ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သားသမက် နာရေး ဒေါ်အောင်ဆန်းစုကြည် ဝမ်းနည်းကြောင်း စာပို့ အပါအဝင် မနက်ခင်းသတင်းများ

ရေးသားခဲ့သည်။

လက်ရှိ အစိုးရလက်ထက် သတင်းသမား ၅၀ကျော် တရားစွဲခံထားရ

NLD အစိုးရလက်ထက်မှာ သတင်းသမားတွေကို တရားစွဲဆိုထားတဲ့ အမှုပေါင်း ၃၆ မှုကျော်ရှိပြီး သတင်းသမား (၅၂) ယောက် တရားရင်ဆိုင်နေရတယ်လို့ အသံအဖွဲ့ (လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှု အဖွဲ့) က ထုတ်ပြန်ထားပါတယ်။

အခုလို တရားစွဲဆိုမှုများတွင် အစိုးရဝန်ထမ်းများက သတင်းသမားများအပေါ် စွဲဆိုထားတဲ့ အမှု (၂၀) ၊ တပ်မတော်က စွဲဆိုထားတဲ့ အမှု (၆)မှု အပြင် တခြားလူများက စွဲဆိုထားတဲ့ အမှု (၁၀)မှုတို့ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

သတင်းသမားတွေကို တရားစွဲဆိုရာမှာ ဆက်သွယ်ရေး ဥပဒေကို အသုံးပြုတာ အများဆုံးဖြစ်ပြီး မတရားသင်းဥပဒေ၊ နိုင်ငံတော် လျို့ဝှက်ချက်ဥပဒေနဲ့ ရာဇသတ်ကြီး ပုဒ်မ ၅၀၀၊ ၅၀၅ (ခ) တို့ပါဝင်ပါတယ်။

ခုနောက်ပိုင်း မီဒီယာဥပဒေနဲ့လည်း တရားစွဲဆိုမှုတွေ ရှိတယ်လို့ အသံအဖွဲ့က ပြောဆိုထားပါတယ်။

အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေသားသမက် ဈာပန တက်တဲ့ဓာတ်ပုံ ပြန့်နှံ့

သားသမက် တစ်ဦးဖြစ်တဲ့ အငြိမ်းစား ဗိုလ်မှူးချုပ် သိန်းနိုင်ရဲ့ ဈာပန ကို တက်ရောက်ခဲ့တဲ့ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ဓာတ်ပုံတွေဟာ လူမှုကွန်ရက်တွေမှာ ပြန့်နှံ့ခဲ့ပါတယ်။

အဲဒီဓာတ်ပုံတွေဟာ ဦးသန်းရွှေရဲ့မြေးဖြစ်သူ နေရွှေသွေးအောင် ရဲ့ဖေ့စ်ဘုတ်ပေါ်ကနေ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

ဇွန်လ ၁၅ ရက်နေ့ ညနေပိုင်းက ထွက်ပေါ်ခဲ့ဓာတ်ပုံတွေထဲမှာ မိသားစုဝင်တော်တော်များများက ဈာပနကို တက်ရောက်ကြတာ တွေ့ရပါတယ်။ အထူးသဖြင့် အငြိမ်းစားယူသွားပြီဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဇနီးကို ပြန်လည်တွေ့မြင်ရတာဖြစ်ပါတယ်။

နေပြည်တော်က အဲဒီ အသုဘ အခမ်းအနားမှာ လက်ရှိ တပ်မတော် ခေါင်းဆောင်ပိုင်း ထဲက တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို မတွေ့ရပေမယ့် ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဗိုလ်ချုပ်ကြီး မြတ်ထွန်းဦး၊ ကာကွယ်ရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းနဲ့ ပြည်ထဲရေး ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ တို့ အပါအဝင် တပ်မတော် ခေါင်းဆောင်တချို့ကို အရပ်ဝတ်နဲ့ တက်ရောက်တာကို တွေ့ရတယ်လို့ အခမ်းအနား တက်ရောက်သူ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ကွယ်လွန်သူ ဗိုလ်မှူးချုပ်သိန်းနိုင်ဟာ ရိုးရိုးရှင်းရှင်းနေတတ်သူဖြစ်ပြီး စစ်တက္ကသိုလ် အပတ်စဉ် (၂၀) ဆင်းဖြစ်တယ်လို့ အပတ်စဉ်တူ သူ့မိတ်ဆွေ တစ်ချို့က ဘီဘီစီကို ပြောပါတယ်။

