H1 N1 ရာသီတုပ်ကွေးကြောင့် သေဆုံးသူ ၇ ဦးရှိပြီ

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images
ရာသီတုပ်ကွေးရောဂါ H1 N1 ကြောင့် ဇွန် ၂၂ ရက်က ရန်ကုန်ဆေးရုံကြီးမှာ အမျိုးသားတစ်ဦး ထပ်မံ သေဆုံးခဲ့ပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ သေဆုံးသူ ၇ ဦးအထိ ရှိလာပြီလို့ ကျန်းမာရေး ဝန်ကြီးဌာနထံက သိရပါတယ်။
H1N1 ရောဂါ ဖြစ်ပွားတယ်လို့ အတည်ပြုထားသူ ၁၉ ဦးထဲက ရန်ကုန် ဆေးရုံကြီးမှာ စောင့်ကြည့် ကုသနေတဲ့ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဇွန် ၂၂ ရက်မှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။
တစ်နိုင်ငံလုံး သေဆုံးသူ ခုနစ် ဦး ရှိခဲ့တဲ့အနက် ခြောက်ဦးဟာ ရန်ကုန်တိုင်းကဖြစ်ပါတယ်။ ကျန်တစ်ဦးကတော့ စစ်ကိုင်းတိုင်း မုံရွာက ခြောက်လအရွယ် ကလေးတစ်ဦး ဖြစ်ပါတယ်။
ကျန် H1N1ရောဂါ ဖြစ်ပွားနေလို့ စောင့်ကြည့်ကုသနေသူ ၁၂ ဦးအနက် တချို့ ဆေးရုံက ဆင်းသွားပြီး လက်ရှိ လေးဦးသာ ကျန်ရှိကြောင်းနဲ့ သူတို့ကို စောင့်ကြည့်ဆဲ ဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သီတာလှက ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
သေဆုံးသူတွေထဲမှာ အသက် ၆ လ အရွယ်ကလေးငယ်တစ်ဦးပါဝင်သလို ရောဂါအခံရှိသူတွေ လည်း ပါဝင်တာကြောင့် ရောဂါအခံရှိသူ ကိုယ်ခံအားနည်းနေသူတွေ အနေနဲ့ ကိုယ်ခံအားကောင်းအောင် စားသောက်နေထိုင်သင့်သလို နေထိုင်မကောင်းဖြစ်ရင်လည်း မပေါ့ဆသင့်ဘဲ ဆေးရုံဆေးခန်းကို သွားရောက် ကုသမှုခံယူသင့်တယ်လို့ ဒေါက်တာ သီတာလှက ပြောပါတယ်။
အခုလို လူသေဆုံးမှုတွေ ရှိလာတဲ့အတွက် ရက်ပိုင်း အတွင်း မှာပဲ H1N1 ကာကွယ်ဆေးထိုးသူတွေ ရုတ်တရက်များပြားလာပြီး ရန်ကုန်မြို့ပေါ်က ပုဂ္ဂလိကအထူးကုဆေးရုံကြီးတွေမှာ ဆေးယာယီ ပြတ်တောက်ခဲ့ပါတယ်။
ရာသီတုပ်ကွေး ကုသဖို့ ဆေးရုံကြီးတွေ တိုးချဲ့တဲ့အပြင် ရပ်ကွက်ထဲက ဆေးခန်းတွေမှာလည်း စောင့်ကြည့်တဲ့စနစ်ကို တစ်ဆင့်ချင်းတိုးချဲ့ ဆောင်ရွက်ဖို့ ညှိနှိုင်းပြင်ဆင်နေတယ်လို့ ရောဂါ ထိန်းချုပ်နိုင်ဖို့ ဆောင်ရွက်နေတဲ့အခြေအနေနဲ့ပတ်သက်ပြီး ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာန ကျန်းမာရေးနှင့်အသိပညာ မြှင့်တင်ရေး ဌာနခွဲ၊ အတွင်းရေးမှူး ဒေါ်ဖြူဖြူအေးက ဘီဘီစီကို ပြောပါတယ်။
တုပ်ကွေးဆန်တဲ့ရောဂါကို စောင့်ကြည့်ကုသတဲ့ဆေးရုံ ၂၀၁၇ ခုနှစ်မှာ ဆေးရုံ ခုနစ်ရုံရှိပြီး အခု ၁၅ ရုံ ရှိပြီလို့ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ H1N1ရောဂါကြောင့် ၂၀၁၇ ခုနှစ်မှာ သေဆုံးသူ ၃၈ ဦးရှိခဲ့ပြီး၂၀၁၈ခုနှစ်မှာ ရောဂါ ဖြစ်ပွားသူ တစ်ရာကျော်ရှိခဲ့ပေမဲ့ လူသေဆုံးမှုမရှိခဲ့ဘူးလို့ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့စာရင်းတွေမှာ ဖော်ပြ ထားပါတယ်။








