ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ - ၂၀၁၈ မှာ သတင်းသမားဘယ်နှယောက် သေဆုံးခဲ့လဲ

    • ရေးသားသူ, ဘီဘီစီ Reality Check အဖွဲ့
    • ရာထူးတာဝန်, BBC News
  • ရေးသားခဲ့သည်။

ပြီးခဲ့တဲ့နှစ် ၂၀၁၈ ခုနှစ်အတွင်းမှာ ကမ္ဘာတဝန်းက သတင်းသမားပေါင်း အနည်းဆုံး ၉၅ ယောက် သူတို့အလုပ်တာဝန် ထမ်းဆောင်ရင်း အသက်ဆုံးခဲ့ရတယ်လို့ အပြည်ပြည်ဆိုင်ရာ သတင်းထောက်များအဖွဲ့ချုပ်(IFJ) က ပြောပါတယ်။ဒီအရေအတွက်ဟာ ပြီးခဲ့တဲ့ တစ်နှစ် ၂၀၁၇ ကထက် တိုးလာတာဖြစ်ပေမယ့် အီရတ်နဲ့ ဆီးရီးယားမှာ တိုက်ပွဲတွေ ဖြစ်နေတဲ့ အရင်နှစ်ပိုင်းတွေနဲ့ စာရင်တော့ နည်းသွားတယ်လို့ ပြောနိုင်ပါတယ်။

သတင်းသမားတွေ အများဆုံး အသက်ဆုံးခဲ့ရတဲ့ နှစ်ကတော့ ၂၀၀၆ ပါ။ ၁၅၅ ယောက် သေဆုံးခဲ့ပါတယ်။အဲဒီအရေအတွက်က သတင်းထောက်တွေချည်းတော့ မဟုတ်ပါဘူး။ သတင်းမီဒီယာအဖွဲ့အစည်းမှာ လုပ်ကိုင်နေသူ အားလုံး ပါပါတယ်။

၂၀၁၈မှာ အသတ်ခံတဲ့ သတင်းသမားတွေထဲမှာ တစ်ကမ္ဘာလုံးက အာရုံစိုက်ခံလိုက်ရသူကတော့ ထင်ရှားတဲ့ ဆော်ဒီနိုင်ငံသား သတင်းသမား ဂျာမဲလ်ဟာရှော့ဂျီပါ။ သူဟာ အောက်တိုဘာလထဲမှာ တူရကီက ဆော်ဒီကောင်စစ်ဝန်ရုံးကို သွားခဲ့အပြီးမှာပဲ အသတ်ခံလိုက်ရတာ ဖြစ်ပါတယ်။

အဲဒီ ဖြစ်ရပ်ကြောင့် တူရကီနဲ့ ဆော်ဒီအာရေဗျနှစ်နိုင်ငံအကြား သံတမန်ရေး ပဋိပက္ခကြီး ဖြစ်ခဲ့ပြီး နိုင်ငံတကာကလည်း ဆော်ဒီအစိုးရကို ပြင်းပြင်းထန်ထန် ပြစ်တင် ရှုတ်ချခဲ့ကြပါတယ်။ ၂၀၁၉ ဧပြီလထဲမှာလည်း ယူကေက မြောက်အိုင်ယာလန်မှာ အဓိကရုဏ်းတစ်ခုအကြောင်း သတင်းလိုက်နေတဲ့ အမျိုးသမီးသတင်းထောက် လိုင်ရာမက်ကီး လမ်းပေါ်မှာပဲ ပစ်သတ်ခံလိုက်ရပါတယ်။ မြောက်အိုင်ယာလန်က စစ်သွေးကြွအဖွဲ့တစ်ဖွဲ့က ဒါ သူတို့ လက်ချက်လို့ ထုတ်ပြောထားပါတယ်။

အန္တရာယ်အများဆုံးက ဘယ်နေရာပါလဲ။

အာဖဂန်နစ္စတန်ဟာ သတင်းသမားတွေအတွက် အသက်အန္တရာယ်အများဆုံး နိုင်ငံတစ်ခု ဖြစ်နေဆဲပါ။ မနှစ်က အဲဒီမှာ သတင်းသမား ၁၆ ယောက်အသက်ဆုံးခဲ့ပါတယ်။

