ဘာသာရေးလွတ်လပ်ခွင့် အပေါ် ဗဟိုပြုမယ်ဆိုတဲ့ ထရမ့်နိုင်ငံခြားရေးမူ

ဓာတ်ပုံ ရင်းမြစ်, White House
ရိုဟင်ဂျာတွေ အိမ်ကို အမြန်ဆုံး ပြန်ချင်ကြပါတယ်၊ ကူညီဖို့ ဘယ်လို စီစဉ်ထားလဲ ဆိုပြီး ရိုဟင်ဂျာ ဒုက္ခသည် တစ်ဦးရဲ့ အမေးစကားကို အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က "အဲဒါ အတိတကျ ဘယ်နားမှာလဲ" ဆိုပြီး တုံ့ပြန် မေးခဲ့ပါတယ်။
ဇူလိုင်လ ၁၇ ရက်၊ ဗုဒ္ဓဟူး နေ့တုန်းက အိမ်ဖြူတော် သမ္မတ ရုံးခန်းမှာ ဖြစ်ပျက်ခဲ့တာပါ။
ဘာသာရေးအပေါ် အခြေခံပြီး ပစ်မှတ်ထား တိုက်ခိုက် ခံခဲ့ရသူတွေနဲ့ သမ္မတ ထရမ့် တွေ့ခဲ့တဲ့ပွဲ ဖြစ်ပါတယ်။
အဲဒီပွဲမှာ မြန်မာပြည်က ရိုဟင်ဂျာ မွတ်ဆလင်နဲ့ ကချင် ခရစ်ယာန် အသိုင်းအဝိုင်းကို ကိုယ်စားပြု လာကြသူတွေ ရှိနေသလို တရုတ်၊ တူရကီ၊ မြောက်ကိုရီးယား နဲ့ အီရန်က သူတွေလည်း ပါဝင်ပါတယ်။
မြန်မာအကြောင်း၊ ရိုဟင်ဂျာ အကြောင်း ထရမ့် ဘာပြောတာလဲ
အဲဒီ တွေ့ဆုံပွဲ မှတ်တမ်း ဗီဒီယိုကို အိမ်ဖြူတော်က ထုတ်ပြန်တဲ့အခါ ဝေဖန်သံ တချို့ ထွက်လာစေပါတယ်။
ထရမ့်က တုံ့ပြန် မေးတဲ့ မေးခွန်းဟာ မြန်မာပြည် ဘယ်နေရာမှန်း သူ သိပုံ မရဘူး ဆိုတဲ့ ရှုထောင့်အမြင်နဲ့ နိုင်ငံတကာ သတင်းစာတချို့က ဝေဖန်ကြတာ ဖြစ်ပါတယ်။
ရိုဟင်ဂျာ အမျိုးသား ဒုက္ခသည်တစ်ဦးနဲ့ ထရမ့်ကြား ပြောခဲ့တဲ့ စကားတွေက အောက်ပါ အတိုင်း ဖြစ်ပါတယ်။
ဒုက္ခသည်။ ။ ကောင်းသောနေ့လယ်ခင်းပါ သမ္မတကြီးခင်ဗျာ။
သမ္မတထရမ့်။ ။ ဟိုင်း။
ဒုက္ခသည်။ ။ ကျနော်ဟာ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် စခန်းကလာတဲ့ ရိုဟင်ဂျာ တစ်ယောက်ပါ။ ရိုဟင်ဂျာ အများစုဟာ အိမ်ကို အမြန်ဆုံး ပြန်လိုကြပါတယ်။ ဒီတော့ ကျနော်တို့ကို ကူညီဖို့ အစီအစဉ်က ဘာလဲ။ ကျေးဇူးတင်ပါတယ်။
သမ္မတထရမ့်။ ။ အဲဒါ အတိတကျ ဘယ်နားမှာလဲ။ ဘယ်နေရာလဲ။
အဲဒါ ဘယ်နားမှာလဲ ဆိုပြီး ထရမ့်က မေးလိုက်တဲ့အခါ ရိုဟင်ဂျာ ဒုက္ခသည်က … "ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် စခန်းပါ" ဆိုပြီး ဖြေပါတယ်။
ထရမ့်ရဲ့ နံဘေးမှာ ရှိနေတဲ့ သမ္မတ အကြံပေးက "ဘင်္ဂလားဒေ့ရှ်၊ မြန်မာနဲ့ ကပ်ရက်မှာ ရှိတာပါ။ ရိုဟင်ဂျာတွေ အတွက် ကုန်နေပြီ …." လို့ ဝင်ပြောတဲ့ အခါ ထရမ့်က အိုကေ၊ ကျေးဇူးပဲ ဆိုပြီး ခေါင်းတညိတ်ညိတ်နဲ့ သဘောပေါက်ကြောင်း အမူအရာ ပြပါတယ်။
အဲဒီ စကားတွေကို မူတည်ပြီး ထရမ့်ဟာ တကမ္ဘာလုံး အာရုံစိုက်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် အရေးကို မသိသူ ဆိုတဲ့ ပုံဖော်မှုတွေ ရှိနေပါတယ်။
