တိကျတဲ့ မူဝါဒတွေ ချမှတ်ဖို့ ပညာရေးကောလိပ်ကျောင်းသားတွေ ဖဲကြိုးစိမ်းလှုပ်ရှားမှုနဲ့ တောင်းဆို

ရန်ကင်းပညာရေးကောလိပ်ဝင်းထဲက ဖဲကြိုးစိမ်းလှုပ်ရှားမှု

ဓာတ်ပုံ ရင်းမြစ်, YECSU

ဓာတ်ပုံ ပုံစာ, ရန်ကင်းပညာရေးကောလိပ်ဝင်းထဲက ဖဲကြိုးစိမ်းလှုပ်ရှားမှု
ရေးသားခဲ့သည်။

ပညာရေးကောလိပ်တက်ရောက်သူတွေကို B.A ပညာရေးဘွဲ့၊ B.Sc ပညာရေးဘွဲ့တွေပေးဖို့ရာမှာ တိကျတဲ့မူဝါဒချမှတ်ပေးဖို့၊ အဝေးသင်တက္ကသိုလ် တက်ရောက်နေသူတွေကို ခွင့်ရက်လုံလုံလောက်လောက်ပေးဖို့နဲ့ ပညာရေးကောလိပ် ကျောင်းသားသမဂ္ဂဝင်တွေအပေါ် ဖိနှိပ်မှုရပ်တန့်ဖို့ စတဲ့ အချက် ၃ ချက်ကို ရန်ကင်းနဲ့ မြစ်ကြီးနား ပညာရေးကောလိပ် ကျောင်းသား၊ကျောင်းသူတွေက သြဂုတ်လ ၂၁ ရက်နေ့မှာ ဖဲကြိုးစိမ်းလှုပ်ရှားမှုနဲ့ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

"ပညာရေးကောလိပ် ၂ နှစ်ပြီးလို့ရှိရင် ဒီပလိုမာပဲရတယ်၊ ဘွဲ့မရသေးဘူး။ ဒါကြောင့်မို့လို့ ဘွဲ့သင်တန်းဖွင့်ပေးမယ် ပြောတယ်၊ လက်ရှိမှာ ပညာရေးကောလိပ်ကျောင်းဆင်းတွေ သောင်းနဲ့ချီရှိတယ်၊ အဲ့ဒီထဲက ဘယ်လောက်ကို ခေါ်မယ်၊ ဘယ်အရည်အချင်းနဲ့ ကန့်သတ်ပြီး ခေါ်မယ်၊ တိတိကျကျ ထုတ်ပြန်ဖို့ လိုပါတယ်" လို့ ဖဲကြိုးစိမ်းလှုပ်ရှားမှုကို ဦးဆောင်နေသူ တစ်ဦးဖြစ်တဲ့ ရန်ကင်းပညာရေးကောလိပ်က ဒုတိယနှစ်ကျောင်းသား ကိုသုတစိုးက ပြောပါတယ်။

ဖဲကြိုးစိမ်းလှုပ်ရှားမှုကို သြဂုတ်လ ၁၉ ရက်နေ့ကစပြီး တစ် ရက်ကို ကောလိပ် နှစ်ကျောင်းနှုန်း လှုပ်ရှားမှုတွေ လုပ်နေတာဖြစ်ပြီး မန္တလေး၊ မုံရွာ၊ ပခုက္ကူ၊ ရန်ကင်း၊ မြစ်ကြီးနား စတဲ့ ပညာရေးကောလိပ် ၁၀ ကျောင်းထက်မနည်း ပါဝင်လှုပ်ရှားနေကြပါတယ်။

"ကောလိပ်ဝန်းထဲ ဖဲကြိုးစိမ်းတွေ ဝေတယ်၊ ဖဲကြိုးစိမ်းရင်ထိုးတွေ တပ်တယ်၊ လှုပ်ရှားမှုအကြောင်း ရှင်းပြတယ်" လို့ လှုပ်ရှားမှုမှာပါခဲ့ကြသူတွေက ပြောပါတယ်။

ပညာရေးဌာနကတော့ လာမယ့် ၂၀၁၉ ဒီဇင်ဘာကစလို့ B.A ပညာရေးဘွဲ့၊ B.Sc ပညာရေးဘွဲ့ပေးမယ့် အတန်းတွေကို စဖွင့်မယ်လို့ ပြောထားတာပါ။ ဒါ့အပြင် ပညာရေးကောလိပ် တက်ရောက်ကြသူတွေဟာ ဒီပလိုမာဘွဲ့ပဲ ရကြတာမို့ ဘွဲ့ရဖို့ အဝေးသင်တက္ကသိုလ် ထပ်တက်ကြရပါတယ်။

"အဝေးသင် တက်တဲ့အခါ ခွင့်ရက်လုံလုံလောက်လောက်မပေးဘူး၊ အနီးကပ်စာသင်ချိန် ၁၀ ရက်၊ စာမေးပွဲဖြေရက် ၇ ရက်ပဲ သတ်မှတ်တယ်၊ အဲ့ဒါကျော်ရင် လစာထဲက ဖြတ်တယ်၊ ၁၇ ရက်တည်းနဲ့ စာကျက်ချိန် မလုံလောက်ဘူး" လို့ ကိုသုတစိုးက ပြောပါတယ်။

ရန်ကင်းပညာရေးကောလိပ်ဝင်းထဲက ဖဲကြိုးစိမ်းလှုပ်ရှားမှု

ဓာတ်ပုံ ရင်းမြစ်, YECSU

ဓာတ်ပုံ ပုံစာ, ရန်ကင်းပညာရေးကောလိပ်ဝင်းထဲက ဖဲကြိုးစိမ်းလှုပ်ရှားမှု

လက်ရှိနိုင်ငံတဝှမ်းမှာ ပညာရေးကောလိပ် ၂၄ ကျောင်းရှိပြီး တက်ရောက်နေတဲ့ ကျောင်းသား၊ ကျောင်းသူအရေအတွက်က သောင်းဂဏန်းနဲ့ချီပြီး ရှိပါတယ်။

သူတို့တွေဟာ ၂ နှစ်တာ ကောလိပ်ကျောင်းပြီးသွားရင်တော့ မူလတန်းပြ အနေနဲ့ တာဝန်ကျကြတာပါ။

ဒီနောက် လုပ်သက်အရ အလယ်တန်းပြ ဖြစ်လာပြီး ဒီကမှ B.Ed ဆက်တက်ပြီး အထက်တန်းပြ ရာထူးကိုရမှာ ဖြစ်ပါတယ်။

ရန်ကင်းပညာရေးတက္ကသိုလ် ဒုတိယနှစ်ကျောင်းသား ကိုသုတစိုးကတော့ "ဒီတောင်းဆိုချက် ၃ ခုကို ပညာရေးကောလိပ်ကျောင်းတွေမှာ အခုသီတင်းပတ်ကုန်အထိ လုပ်မယ်၊ ဒါကို ပညာရေးဌာနတာဝန်ရှိသူတွေက တစ်စုံတစ်ရာ မတုံ့ပြန်လာဘူးဆိုရင် ဖဲကြိုးစိမ်းလှုပ်ရှားမှုအပြင် ပိုမိုပြင်းထန်တဲ့ လှုပ်ရှားမှုတွေ ဆက်လုပ်မယ်" လို့ ဘီဘီစီကို ပြောပါတယ်။