မြို့တော် ကာဘူးမှာ ဗုံးခွဲတိုက်ခိုက်မှု တစ်ခုအကြောင်း သတင်းသွားယူတဲ့ သတင်းထောက်တွေကိုယ်တိုင် ပေါက်ကွဲမှုနဲ့ ရင်ဆိုင်လိုက်ရပြီး အာဖဂန်သတင်းသမား ကိုးယောက်အသက်ဆုံးခဲ့ပါတယ်။ တစ်ကြိမ်ထဲနဲ့ သတင်းသမား အများဆုံး သေဆုံးရတဲ့ ဖြစ်ရပ်ပါ။

အဲဒီအချိန်က သတင်းသမားတစ်ယောက် အယောင်ဆောင်လာတဲ့ ဗုံးခွဲသူက နောက်ထပ် ဖောက်ခွဲရေး ပစ္စည်းတစ်ခုကို ထပ်ဆင့်ဖောက်ခွဲလိုက်လို့ သတင်းထောက်တွေ သေဆုံးရတာပါ။

အာဖဂန်နစ္စတန်အရှေ့ပိုင်းက ခို့စ်ပြည်နယ်မှာလည်း တိုက်ခိုက်မှုတွေ ဆက်ဆိုက်ဖြစ်ခဲ့ပြီး ဘီဘီစီ သတင်းထောက် အာမက်ရှားသေဆုံးခဲ့ပါတယ်။

အမေရိကန်မှာလည်း မနှစ်က သတင်းသမားတွေ သေဆုံးရမှုရှိခဲ့ပါတယ်။

မေရီလန်းပြည်နယ်က ကက်ပီတယ်ဂဇက်တာသတင်းစာတိုက်ကို ပြီးခဲ့တဲ့ နှစ်ပိုင်းလောက်က မကျေနပ်လို့ တရားစွဲခဲ့ဖူးသူ တစ်ယောက်က သေနတ်နဲ့ ဝင်ပစ်လို့ သတင်းသမားနဲ့ ဝန်ထမ်း ငါးယောက်သေဆုံးခဲ့ပါတယ်။

သတင်းသမားတွေအတွက် တိုးများလာနေတဲ့ အန္တရာယ်တွေထဲမှာ သတင်းဖော်ပြချက်အပေါ် သည်းမခံ မကျေနပ်နိုင်ကြတာ၊ လူသိများအောင်လုပ်တာနဲ့ အကျင့်ပျက်လာဘ်စားကြတာ၊ ရာဇဝတ်မှုတွေတိုးလုပ်လာတာတွေ ပါဝင်တယ်လို့ အပြည်ပြည်ဆိုင်ရာသတင်းထောက်များအဖွဲ့ချုပ် အိုင်အက်ဖ်ဂျေကပြောပါတယ်။

ဒီလိုအချက်တွေကြောင့် သတင်းသမားတွေဟာ စစ်ပွဲတွေကို သတင်းယူဖော်ပြနေချိန်မှာထက် ကိုယ့်ပတ်ဝန်းကျင်၊ မြို့ရွာ သတင်းတွေကို ရယူဖော်ပြနေရင်းမှာပဲ ရန်ရှာခံရပြီး အသက်ဆုံးရတာတွေ ပိုများလာနေတာဖြစ်တယ်လို့ အိုင်အက်ဖ်ဂျေက ဆိုပါတယ်။

သတင်းသမားများကာကွယ်စောင့်ရှောက်ရေး ကော်မတီ (စီပီဂျေ) က နှစ်စဉ် ဒီဇင်ဘာလဆန်းတွေမှာ အကျဉ်းကျနေရတဲ့ သတင်းသမားတွေရဲ့ စာရင်းကို ပြုစုထုတ်ပြန်ပါတယ်။

အဲဒီစာရင်းမှာ သတင်းသမားဖြစ်ပြီး သတင်းလုပ်ငန်းလုပ်ဆောင်နေရင်း ထောင်ဒဏ်ကျခံရသူတွေပါဝင်ပါတယ်။