ထရမ့်ဟာ အဲဒီ ဒုက္ခသည် လာတဲ့ နေရာ အတိတကျကို ပိုပြီး သိလိုလို့ မေးတာလား၊ မြန်မာ- ဘင်္ဂလားဒေ့ရှ်-ရိုဟင်ဂျာ စတဲ့ ဝေါဟာရတွေနဲ့ တကယ်ပဲ မကျွမ်းဝင်သူလား ဆိုတာ ဘီဘီစီ အနေနဲ့တော့ ရှင်းရှင်းလင်းလင်း မသိရ သေးပါဘူး။
ဒီတွေ့ဆုံပွဲ မတိုင်ခင်ရက်မှာပဲ ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီး မြန်မာ အစိုးရ စစ်တပ် အကြီးအကဲနဲ့ လက်ထောက် အပါအဝင်၊ တပ်မှူး နှစ်ယောက်ကို ပြည်ဝင်ခွင့်ပိတ်တဲ့ ကြေညာချက် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက ကြေညာခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, White House
ဘာသာရေးလွတ်လပ်ခွင့်ကို ဗဟိုပြုမယ်ဆိုတဲ့ ထရမ့်ရဲ့ နိုင်ငံခြားရေးမူ
ထရမ့်ဟာ သူ့ရဲ့ နိုင်ငံခြားရေး မူဝါဒကို ဘာသာရေး လွတ်လပ်ခွင့်အပေါ် ဗဟိုပြု ချမှတ်မယ်လို့ ပြောဆိုခဲ့အပြီး မြန်မာ အပါအဝင် ကမ္ဘာ့ နိုင်ငံတချို့က ဒုက္ခသည်တွေ၊ အကျဉ်းသားဟောင်းတွေ၊ ထွက်ပြေးခဲ့ကြရသူတွေ၊ လှုပ်ရှားတက်ကြွသူတွေနဲ့ တွေ့ဆုံ ခဲ့တာ ဖြစ်ပါတယ်။
ထရမ့်နဲ့ တွေ့ခဲ့သူတွေထဲ တိဘက်က ဗုဒ္ဓဘာသာဝင်၊ ရှင်ကျန်းက ဝီဂါ မွတ်ဆလင် စတဲ့ တရုတ်ပြည်မကြီး အစိုးရရဲ့ ပစ်မှတ်ထား ခံရသူတွေ၊ တူရကီ၊ မြောက်ကိုရီးယား၊ အီရန်၊ မြန်မာ အပါအဝင် ကမ္ဘာ့ နေရာ အနှံ့ နိုင်ငံတွေက သူတွေနဲ့ တွေ့ဆုံတာ ဖြစ်ပါတယ်။
ဗီယက်နမ် ကောင်ဒါ ဘာသာရေး အသိုင်းအဝိုင်းက သူလည်း အဲဒီပွဲမှာ ရှိနေခဲ့သလို၊ အစ္စလာမ်မစ်နိုင်ငံ အဖွဲ့ IS တွေရဲ့ ပစ်မှတ်ထားတာ ဆိုးဆိုးရွားရွား ခံခဲ့ရတဲ့ အီရတ်က ယာဇီဒီ မျိုးနွယ်စုထဲက ငြိမ်းချမ်းရေး နိုဘယ်ဆိုရှင် နာဒီယာ မူရတ်လည်း တက်ရောက်ခဲ့တာ တွေ့ရပါတယ်။
မြန်မာနဲ့ သက်ဆိုင်တာဆိုရင် ရိုဟင်ဂျာ ဒုက္ခသည် အပြင် ကချင် ခရစ်ယာန် အသိုင်အဝိုင်းက သူတချို့လည်း ရှိနေခဲ့ပါတယ်။
ကချင် နှစ်ခြင်း ခရစ်ယာန် အသင်း ကေဘီစီရဲ့ အကြီးအကဲ သင်းအုပ်ဆရာ ဒေါက်တာ ခလမ် ဆမ်ဆန်လည်း ဒေါ်နယ်ထရမ့်ကို စကားအနည်းငယ် တိုက်ရိုက် ပြောခဲ့ပါတယ်။
"အစိုးရတပ်ရဲ့ ဖိနှိပ် နှိပ်စက်တဲ့ ဒဏ်တွေ အတော် ခံနေရပြီး၊ ကျနော်တို့မှာ ဘာသာရေး လွတ်လပ်ခွင့် အပြည့်ရှိနိုင်တဲ့ အခွင့်အလမ်းလည်း နည်းပါတယ်။ မြန်မာပြည်က မျိုးနွယ်စု လက်နက်ကိုင် အုပ်စုတွေနဲ့ ဗဟို အစိုးရ စစ်တပ်ကြားမှာလည်း တိုက်ခိုက်နေကြပါတယ်။ ဒီတော့ အမေရိကန် အစိုးရ အနေနဲ့ မြန်မာပြည်က လူမျိုးစုတွေ အရေး အာရုံစိုက်ပေးပါ။ ဒီမိုကရေစီ အစစ်အမှန်၊ ဖက်ဒရယ်စနစ် အစစ်အမှန် ရလာဖို့ အကူအညီပေးပါ" ဆိုပြီး ဒေါက်တာ ဆမ်ဆန်က ပြောခဲ့ပါတယ်။










