ကုလမှာ တိကျတဲ့ မူမရှိလို့ ရခိုင်အရေး ထိရောက်အောင် မကူညီနိုင်ခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာနိုင်ငံ အခြေစိုက် ကုလ သမဂ္ဂ အဖွဲ့အစည်းတွေရဲ့ လုပ်ပုံကိုင်ပုံ နည်းနာတွေ မှားယွင်းခဲ့တယ်၊ ဖွဲ့စည်းမှု စနစ် ယန္တရားအရကို အပြစ် အနာအဆာတွေ ရှိနေတယ်လို့ ဝေဖန်ထားတဲ့ အစီရင်ခံစာ တစ်စောင်ဇွန်လ ၁၇ ရက်နေ့ ရက်စွဲနဲ့ ထွက်လာပါတယ်။
ဒီ အစီရင်ခံစာကို ကုလသမဂ္ဂရဲ့ ထိပ်တန်း တာဝန်တွေ ထမ်းဆောင်ခဲ့ဖူးတဲ့ ဂွာတီမာလာ ဝါရင့် သံတမန် ဂတ်(ထ) ရိုဇင်ထဲလ် Gert Rosenthal က ရေးသားတာ ဖြစ်ပါတယ်။
၂ဝ၁ဝ ကနေ ၂ဝ၁၈ ကြား ကာလ အတွင်း မြန်မာနိုင်ငံထဲက ကုလသမဂ္ဂ အဖွဲ့အစည်းတွေ ဘယ်လို ပြုမူ လှုပ်ရှားခဲ့ကြလဲ ဆိုတာကို ဆန်းစစ် ထားတာ ဖြစ်ပါတယ်။
အဲဒီ ကာလဟာ ရခိုင်ပြည်နယ်ထဲ ပဋိပက္ခတွေ စတင် ဆိုးရွားလာပြီး၊ နောက်ဆုံး ရိုဟင်ဂျာတွေ အစုလိုက် အပြုံလိုက် ထွက်ပြေး သွားရတဲ့ အခြေအနေထိ ဆိုက်လာခဲ့တဲ့ အရေးကြီး ကာလ အပိုင်းအခြား ဖြစ်ပါတယ်။
လူ့အခွင့်အရေးတွေ အပြင်းအထန် ချိုးဖောက် ခံနေခဲ့ရတဲ့ ကိစ္စတွေပေါ် ကုလသမဂ္ဂရဲ့ တုံ့ပြန်မှုတွေဟာ မလုံလောက်ခဲ့ဘူး၊ မထိရောက်ခဲ့ဘူးလို့ အစီရင်ခံက သုံးသပ်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, UN Web TV
ဘယ်လို ချို့ယွင်းမှုတွေ ရှိခဲ့လဲ
အဓိက အပြစ်အနာအဆာ နှစ်ခုကတော့ မြန်မာ အစိုးရနဲ့ကြား ထိရောက်တဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်နိုင်ခဲ့ခြင်း မရှိသလို၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အပေါ် လုံးဝ လက်သင့်မခံတဲ့ ကုလသမဂ္ဂရဲ့ အခြေခံမူတွေကိုလည်း မြန်မာအစိုးရ ပိုပြီး နားလည် သဘောပေါက်အောင် မစွမ်းဆောင် နိုင်ခဲ့ဘူးလို့ ဆိုထားပါတယ်။
မြန်မာ အစိုးရနဲ့ကြား ဆက်ဆံရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အဖွဲ့အစည်းတွေ၊ တာဝန်ရှိ ပုဂ္ဂိုလ်တွေကြားထဲမှာကို မတူတဲ့ ချည်းကပ်မှုတွေ၊ နည်းနာတွေ ကွဲပြားနေခဲ့တယ်လို့ မစ္စတာ ရိုဇင်ထဲလ် သူ့ရဲ့ အစီရင်ခံစာထဲ ထောက်ပြ ပါတယ်။
မတူတဲ့ ချည်းကပ်မှုတွေလို့ ဆိုရာမှာ တချို့ကတော့ မြန်မာ အစိုးရနဲ့ ဆက်ဆံတဲ့ အခါ ဝေဖန်တာတွေ၊ အစိုးရ မကြိုက်တဲ့ စကားမျိုးတွေ ပြောတာမလုပ်ပဲ အလိုက်အထိုက် ဆက်ဆံတဲ့ သူတွေ ရှိခဲ့သလို၊ တချို့ကတော့ လူသိရှင်ကြား ပြစ်တင် ရှုတ်ချတာမျိုးတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီလို တပြေးညီ မရှိတဲ့ နည်းနာ ဟန်ပန်တွေဟာ ရခိုင်ပြည်နယ်ထဲက အခြေအနေတွေကို အကူအညီ မဖြစ်စေခဲ့ဘူးလို့ သုံးသပ်ထားပါတယ်။ အကြောင်းကတော့ ရခိုင်ပြည်နယ် အရေး ဘယ်လို အကူအညီ ပေးရမလဲ၊ အစိုးရနဲ့ကြား ဘယ်လို ဆက်ဆံရမလဲ စတာတွေနဲ့ ပတ်သက်ပြီး တစုတစည်းတည်း ရှိတဲ့ ဗျူဟာ လုပ်ငန်းစဉ်မျိုး မချမှတ် နိုင်ခဲ့လို့ ဖြစ်တယ်လို့ အစီရင်ခံစာက ထောက်ပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
