ရေနံချောင်းမြေနုကျွန်းပဋိပက္ခ ဖရဲကျွန်းဘက် ကလူသတ်မှုနဲ့ အမှုစဖွင့်

ဓာတ်ပုံ ရင်းမြစ်, Thein Naing Htun
ဇူလိုင် ၂၃ ရက်နေ့ ရေနံချောင်းမြေနုကျွန်းပဋိပက္ခ ပြဿနာမှာ လူ ၄၀ နီးပါးသေဆုံးခဲ့တဲ့ ဖရဲကျွန်းကျေးရွာသားတွေက လူသတ်မှုနဲ့ ဇူလိုင်၂၇ရက်နေ့က ရဲစခန်းမှာ အမှုဖွင့်လိုက်တယ်လို့ ဖရဲကျွန်းဘက်က ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးသန်းဌေးက ဘီဘီစီကို ပြောပါတယ် ။
ဒါအပြင် အလောင်းဖျောက်ဖျက်မှု၊ နယ်မြေကျုးကျော် မှုတွေနဲ့လည်း ကန်သာရွာဘက်ကို အမှုဖွင့်ထားတယ်လို့ သူကပြောပါတယ်။
"ဖရဲကျွန်းရွာသား ကိုသန်းဇော်ကို ကန်သာ ကလူတွေ ဝိုင်းခုတ်သတ်တာကို မနေ့က (ဇူလိုင် ၂၇ရက်နေ့ ) အမှုဖွင့်တာပါ၊ ကျန်သေတဲ့သူတွေကို တိုင်းအစိုးရက ဇူလိုင်၂၆ ရက်နေ့က စစ်ဆေးရေးလုပ်မယ် ပြောထားလို့ အဲဒီဆုံးဖြတ်ချက်ကို စောင့်ကြည့်ဖို့ ရှိပါတယ်"လို့ ဦးသန်းဌေးက ဘီဘီစီကို ပြောပါတယ် ။
ဇူလိုင် ၂၃ ရက်နေ့က ရေနံချောင်းမြေနုကျွန်းပဋိပက္ခ အငြင်းပွားရာကနေ လူ၃၈ ဦး သေဆုံးခဲ့ပြီး ဇူလိုင်လ ၂၈ရက်နေ့ အထိအလောင်း၂၆ လောင်း ရရှိထားပြီး ၁၂ ဦးပျောက်ဆုံးနေပါတယ် ။

ဓာတ်ပုံ ရင်းမြစ်, PHYU PHYU
ဖရဲကျွန်းရွာက ကိုသန်းဇော် အသတ်ခံရမှုကတော့ သူ့အဖေက လူသတ်မှုနဲ့အမှုဖွင့်တာဖြစ်ပါတယ် ။
ဇူလိုင်၂၈ ရက်နေ့မှာ ဒီအမှုနဲ့ ပတ်သက်လို့ ဖရဲကျွန်းရွာကို ရဲတပ်ဖွဲ့ကရောက်လာပြီး လူသတ်မှုအတွက် တင်သွင်းထားတဲ့မျက်မြင် သက်သေတွေကို စစ်ဆေးခဲ့ပါတယ်။
ဒါအပြင် ပိုင်နက်ကျုးလွန်မှုနဲ့ ကန်သာရွာဘက်ကို ဖရဲကျွန်းရွာကအုပ်ချုပ်ရေမှူး ဦးမျိုးဇော်သန်းက အမှုဖွင့်ထားပါတယ်။
ဒီပဋိပက္ခ ဖြစ်စဉ်ကိုစစ်ဆေးနိုင်ဖို့ အလုပ်သမားရေးရာဝန်ကြီး ဦးမြင့်ဆွေ ဦးဆောင်တဲ့ ၅ ဦးပါ အဖွဲ့ကို မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်က တာဝန်ပေးထားပြီး လာမယ့် သြဂုတ်လ ၅ ရက်နေ့ အတွင်းအပြီးသတ် စုံစမ်းဖို့ တာဝန်ပေးထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AUNG kYAW OO
ဖရဲကျွန်းဒေသခံတွေပြောပြချက် အရကတော့ ကိုသန်းဇော်ဟာ လူအများပြား သေဆုံးတဲ့ စက်လှေမှောက်မှုမတိုင်ခင် အိမ်တွေကို ဖျက်နေစဉ်မှာ အသတ်ခံရတာလို့ မျက်မြင်တွေတဲ့ ဖရဲကျွန်းရွာက ဒေသခံတွေက ပြောပါတယ်။
အဲဒီမြေနုကျွန်းပြဿနာဟာ လွန်ခဲ့တဲ့တစ်နှစ်လောက်ကတည်းက ဖြစ်ပွားခဲ့တာဖြစ်ပေမယ့် သက်ဆိုင်ရာ ဌာနဆိုင်ရာအသီးသီးကို တင်ပြ တိုင်တန်းမှုများရှိခဲ့တာကိုထိရောက်တဲ့ ဆောင်ရွက်ပေးမှုမရှိခဲ့တာကြောင့် အခုလို အစုလိုက်အပြုံလိုက်သေဆုံးကြရတဲ့ အခြေအနေကို ဆိုက်ရောက်ခဲ့ရ တာဖြစ်တယ်လို့ ဖရဲကျွန်း ရွာဘက်ကပြောပါတယ် ။
တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်ကတော့ မြေနုကျွန်း အငြင်းပွားမှုတွေထဲမှာ လူအသေအပျောက် အများဆုံးဖြစ်တဲ့ပဋိပက္ခ ဖြစ်တယ် လို့လည်းပြောပါတယ်။








