ရခိုင်ပြည်နယ် မင်းပြားမှာ လေးမြို့မြစ်ကမ်းပြိုလို့ လူနေအိမ်တွေပျက်စီး

ဓာတ်ပုံ ရင်းမြစ်, Lay Mro News
ရခိုင်ပြည်နယ်၊ မင်းပြားမြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ပြည်တော်သာ၊ ပြည်တော်လှ၊ ဦးစိုးတင့်ရပ်ကွက်တွေမှာ လေးမြို့မြစ်ကမ်းပြိုပြီးတော့ နေအိမ်တွေပျက်စီးသွားခဲ့ပြီး စိုးရိမ်ရတဲ့နေအိမ်တွေကို အရေးပေါ်ဖြိုဖျက်နေရ တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဇူလိုင်လ ၁၂ ရက်နေ့ကနေ လေးမြို့မြစ်ရေမြင့်တက်လာခဲ့တဲ့အတွက် မင်းပြားမြို့ပေါ် တစ်ခုလုံးကို ရေလွှမ်းမိုးနေခဲ့ပြီး ဇူလိုင်လ ၁၄ ရက်နေ့ ညနေပိုင်းမှာ မြေအောက်ရေတိုက်စားမှုကြောင့် ကမ်းပြိုတဲ့အတွက် ပြည်တော်သာရပ်ကွက်က နေအိမ် ၆ ဆောင်ပါသွားခဲ့တာဖြစ်ပါတယ်။
"ကမ်းကမနေ့ကနေစပြိုတယ်၊ နေအိမ်တွေလည်း ရေထဲပါသွားတယ်၊ ဒါကြောင့် တချို့နေအိမ်တွေကိုလည်း အရေးပေါ်ဖြိုဖျက်နေရတယ်၊ စုစုပေါင်း ၂၇ ဆောင်လောက်ရှိပါတယ်။ အခုဖြိုဖျက်နေရတာရော နောက်ထပ်ပြိုလာနိုင်တဲ့အခြေအနေရှိနေတဲ့အိမ်တွေရောပေါ့"လို့ ပြည်တော်သာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်ပုချေက ဘီဘီစီကိုပြောပါတယ်။
အဲ့ဒီကမ်းပြိုတဲ့နေရာဟာ စစ်တွေ-မင်းပြားပြေးဆွဲနေတဲ့ ရွှေပြည်တန်အမြန်ရေယာဉ်ဆိပ်ကနေ မြစ်ကမ်းပါးတောက်လျှောက် ပြိုနေတာဖြစ်ပြီး ရေထိန်းနံရံရဲ့အတွင်းဘက်ကနေရာတွေ ထပ်မံပြိုကျခဲ့တာဖြစ်ပါတယ်။
"ကမ်းက ရေထိန်းနံရံရဲ့အတွင်းဘက်မှာပြိုတာပါ၊ အလျားပေ ၃၀၀ လောက်ရှိပါတယ်၊ အနံကတော့ ပေ၂၀လောက်ရှိတယ်၊ အနက်ကတော့ ကျွန်တော်တို့ လက် တောင် သုံးဆယ် လောက် ရှိမယ်လို့ ခန့်မှန်းပါတယ်၊ တိုင်းတာကြည့်တော့ အဲ့လောက်ကိုရှိနိုင်တယ်လို့ခန့်မှန်းပါတယ်၊ ကျန်တဲ့အိမ်တွေလည်း အချိန်မရွေးပြိုပျက်လာနိုင်တဲ့အတွက် လူတွေကို အဲ့ဒီအိမ်တွေမှာဆက်မနေကြဖို့နဲ့ ဘေးလွတ်ရာကိုပြောင်းရွှေ့နေထိုင်ကြဖို့အတွက် အသိပေးကြေညာတာတွေလုပ်နေပါတယ်" လို့ ဦးမောင်ပုချေက ဆက်လက်ပြောကြားပါတယ်။
လက်ရှိမှာ ကမ်းပါးပြိုရာမှာပါသွားတဲ့နေအိမ် ၆ ဆောင်နဲ့ အရေးပေါ်ဖြိုဖျက်နေရတာ ၂၁ ဆောင်ရှိနေပြီး နောက်ထပ်ပြိုလာနိုင်တဲ့ အန္တရာယ်ရှိအိမ်တွေ အပါအဝင်စုစုပေါင်း နေအိမ် ၃၀ နီးပါးခန့်ရှိနေတာဖြစ်ပါတယ်။
"ဒီကမ်းပြိုတဲ့ကိစ္စက နှစ်တိုင်းပြိုနေတာပါ၊ မြေထိန်းနံရံလုပ်ထားတယ်ဆိုပေမယ့် ဆက်ပြိုမှာပဲ၊ ဘာကြောင့်လဲဆိုတော့ အဲ့ဒီနံရံကို မြေပေါ်မှာပဲလုပ်တာပါ၊ ရေကမြစ် ကြမ်းပြင်ကနေ တိုက်စားတာဆိုတော့ အောက်ကိုပေ ၃၀ လောက်ထိ နစ်ပြီးတော့ လိုင်ခေါင်းဖြစ်နေတာ၊ ဘယ်လိုမှထိန်းနိုင်မှာမဟုတ်ဘူး၊ ရေလမ်းကြောင်းကိုလွှဲမှပဲ ကမ်းပြိုမှုကိုသက်သာစေမှာဖြစ်ပါတယ်" လို့ မင်းပြားမြို့ခံ ဦးသိန်းဇံက ကြုံတွေ့နေရတဲ့ အတွေ့အကြုံအပေါ် သူ့ အမြင်ကို ပြောပါတယ်။
အဲ့ဒီနေအိမ်တွေပျက်စီးသွားတဲ့အတွက် အိုးမဲ့အိမ်မဲ့ဖြစ်နေကြတဲ့ လူဦးရေ ၁၅၀ ကျော်ရှိနေပြီး အဲ့ဒီလူတွေအတွက် သီးသန့်စီစဉ်နေရာချပေးထားတာမရှိတဲ့အတွက် သူတို့ရဲ့နီးစပ်ရာဆွေးမျိုးတွေရဲ့နေအိမ်တွေမှာ ယာယီခိုလှုံနေကြရကြောင်းနဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာက လာရောက်စာရင်းကောက်ယူမှုတွေပြုလုပ်သွားပြီး အကူအညီပေးတာတွေမရှိသေးဘူးလို့ ပြည်တော်သာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်ပုချေကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Lay Mro News
ဒါနဲ့ပတ်သက်လို့ မင်းပြားမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးထွန်းမင်းနိုင်ဆီကို ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ ဖုန်းလက်ခံဖြေကြားပေးတာမရှိခဲ့တဲ့အတွက် သက်ဆိုင်ရာရဲ့ပြင်ဆင်ထားမှုနဲ့ပတ်သက်လို့ တင်ပြနိုင်ခြင်းမရှိသေးပါဘူး။
လေးမြို့မြစ်ဟာ အခုလိုမိုးတွင်းရာသီမှာ မြစ်ရေမြင့်တက်မှုအလွန်မြင့်မားပြီး ရေစီးကြမ်းတဲ့မြစ်ဖြစ်တာကြောင့် မြစ်ကမ်းပါးမှာရှိနေတဲ့ မြို့ရွာတွေဟာ အခုလိုမျိုးကမ်းပါးပြိုမှုအန္တရာယ်ကို ၁၉၉၇ ခုနှစ်မိုးတွင်းရာသီကနေ နှစ်စဉ်ကြုံတွေ့လာခဲ့ကြရတာဖြစ်ပါတယ်။