ကုလတာဝန်ရှိသူတွေရဲ့ တုံ့ပြန်ချက်
ဒီ အစီရင်ခံစာ ထွက်လာတဲ့ အခါ၊ လက်ရှိ မြန်မာနိုင်ငံထဲ လှုပ်ရှား နေတဲ့ ကုလ တာဝန်ရှိသူတွေကို ဘီဘီစီက ဆက်သွယ်ပြီး၊ အခုလိုမျိုးတွေ အပြစ်အနာအဆာ ရှိနေခဲ့တယ်ဆိုရင် ပြင်ဆင်ပြီးပြီလား၊ ခုရော ထိရောက်တဲ့ မူဝါဒ လုပ်ငန်း လမ်းစဉ်တွေ ရှိနေပြီလား၊ မြန်မာ အစိုးရနဲ့ကြား ပူးပေါင်းဆောင်ရွက်နေတဲ့ အခြေအနေကရော ဘယ်လိုတွေ ရှိနေလဲ စတာတွေကို မေးမြန်း ခဲ့ပါတယ်။
မြန်မာနိုင်ငံထဲ ကုလသမဂ္ဂရဲ့ အကူအညီပေးရေး အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ပြောရေး ဆိုခွင့် ရှိတဲ့ စတန်နီဆလဗ် ဆေးလင်း Stanislav Saling ဘီဘီစီကို အီးမေးလ်ကနေ တဆင့် တုံ့ပြန် ဖြေဆို ခဲ့တာကတော့ ….
"မစ္စတာ ရိုဇင်ထဲလ် တင်သွင်းတဲ့ အစီရင်ခံစာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်ထော်ညူ ဂူထားရက်ရှ် လက်ခံ ရရှိခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီ ဆန်းစစ်ချက် အစီရင်ခံစာဟာ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက် ဒါမှမဟုတ် ကုလသမဂ္ဂ အဖွဲ့အစည်း တစ်ခုခုကို ရည်ရွယ် ပစ်မှတ်ထားပြီး ပြစ်တင် ရှုတ်ချတာမျိုး မဟုတ်ပါဘူး။ တကယ့် မြေပြင် အခြေအနေမှာ ကုလ အဖွဲ့အစည်းတွေ ဘယ်လို အလုပ်လုပ်ကြတယ်၊ အနာဂတ်မှာ ပိုပြီး ကောင်းမွန်လာဖို့ ဘယ်လို သင်ခန်းစာတွေ ရယူနိုင်တယ် ဆိုတာတွေကို ဆန်းစစ်ထားတာသာ ဖြစ်ပါတယ်။ ဒီ အစီရင်ခံစာထဲ ပါဝင်တဲ့ အကြံပြုချက်တွေဟာ ကုလသမဂ္ဂ စနစ် ယန္တရား ပိုပြီး တိုးတက်လာဖို့ ရည်ရွယ်ထားတယ် ဆိုတာကို အတွင်းရေးမှူးချုပ်ကိုယ်တိုင် အသိအမှတ် ပြုထားပါတယ်။"
စတန်နီဆလဗ် ဆေးလင်း ဘီဘီစီကို စာနဲ့ ရေးသား ဖြေဆို ထားတာ ဖြစ်ပါတယ်။
ကမ္ဘာပေါ် ထိပ်တန်း အကျဆုံး အဖွဲ့အစည်း ဆိုတဲ့ ကုလသမဂ္ဂဟာ မြန်မာ နိုင်ငံထဲမှာတော့ ခိုင်မာတိကျတဲ့ မူဝါဒနဲ့ ဗျုဟာမျိုးတွေ မရှိခဲ့ဘူး ဆိုတဲ့ အားနည်းချက်ကို အခု အခါမှာရော လုံလောက်အောင် ပြင်ဆင် ထားနှင့်ပြီလား ဆိုတာကိုတော့ မစ္စတာ ဆေးလင်း မဖြေဆို ခဲ့ပါဘူး။
တခါ၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ စတယ်ဖန် ဒူဂျာရစ် Stéphane Dujarric ပြောတာကတော့ …
