ကေအိုင်အေကို ဆန့်ကျင်ကြောင်း လီဆူ တိုင်းရင်းသားတွေ မြစ်ကြီးနားမှာ ဆန္ဒဖော်ထုတ်

ဒီတောင်းဆိုချက်တွေ မရမချင်း ဥပဒေဘောင်ထဲကနေ တောင်းဆိုမယ်လို့ဆို
ဓာတ်ပုံ ပုံစာ, ဒီတောင်းဆိုချက်တွေ မရမချင်း ဥပဒေဘောင်ထဲကနေ တောင်းဆိုမယ်လို့ဆို
ရေးသားခဲ့သည်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA/KIO ကို ဆန့်ကျင်တဲ့ ဆန္ဒဖော်ထုတ်ပွဲတခုကို ဇွန်လ ၃ ရက်နေ့က မြစ်ကြီးနားမြို့မှာ လီဆူတိုင်းရင်းသားတွေက ကျင်းပခဲ့ပါတယ်။

လီဆူတိုင်းရင်းသားတွေကို KIA/KIO က လူမျိုးရေးအရဖိနှိပ်တာတွေ ရပ်တန့်ဖို့ အပါအဝင် တောင်းဆိုချက် ခြောက်ချက်ကို ဆန္ဒပြပွဲမှာ တောင်းဆိုကြပါတယ်။

KIA အနေနဲ့ လီဆူ တိုင်းရင်းသားတွေကို တရားဝင်တောင်းပန်ဖို့နဲ့ တပ်သားသစ်အတင်း အဓမ္မ မစုဆောင်းဖို့အချက်တွေကိုလည်း ဆန္ဒဖော်ထုတ်သူတွေက တောင်းဆိုကြတာဖြစ်ပါတယ်။

ဒီတောင်းဆိုချက်တွေ မရမချင်း ဥပဒေဘောင်ထဲကနေ တောင်းဆိုမယ်လို့ လီဆူအမျိုးသားဖွံဖြိုးတိုးတက်ရေး ပါတီ (ဒူးလေပါတီ) ဥက္ကဌ ဦးရွှေမင်း က ပြောပါတယ်။

လီဆူတိုင်းရင်းသား ရာဂဏန်း စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့
ဓာတ်ပုံ ပုံစာ, လီဆူတိုင်းရင်းသား ရာဂဏန်း စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့

၂၀၁၇ ခုနှစ်ကနေစပြီး KIA က လီဆူတိုင်းရင်းသား ၂၀ ကျော်ကို ဖမ်းဆီးသတ်ဖြတ်တာတာတွေရှိနေပြီး KIA က နှိပ်စက်လို့ ဒဏ်ရာရသူတွေလည်း ၂၀ ကျော်ရှိတယ်လို့ (ဒူးလေပါတီ) ဥက္ကဌ ဦးရွှေမင်းက ပြောပါတယ်။

ဆန္ဒဖော်ထုတ်ပွဲမှာ ကိုယ်တိုင်ပါဝင်တဲ့ မဂျေအားနာက "အခုလိုကျမတို့လီဆူလူမျိုးတွေ ကြွေးကြော်တာ ကတော့ တောထဲတောင်ထဲမှာ ရှာစားတဲ့ခါမှာအပြစ်မဲ့တဲ့သူတွေကို သတ်ဖြတ်ခြင်း၊ အမျိုးမျိုးနှိပ်စက်လို့ ကိုမနေနိုင်တော့လို့ကြွေးကြော်တာဖြစ်ပါတယ်" လို့ ဘီဘီစီကို ပြောပါတယ်။

ဒီဆန္ဒပြပွဲမှာ လီဆူတိုင်းရင်းသား ရာဂဏန်းပါဝင်ခဲ့ပြီး ရှမ်းတိုင်းရင်းသားတချို့လည်း ပါဝင်ခဲ့ကြပါတယ်။

လီဆူတိုင်းရင်းသားတွေအနေနဲ့ အခုလို မြစ်ကြီးနားမြို့ မှာ KIA/KIO ကို ဆန္ဒဖော်ထုတ်တာဟာ ဒုတိယအကြိမ်ဖြစ်ပြီး၂၀၁၇ခုနှစ်မေလကလည်း ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

ရှမ်းတိုင်းရင်းသားတချို့လည်း ပါဝင်ခဲ့
ဓာတ်ပုံ ပုံစာ, ရှမ်းတိုင်းရင်းသားတချို့လည်း ပါဝင်ခဲ့