ဗိုလ်မှူးချုပ်ဟောင်းသိန်းနိုင် ကွယ်လွန်တာနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ထိုးပြီး ကိုယ်တိုင် လက်ရေးနဲ့ ရေးသားထားတဲ့ ဇွန်လ ၁၄ ရက်နေ့ ရက်စွဲပါ စာရဲ့ ဓာတ်ပုံကို ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ ရဲ့ မြေး ဖြစ်သူ နေရွှေသွေးအောင် ရဲ့ ဖေ့စ်ဘုတ်လူမှုကွန်ရက် Nay Shwe Thway Aung စာမျက်နှာမှာ ဇွန်လ ၁၅ ရက်နေ့ ညနေပိုင်းမှာ ဖော်ပြထားတာပါ။

စာမှာ ကွယ်လွန်သူ အတွက် ဆုမွန်ကောင်း တောင်းပေးထားတဲ့ အပြင် ဦးသန်းရွှေနဲ့ မိသားစု ဝင်အားလုံး ကျန်းမာစွာဖြင့် နှလုံး စိတ်ဝမ်း အေးချမ်းစေကြာင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ရေးသားထားပါတယ်။

အရင် စစ်ခေါင်းဆောင်တွေထဲက သမ္မတ ဟောင်း ဗိုလ်ချုပ်ကြီး အငြိမ်းစား ဦးသိန်းစိန်၊ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဟောင်း ဦးတင်အေး အစရှိတဲ့ ခေါင်းဆောင် ပိုင်းတချို့ တက်ရောက်တယ်လို့လည်း ပြောပါတယ်။

ဒေါဆိုရှေးကျေးရွာသားတစ်ချို့ကို တပ်မှ အမှုဖွင့်

ကယားပြည်နယ် ဒီမောဆိုမြို့နယ် ဒေါဆိုရှေးကျေးရွာက ရွာသားတစ်ချို့ကို အကျိုးဖျက်ဆီးမှု ၊ ပိုင်နက်ကျုးလွန်မှုတို့နဲ့ ဒေသ အခြေစိုက် အမြောက်တပ်က အမှုဖွင့်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလက်ရှိအခြေအနေအနေမှာ ဒေသခံ အမြောက်တပ်ရဲ့ တိုင်ကြားမှုအရ ရဲဘက်က အမှုတည်ဆောက် စစ်ဆေးနေဆဲဖြစ်တယ်လို့ ကရင်နီပြည် တောင်သူလယ်သမား သမဂ္ဂ ဥက္ကဌ ခူးတူးရယ်က ဘီဘီစီကို ပြောပါတယ်။

ရွာသားတွေနဲ့ စစ်တပ်ကြား အငြင်းပွားနေတဲ့ နယ်မြေဟာ အရင်ကတည်းက ဒေါဆိုရှေးကျေးရွာသားတွေရဲ့ မြေနေရာဖြစ်ပြီး စစ်ကြောင်းတွေ အခြေစိုက်မှုကြောင့် ၁၉၈၉ ခုနှစ်မှာ ဖယ်ပေးခဲ့ရကြောင်းနဲ့ အဲဒီနေရာကို ရွာသားတွေက စိုက်ပျိုးမြေ အဖြစ် ပြန်လာ စိုက်ပျိုးတာကြောင့် အခုလို ပြဿနာဖြစ်ရတယ်လို့ ခူးတူးရယ်က ရှင်းပြပါတယ်။

ရွာသားတွေနဲ့ စစ်တပ်ကြား နှစ်စဉ် ဒီလို မြေယာအငြင်းပွားမှုတွေရှိပြီး ရွာသားတွေဖက်က ပြောင်းဖူး၊ စပါးနဲ့ မြေပဲ အစရှိတဲ့ သီးနှံတွေကို စိုက်ပျိုးလေ့ရှိပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ တပ်မတော်သတင်းမှန်နဲ့ ပြန်ကြားရေးကတော့ အခုဖြစ်စဉ်နဲ့ ပတ်သက်လို့ မသိရှိရသေးဘူးလို့ ပြောပါတယ်။

အခုလက်ရှိ ဝင်လုပ်နေတဲ့ တောင်သူတွေအနေနဲ့ စစ်တပ်က သိမ်းယူထားတာ မသိကြသလို အခုချိန်မှာလဲ လာရောက်တားတာတွေရှိပေမယ့် ဖမ်းဆီးတာတော့မရှိဘူးလို့ ဒေါဆိုရှေးရွာသူ ကားစပါးရယ်က ဘီဘီစီကို ပြောပြပါတယ်။

ရွာသားတွေအနေနဲ့ လုပ်ကိုင်စားစရာမြေမရှိတာရယ်။ ဘိုးဘွားလက်ထက်ကတည်းက စိုက်ပျိုး စားသောက်ခဲ့တဲ့ နယ်မြေဖြစ်တာရယ်ကြောင့် ဖယ်ရှားပေးဖို့ ဆန္ဒမရှိဘူးလို့ ဒေါဆိုရှေးရွာဒေသခံတွေက ပြောခဲ့ပါတယ်။