၂၀၁၈ မှာ သတင်းသမားတွေကို အကျဉ်းချမှု အများဆုံးနိုင်ငံတွေကတော့

  • တူရကီ ၆၈ ယောက်
  • တရုတ် ၄၇ ယောက်
  • အီဂျစ် ၂၅ ယောက်
  • ဆော်ဒီအာရေဗျ ၁၆ ယောက်
  • အီရစ်ထရီးယား ၁၆ ယောက်

မီဒီယာနဲ့ ဒီမိုကရေစီ

ဒီမိုကရေစီနိုင်ငံတွေမှာ လွတ်လပ်တဲ့ သတင်းမီဒီယာရဲ့ အခန်းကဏ္ဍက အထူးအရေးကြီးတဲ့အကြောင်း ကုလသမဂ္ဂက ဒီနှစ်ထဲမှာ အသိပညာပေး မီးမောင်းထိုးပြနေပါတယ်။ အထူးသဖြင့် ရွေးကောက်ပွဲကာလတွေ အတွင်းမှာပါ။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်ကလည်း ပွင့်လင်းမြင်သာပြီး ယုံကြည်စိတ်ချရတဲ့ သတင်းအချက်အလက်မရရှိဘဲ ဘယ်ဒီမိုကရေစီမှ မပြည့်စုံနိုင်ပါဘူးလို့ ပြောထားပါတယ်။

သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး ကော်မတီက ကော့တနီရက်ဒ်ရှ်က နိုင်ငံတော်တော်များများမှာ သတင်းမီဒီယာအပေါ် ရန်လိုမှုတွေတိုးပွားလာနေတာတွေ့ရတယ်၊ အထူးသဖြင့် ဖိလစ်ပိုင်နဲ့ အမေရိကန်မှာ တွေ့နေရတယ်လို့ ဆိုပါတယ်။

အင်တာနက်နဲ့ ဆိုရှယ်မီဒီယာတွေက သတင်းသမားတွေရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ပိုဆိုးစေတယ်လို့ သူက ဆက်ပြောပါတယ်။

အွန်လိုင်းပေါ်က ခြိမ်းခြောက်နှောက်ယှက်မှုတွေဟာ အထူးသဖြင့် အမျိုးသမီး သတင်းထောက်တွေအတွက် ရှိနှင့်ပြီးသား အခက်အခဲတွေကို ပိုမိုဆိုးဝါးသွားစေပါတယ်လို့ သူက ပြောပါတယ်။

နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) က ထုတ်ပြန်တဲ့ ကမ္ဘာ့နိုင်ငံ အသီးသီးရဲ့ မီဒီယာလွတ်လပ်မှု အဆင့်ညွှန်းကိန်းမှာ အမေရိကန်က အခြေအနေတွေဟာ ပြဿနာရှိနေတယ်လို့ ဖော်ပြထားပါတယ်။

အမေရိကန်မှာ အခုအချိန်လောက်တစ်ခါမှ သတင်းသမားတွေ အသက်အန္တရာယ်ခြိမ်းခြောက်ခံရတာမျိုး မကြုံခဲ့ရပါဘူး။ သတင်းသမားတွေဟာ ကိုယ့်လုံခြုံရေးအတွက် အစောင့်အရှောက်တွေငှားပြီး အသုံးပြုရတာလည်း အရင်က မကြုံရတဲ့ အခြအနေမျိုးပါလို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

RSF ရဲ့ ကမ္ဘာ့နိုင်ငံ အသီးသီးရဲ့ မီဒီယာလွတ်လပ်မှု အဆင့်ညွှန်းကိန်းမှာ အမေရိကန်က အဆင့်ကျသွားခဲ့ပါတယ်။ တခြား ဒီမိုကရေစီနိုင်ငံကြီးတွေဖြစ်တဲ့ အိန္ဒိယနဲ့ ဘရာဇီးတို့လည်း အဆင့်ကျသွားခဲ့ပါတယ်။

အရင်ကတည်းက မီဒီယာလွတ်လပ်မှု ဆိုးဝါးတဲ့ ဗင်နီဇွဲလား၊ တရုတ်နဲ့ ရုရှားတို့ကတော့ ပြီးခဲ့တဲ့ နှစ်က ပိုလို့တောင် အဆင့်တွေလျော့ကျသွားခဲ့တယ်လို့ RSF က ထုတ်ပြန်ထားပါတယ်။