"ဒီ ဆန်းစစ်မှုဟာ မြန်မာနိုင်ငံထဲ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ ကုလသမဂ္ဂ အရာရှိတွေ၊ အဖွဲ့အစည်းတွေ အတွက် အင်မတန် တန်ဖိုး ရှိပါတယ်။ ဒါတင်မက အလားတူ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ ရှိနေတဲ့တခြား တိုင်းပြည်တွေထဲက ကုလ အဖွဲ့အစည်းတွေ အတွက်ပါ အသုံးဝင်မှာ ဖြစ်ပါတယ်။ အစီရင်ခံစာပါ အကြံပြုချက်တွေ အတိုင်း တာဝန်ခံမှု၊ တာဝန်ယူမှုတွေ ပိုရှိလာအောင်၊ လုပ်ငန်းတွေကို ပိုပြီး ထိထိရောက်ရောက် အကောင်အထည် ဖော်နိုင်လာဖို့ ယုံကြည်ထားတယ်။"

ဓာတ်ပုံ ရင်းမြစ်, UNDP
အငြင်းပွားဖွယ် ဒက်ဆာလီယန် ချည်းကပ်ပုံ
အစီရင်ခံစာ ရေးသားတဲ့ မစ္စတာ ရိုဇင်ထဲလ် ကတော့ သူ့ရဲ့ စုံစမ်းခဲ့မှုတွေ အတွင်း လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက် အပေါ် ပစ်မှတ် မထားခဲ့ဘူးလို့ ဆိုပေမယ့်၊ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ ဌာနေ ကိုယ်စားလှယ် ဖြစ်ခဲ့ဖူးတဲ့ ရီနားတား လော့ခ်- ဒက်ဆာလီယန် Renata Lok-Dessallien နဲ့ ပတ်သက်ပြီး ဘယ်လို အငြင်းပွားဖွယ်ရာတွေ ဖြစ်ခဲ့လဲ ဆိုတာကိုတော့ ထည့်သွင်း ဖော်ပြ ထားပါတယ်။
ကုလသမဂ္ဂရဲ့ ဖွံ့ဖြိုးရေး အစီအစဉ်တွေ မထိခိုက် စေရအောင် မစ္စ လော့ခ်- ဒက်ဆာလီယန်ဟာ ရိုဟင်ဂျာတွေ ဘယ်လို ပစ်မှတ် ထားခံ နေရလဲ ဆိုတာကို လျှော့ပေါ့ပြီး ပြောဆိုခဲ့တယ် ဆိုတဲ့ စွပ်စွဲမှုတွေ ပေါ်ထွက်ခဲ့ပါတယ်။
မစ္စ လော့ခ်- ဒက်ဆာလီယန်ဟာ ရည်ရွယ်ချက် ရှိရှိ အခြေအနေကို အရေးမကြီးသယောင် ပြောဆို ခဲ့ကြောင်း ထွက်ဆို ကြသူတွေ အများအပြား ရှိနေတယ်လို့ အခု အစီရင်ခံစာထဲ အသိအမှတ်ပြု ရေးသား ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
လုံခြုံရေးကောင်စီလည်း မြန်မာအရေးမှာ တာဝန်ရှိ
မစ္စတာ ရိုဇင်ထဲလ် ထောက်ပြတဲ့ နောက်တစ်ချက်ကတော့၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အကောင်အထည် ဖော်လိုတဲ့ အရာတွေ အထမြောက်လာဖို့ အတွက် လုံခြုံရေး ကောင်စီမှာလည်း တာဝန်ရှိတယ်လို့ ဆိုထားပါတယ်။
မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး တိကျတဲ့ ဆုံးဖြတ်ချက်တွေ လုံခြုံရေး ကောင်စီထဲ မချမှတ် နိုင်တာကို ရည်ညွှန်းတာ ဖြစ်ပါတယ်။
ရှေ့လျှောက်လည်း ကုလ အတွင်းရေးမှူးချုပ် အနေနဲ့ မြန်မာနိုင်ငံ အရေး ကိုင်တွယ်ဖို့ရာမှာ လုံခြုံရေး ကောင်စီရဲ့ ကျောထောက်နောက်ခံ ပြုမှုတွေ လိုအပ်ဦးမှာ ဖြစ်တယ်ဆိုပြီး မစ္စတာ ရိုဇင်ထဲလ်က သူ့ရဲ့ အစီရင်ခံစာထဲ ပြောထားပါတယ်။









