် အိုင်ယာ လန်နယ်စပ်ကို ဆက်ဖွင့်ထား၊ မထား တစ်ဆို့နေတဲ့ ဗြိတိန်နုတ်ထွက်ရေးလုပ်ငန်းစဉ် အတွက် အဖြေရှာဖို့ ရက် ၃၀ အချိန်ပေးထားလိုက်ပါတယ်။

ပြင်သစ်သမ္မတ အီမန်နျူရယ် မာခွန်းကလည်း လတ်တလော ညှိနှိုင်းရရှိထား တဲ့သဘောတူညီချက်ကို ပြန်ပြီး ညှိနှိုင်းမှာ မဟုတ်ဘူးလို့ ထပ်လောင်းပြောဆိုထားပါတယ်။

အိန္ဒိယ ဘဏ္ဍာရေးဝန်ကြီးဟောင်း ငွေကြေးခဝါချမှုနဲ့ ဖမ်းဆီးခံရ

အိန္ဒိယနိုင်ငံမှာတော့ ဘဏ္ဍာရေးဝန်ကြီးဟောင်း ပီ ချီဒမ်ဘရမ် P Chidambaram ဟာ အဂတိလိုက်စားမှု ငွေကြေး ခဝါချမှုတွေနဲ့ စွပ်စွဲ ဖမ်းဆီးခံလိုက်ရပါတယ်။

သူဟာ ဘဏ္ဍာရေးဝန်ကြီးတာဝန်ထမ်းဆောင်ချိန်အတွင်း လာဘ်ယူပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို လွတ်လွတ်ကင်းကင်းလုပ်ပေးခဲ့တယ်လို့ စွပ်စွဲခံနေရတာပါ။

မစ္စတာ Chidambaram ကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။