ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တပ်မတော်ဖမ်းဆီးခဲ့တဲ့ ပယင်းတူးသူ ၆၈ ဦးကို ခံဝန်နဲ့ ပြန်လွှတ်ပေး
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်းမှာရှိတဲ့ ပယင်းမှော်ထဲ ခိုးဝင် ပယင်းတူးခဲ့သူ ၆၈ ဦးကို တနိုင်းမြို့မ ရဲစခန်းက စစ်ဆေးခဲ့ပြီးနောက် အားလုံးကို ခံဝန်လက်မှတ်ထိုးခိုင်းပြီး ပြန်လွှတ်ပေးလိုက်ပြီလို့ တနိုင်းမြို့နယ် ယာယီမြို့နယ်မှူး ဦးအောင်ကျော်စိုးက ဘီဘီစီကို ပြောပါတယ်။
အမျိုးသား ၅၈ ဦးနဲ့ အမျိုးသမီး ၁၀ ဦးကို တနိုင်းနယ်အတွင်း လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်မတော်စစ်ကြောင်းတပ်ဖွဲ့ဝင်တွေက ဇူလိုင်လ ၄ ရက်နေ့က ဖမ်းဆီးခဲ့ပြီးတဲ့နောက် တနိုင်းမြို့နယ်ရဲစခန်းကို ပို့ဆောင်အမှုဖွင့်ထားခဲ့တာ ဖြစ်ပါတယ်။
တနိုင်းမြို့မရဲစခန်းကတော့ ပယင်းတူးသူတွေကို တပ်မတော်က ဖမ်းဆီးပို့ဆောင်ပြီး နောက်တစ်နေ့ ဇူလိုင်လ ၅ ရက်နေ့မှာပဲ အကုန်လုံးကို ပြန်လွှတ်ပေးခဲ့တာလို့ ပြောပါတယ်။
"သူတို့တွေနဲ့အတူ ပယင်းတွေ မဖမ်းမိဘူး၊ တူးနေတဲ့ မှတ်တမ်းဓာတ်ပုံတွေတော့ ရှိပါတယ်။ ဒါပေမဲ့ အရေးမယူပါဘူး၊ ဒီနယ်မြေက ပယင်းတူးခွင့်စည်းမျဉ်းစည်းကမ်းတွေကို ရှင်းပြပြီးတော့ နေရပ်ဒေသပြန်ဖို့ ပြန်လွှတ်ပေးလိုက်တာပါ" လို့ ယာယီမြို့နယ်မှူး ဦးအောင်ကျော်စိုးက ပြောပါတယ်။
တကယ်တော့ တနိုင်းက ပယင်းမှော်ထဲ တူးဖော်ခွင့်ကို အစိုးရက တရားဝင်ချပေးတာ မရှိသေးပါဘူး။
ယာယီမြို့နယ်မှူး ဦးအောင်ကျော်စိုးကတော "ပယင်းမှော်ထဲမှာ တနိုင်တပိုင်လုပ်ကွက်တွေ ချပေးဖို့ တင်ပြထားကြပါတယ်၊ ပြည်နယ်အစိုးရကတော့ မကြာခင် ချပေးဖို့ အစီစဉ်ရှိတယ်လို့လည်း ပြောထားပါတယ်ဆိုတာကို အခုဖမ်းမိခဲ့တဲ့ တရားမဝင် ပယင်းတူးသူတွေကို ရှင်းပြခဲ့တယ်" လို့ ပြောပါတယ်။
ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်မှာတော့ ပယင်းတူးသူတွေကို တနိုင်းမြို့နယ်၊ မိုင်ခွန်ကျေးရွာအနောက်ဘက် ၄ မိုင်အကွာမှာ ပယင်းတူးဖော်ရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဖော်ပြပါတယ်။
တနိုင်းထဲက ပယင်းမှော်ဟာ နယ်မြေမအေးချမ်းတဲ့ အညိုရောင်နယ်မြေဖြစ်တာကြောင့် တပ်မတော် စစ်ကြောင်းတွေက လုံခြုံရေးယူ သွားလာနေတဲ့ နေရာဖြစ်ပြီး ဒေသခံတွေဝင်ရောက်တဲ့အခါ ဖမ်းဆီးစစ်ဆေးမှုတွေ ရှိနေတာဖြစ်ပါတယ်။